သေဆုံးသူ ၇၀

July 15, 2021

တောင်အာဖရိက အကြမ်းဖက်လုယက်ဖျက်ဆီးမှုများအတွင်း သေဆုံးသူ ၇၀ ကျော်ရှိလာ

တောင်အာဖရိကနိုင်ငံမှာ လူအုပ်တွေက ရုံးတွေ၊ ဆိုင်တွေကို ဖျက်ဆီး လုယက်နေပြီး အကြမ်းဖက်လာတာ သီတင်းပတ်တပတ် ကြာချိန်အတွင်း ဇူလိုင် ၁၄ ရက် အထိ လူအယောက် ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်မှု ရပ်တန့်ဖို့ အစိုးရရဲ့ ဆော်သြချက်ကိုလည်း ဆန့်ကျင်အာခံ နေကြပါတယ်။ တောင်အာဖရိကနိုင်ငံမှာ လတ်တလောနှစ်တွေအတွင်း အဆိုးဆုံး မတည်ငြိမ်မှုအတွင်း ရာချီတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖျက်ဆီးခံရပြီး ကိုဗစ်-၁၉  ကပ်ရောဂါ တတိယလှိုင်းကို ဆေးရုံတွေက ရုန်းကန် ရင်ဆိုင် နေရတာပါ။

ရေနံချက် စက်ရုံတရုံလည်း  ပိတ်ပစ်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေး ရာမှာ အစစ်ခံဖို့ ပျက်ကွက်မှုနဲ့ သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားကို ထောင်ချလို့ အရင်အပတ်က စပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

လူမျိုးရေး ခွဲခြားတဲ့စနစ် အဆုံးသတ်ခဲ့ပေမယ့် ၂၇ နှစ်တာ ကာလ အတွင်း ခက်ခဲမှုတွေနဲ့ မညီမျှမှုတွေကြောင့် အထွေထွေဒေါသတွေ စုပုံ ပေါက်ကွဲရာက နောက်ပိုင်းမှာ လုယက် ရမ်းကားတဲ့အဆင့်က တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။

ဇူးမားရဲ့ဇာတိ ကွာဇူးလူးနာတယ် ခရိုင်အပြင် ဘဏ္ဍာရေးနဲ့ စီးပွားရေး အချက်အခြာ ဂျိုဟန်နာစဘက်မြို့အနားက ဂေါင်တန်ခရိုင်တွေ အပါအဝင် . မြို့တော်တော်များများမှာ ကုန်တိုက်တန်းတွေ ကုန်လှောင်ရုံတွေ လုယက် မီးရှို့ ခံရပါတယ်။

မတည်ငြိမ်မှု ထိန်းသိမ်းဖို့ ရဲအင်အားမလုံလောက်တာကို ကူညီဖို့ စစ်သားတွေကို လမ်းပေါ်မှာ တာဝန်ချ ထားတယ်လို့ ဒေသခံ ရုပ်သံကထုတ်လွှင့်ပါတယ်။ 

2 years Ago

November 6, 2020

ဗဟိုအမေရိကဒေသတွင်  ဟာရီကိန်းအီတာကြောင့် သေဆုံးသူ ၇၀ ကျော်ရှိ

ဟာရီကိန်းအီတာကြောင့် ဗဟိုအမေရိကဒေသက နိုင်ငံတွေမှာ  လူပေါင်း ၇၀ ကျော်သေဆုံးတယ်လို့   ရိုက်တာသတင်းအရ သိရပါတယ်။  မုန်တိုင်းနောက်ဆက်တွဲအနေနဲ့ နီကာရာဂွါနိုင်ငံမှာ မိုသည်း ရေကြီးပြီး  ဝါဝါဘာ ကမ်းရိုးတန်းဒေသမှာ နေအိမ်တွေ ပြားပြားဝပ်ပြိုလဲခဲ့ပါတယ်။  နှစ်များစွာအတွင်း အားအပြင်းဆုံး မုန်တိုင်း ဟာရီကိန်းအဆင့် ၄  အီတာဟာ နိုဝင်ဘာ ၃ ရက်က ၁ နာရီ မိုင် ၁၅၀ နှုန်းနဲ့  နီကာရာဂွါကို   ဝင်ရောက်ခဲ့ပါတယ်။  အဲဒီနောက် မုန်တိုင်းငယ်အဖြစ် အားပျော့သွားခဲ့ပြီး ကုန်းတွင်းပိုင်းနဲ့ အိမ်နီးချင်း ဟွန်ဒူးရပ်စ်ကို ဆက်လက် ဝင်ရောက်ခဲ့ပါတယ်။  အဲဒီနောက်  အီတာဟာ ပင်လယ်ထဲ ပြန်သွားပြီး  အပူပိုင်းမုန်တိုင်းအဖြစ် ပြန်အားကောင်း လာကာ လာမယ့်ရက်တွေအတွင်း  ကေးမန်းကျွန်း ၊ ကျူဘားနဲ့ ဖလော်ရီဒါတောင်ပိုင်းတို့ကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန်ဟာရီကိန်းစင်တာ  NHC က ကြိုတင်ခန့်မှန်းထားပါတယ်။ 
2 years Ago
Up