သေဆုံးသူ ၉ ဦး

March 19, 2021

အောင်ပန်းတွင် စစ်တပ်နှင့်ရဲက အကြမ်းဖက်ပစ်ခတ်သဖြင့် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရ ၂၀ ကျော်ရှိလာ

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှ ဒီကနေ့ မတ်လ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းနေရာမှာ ကနေ့ညနေ ၆ နာရီထိ သေနတ်သံမစဲဘဲ သေဆုံးသူဦးရေမှာလည်း အနည်းဆုံး ၉ ဦး နဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ထက်မနည်း ရှိနေပါတယ်။ 

ညနေ ၃ နာရီထိ သေဆုံးသူ ၃ ဦး ဆေးရုံက အတည်ပြုထားပြီး ညနေ ၄ နာရီလောက်မှာတော့ စစ်ဆေးရုံကနေ အလောင်း ၆ လောင်းလာယူကြဖို့ အကြောင်းကြားလာတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“ သေသွားတဲ့ ၆ ယောက်ကို အောင်ပန်းမှာရှိတဲ့ ၂/၇၀၀ စစ်ဆေးရုံမှာ လာထုတ်ခိုင်းနေတယ်၊ ရင်ခွဲရုံမှာတဲ့၊ အစကတော့ အဲဒီ ၆ ယောက်ကို ရဲစခန်းမှာထားတယ်၊ စခန်းမှာတော့ နာမည်စာရင်းနဲ့လူစာရင်းတွေရှိမယ်ပေါ့နော်၊ ကျနော်တို့ သွားမထုတ်ရင်သူတို့ဖာသူတို့သင်္ဂြိုဟ် ပစ်မယ်လို့လည်းပြောတယ်ခင်ဗျ၊  သူတို့ ၆ ယောက်ပါရင် အောင်ပန်းမှာ ၉ ယောက်သေပြီ၊ ဒဏ်ရာရတာလည်း ၂၀ ကျော်လာပြီ  ”

ဒဏ်ရာရထားသူတွေထဲက တချို့ကို အထက ၆ ကျောင်းနဲ့ ကလောဆေးရုံကို ပို့ထားပြီး တချို့က ဒဏ်ရာပြင်းထန်ကြောင်း  ရဲနဲ့စစ်တပ်ကလည်း မြို့လည်ခေါင်မှာ တပ်စွဲထားပြီး ညနေ ၆ နာရီထိ အပစ်ခတ်မရပ်သေးဘူးလို့ ဒေသခံက ပြောပါတယ်။

အောင်ပန်းမှာ  စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဖေဖော်ဝါရီ ၇ ရက်ကစတင်ခဲ့ပြီး နေ့တိုင်းနီးပါးဆန္ဒပြခဲ့ရာမှာ သပိတ်စစ်ကြောင်း ၃ ကြိမ်ဖြိုခွဲခံခဲ့ရပါတယ်။ ဒီကနေ့မှာတော့ အပြင်းထန်ဆုံး ထိခိုက်ဒဏ်ရာရသူအများဆုံးလည်း ဖြစ်ပါတယ်။

Photo Credit

1 month Ago

September 11, 2020

ဘိုကိုတာဆန္ဒပြပွဲအတွင်း သေဆုံးသူ ၉ ဦးရှိလာ၊ ၃၀၀ ကျော် ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာနဲ့ အနီးဝန်းကျင် ဆိုချာမြို့က ဆန္ဒပြပွဲအတွင်း  သေဆုံးသူ ၉ ယောက် ထက်မနည်း ရှိလာပါတယ်။  စက်တင်ဘာ ၁၀ ရက်က မြို့တော်ဘိုကိုတာမှာ  ဒုတိယမြောက်ညအဖြစ် အကြမ်းဖက် ဆန္ဒ ပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။   ဒီသတင်းပတ်အတွင်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားချိန်မှာ  သေဆုံးခဲ့တဲ့  ကလေး နှစ်ယောက်ဖခင်  ဟာဗီးယား အော်ဒိုနက်ဇ်အတွက် ဆန္ဒပြကြတာပါ။  အော်ဒိုနက်ဇ် သူငယ်ချင်း  ရိုက်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ရဲက  အော်ဒိုနက်ဇ်ကို ကျင်စက်နဲ့ ကြိမ်ဖန်များစွာ ခြောက်လှန်ခဲ့ပါတယ်။   စက်တင်ဘာ ၁၀ ရက်က ဆန္ဒပြပွဲမှာ  အရပ်သား ၁၇၅  ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၇ ယောက်  ဒဏ်ရာရခဲ့တယ်လို့ ဘိုကိုတာမြို့အာဏာပိုင်တွေက ဆိုပါတယ်။  ဒါ့အပြင် ကားဂိတ်တွေနဲ့ ပြည်သူပိုင်မော်တော်ယာဉ် ဒါဇင်နဲ့ချီ မီးရှို့ဖျက်ဆီးခံရတယ်လို့  ကိုလံဘီယာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 
7 months Ago
Up