သေဆုံးသူ ၈ သောင်း

January 10, 2021

ဗြိတိန်တွင် ကိုဗစ်-၁၉ ကူးစက်ခံ သေဆုံးသူ ၈ သောင်းကျော်ရှိလာ

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သေဆုံးသူ ဦးရေဟာ ဇန်နဝါရီ ၉ ရက်က အယောက် ၈ သောင်းကျော်သွားပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။  သောကြာနေ့က ၁ ရက်အတွင်း ကူးစက်ခံ သေဆုံးသူ အမြင့်ဆုံး စံချိန်သစ်တင်ခဲ့ပြီး စနေနေ့မှာတော့ တရက်တည်း သေဆုံးသူ ၁၀၃၅ ယောက် ရှိခဲ့တဲ့အတွက် စုစုပေါင်း ကူးစက်ခံ သေဆုံးသူဦးရေ ၈၀၈၆၈ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။   မြို့တော် လန်ဒန် အပါအဝင် ဗြိတိန် နိုင်ငံအတွင်း နေရာအများစုမှာ အသွားအလာပိတ်ဆို့ ကန့်သတ်မှု အပြည့်ချမှတ်ထားပါတယ်။  မြို့တော်လန်ဒန်က ဆေးရုံတွေမှာ လူနာတွေ လျှံမယ့်ဘေး ရှိနေပြီလို့ မြို့တော်ဝန်က ကြေညာပါတယ်။  နေ့စဉ်တရက်ကို အရေးပေါ်ခေါ်ဆိုမှု အကြိမ်ရေ ၉ ထောင်ထိ ရှိနေတာကို လူနာတင်ယာဉ် ဌာနက လက်ခံဖြေရှင်းနေရလို့ ဖိအားများနေတယ်၊ မီးသတ်သမားတွေပါ ကားမောင်းဖို့ ကူညီ နေရပြီး ရဲအရာရှိတွေပါ ပါဝင် ကူညီနေရတယ်လို့ ဆိုပါတယ်။  လန်ဒန်မြို့သားတွေကတော့ အလုပ်၊ စားစရာ ဝယ်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီ တောင်းဖို့နဲ့ တရက်တကြိမ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့သာ အပြင်ထွက်ဖို့ ခွင့်ပြုထားပါတယ်။  ဗြိတိန်ဟာ ကမ္ဘာ့ ပဉ္စမမြောက် ကူးစက်ခံ သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်နေပြီး ပြည်သူ ၆၇ သန်းထဲက ၃ သန်းကျော် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရပါတယ်။ 
10 months Ago
Up