သေဆုံးသူ ၅၆ ဦး

January 26, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးအထိ ရှိလာ

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကစတဲ့ ကူးစက်တဲ့ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဇန်နဝါရီ ၂၅ ရက်ထိ စာရင်းအရ စုစုပေါင်း ၅၆ ယောက် ဖြစ်သွားပါပြီ။ တရုတ်နိုင်ငံတလွှား ကူးစက်ခံဦးရေ  ၂ ထောင်နီးပါး ရှိပြီလို့ တရုတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။  ဝူဟန်မြို့တွင်း လူ၊ တိရစ္ဆာန်နဲ့ ချောစာထုပ်တွေပါမကျန် အဝင်အထွက်ကို ပိတ်ထားခဲ့တာ အရင်သီတင်းပတ်ကတည်းကပါ။  လူဦးရေ ၅၉ သန်းရှိတဲ့ ဟူဘေးပြည်နယ် တပြည်နယ်လုံး နီးပါး သယ်ယူပို့ဆောင်ရေး ကန့်သတ်ချက်ကိုပါ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရပါတယ်။ ဇန်နဝါရီ ၂၅ရက်မှာတော့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အိမ်နီးချင်း ဟူနန်ပြည်နယ်ကိုပါ အဝင်အထွက် ပိတ်ဖို့ ပြင်ဆင်နေပါတယ်။  ဟူနန်ပြည်နယ်ရဲ့ မြို့တော်နဲ့ တရုတ်နိုင်ငံရဲ့ မြို့တော်က လေဆိပ်တွေမှာ လုပ်သားတွေက ဆိုက်ရောက်ခရီးသည် အားလုံးရဲ့ကိုယ်အပူချိန်ကို စစ်ဆေးခဲ့ပါတယ်။ တရုတ်နိုင်ငံထဲမှာ ဗိုင်းရပ်စ်သစ်ကူးစက်ခံ လူဦးရေ ၁၉၇၅ ယောက် ရှိပြီလို့ တရုတ်အာဏာပိုင်တွေက အတည်ပြုထားပါတယ်။  ဝူဟန်မြို့ကစတဲ့ ဒီဗိုင်းရပ်စ် ကူးစက်မှုဟာ ခုဆိုရင် ဟောင်ကောင်၊ မကာအို၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ နီပေါ၊ ပြင်သစ်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေထိ ကူးစက်ပျံ့နှံ့ ခဲ့ပြီးတဲ့အကြောင်း သက်ဆိုင်ရာနိုင်ငံတွေက အတည်ပြုထားပါတယ်။
2 years Ago
Up