သေဒဏ်ကျခံ အမျိုးသမီး

A d v e r t i s e m e n t With Us

January 13, 2021

အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်

အမေရိကန်နိုင်ငံမှာ သေဒဏ်စီရင်ချက်ချခံထားရတဲ့ လူသတ်သမား အမျိုးသမီးအကျဉ်းသူတစ်ဦးဖြစ်တဲ့ လီဆာမောင့်ထ်ဂိုမေရီကို  ဇန်နဝါရီ ၁၃ ရက်မှာ ကွပ်မျက်လိုက်ပါတယ်။ တရားရုံးချုပ်က သူ့သေဒဏ်အတွက် နောက်ဆုံးအဆင့်တွေကို ရှင်းလင်းပေးခဲ့အပြီးမှာ ကွပ်မျက်လိုက်တာလို့ မီဒီယာသက်သေအဖြစ် ဆောင်ရွက်ခဲ့တဲ့ သတင်းထောက် တယောက်က ပြောပါတယ်။ အသက် ၅၂ နှစ်အရွယ် မောင့်ထ်ဂိုမေရီကို မနေ့က ဆေးထိုးသတ်ဖို့ ခွင့်ပြုရေး ပြည်ထောင်စုတရားရုံးအဆင့်ဆင့်မှာ ငြင်းခုံခဲ့ကြတာပါ။ မောင့်ထ်ဂိုမေရီဟာ ကာလကြာရှည် စိတ်ဝေဒနာကို ခံစားနေရလို့ ထောင်ဗျူရိုရဲ့ ဆရာဝန်တွေက ပထမဆုံးအကြိမ် ဆေးကုပေးရတဲ့သူဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူးလို့လည်း သူ့ရှေ့နေက ကြေညာချက် ထုတ်ပြန်ပါတယ်။ မောင့်ထ်ဂိုမေရီဟာ ၂၀၀၇ ခုနှစ်တုန်းက မစ်ဇူရီပြည်နယ်မှာ ၈ လအရွယ် ကိုယ်ဝန်ကို ဆောင်ထားရတဲ့ ဘော့ဘီဂျိုစတီးနက်ဇ်ကို ပြန်ပေးဆွဲပြီး လည်ပင်းညှစ်သတ်ခဲ့တာပါ။ အဲဒီနောက် ဗိုက်ထဲက သန္ဓေသားကိုလည်း ဖြတ်ထုတ်ခဲ့ပေမဲ့ ကလေးကတော့ မသေဘဲ အသက်ရှင်ခဲ့ပါတယ်။ မောင့်ထ်ဂိုမေရီကို သေဒဏ်စီရင်ရာမှာ စတင်းနက်ဇ်ရဲ့ ဆွေမျိုးတွေလည်း လာပြီး သက်သေပြုခဲ့ကြတယ်လို့ တရားရေးဌာနက ပြောပါတယ်။ မောင့်ထ်ဂိုမေရီဟာ ကလေးဘဝက သူ့ပထွေးနဲ့ သူငယ်ချင်းတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ထပ်ခါတလဲ အဓမ္မပြုကျင့်တာတွေကို ခံခဲ့ရအပြီးမှာ ခုလို ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်လို့ ထောင်ဒဏ် တသက်တကျွန်းသာ ကျသင့်တယ်လို့ သူ့ရှေ့နေတွေက ပြောရင်း သမ္မတထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ အရင်အပတ်က တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံမှာ အနှစ် ၇၀ နီးပါးအတွင်း အမျိုးသမီးတယောက်ကို ပထမဆုံးအကြိမ်အဖြစ်  သေဒဏ်ပေးပြီး ကွပ်မျက်မှု ဖြစ်ပါတယ်။
2 weeks Ago
Up