သေဆုံးသူ ၃၀၅ ဦးရှိပြီ

February 2, 2020

ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၁ ဦးသေဆုံး၊ သေဆုံးသူ ၃၀၅ ဦးရှိပြီ

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် တရုတ်နိုင်ငံထဲမှာ သေဆုံးသူ ဦးရေဟာ ဖေဖော်ဝါရီ ၁ ရက် ညသန်းခေါင်ထိ ရတဲ့စာရင်းအရ ၃၀၄ ယောက် ရှိသွားပြီလို့ တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောပါတယ်။ တရုတ်ပြည်မကြီးမှာ ကူးစက်ခံအဖြစ် အတည်ပြုခံရသူ အရေအတွက်က အယောက် ၁၄၃၈၀ ရှိပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၂၄ နိုင်ငံထက် မနည်းမှာ ၁၄၅၅၄ ယောက် ကူးစက်ခံထားရပါတယ်။  ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂ ယောက်ရှိပြီး ဒုတိယမြောက် ကူးစက်ခံ အသက် ၄၄ နှစ်အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီ ၁ ရက်က သေဆုံးသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အတည်ပြုပါတယ်။ ဒါဟာ တရုတ်နိုင်ငံ ပြင်ပမှာ ပထမဆုံး လူသေဆုံးမှုပါ။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၃၀၅ ယောက် ရှိသွားပါပြီ။  စပိန်နိုင်ငံမှာ ပထမဆုံး ကူးစက်ခံလူနာကို ကာနာရီကျွန်းစုက လာဂိုမေရာဆေးရုံမှာ ဖေဖော်ဝါရီ ၁ ရက်က သီးခြားခွဲထားပါတယ်။ လူနာဟာ စပိန်နိုင်ငံကို သူငယ်ချင်း ၅ ယောက်နဲ့အတူ အလည်အပတ် မလာခင်က ဂျာမနီနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ အင်မတန် နီးနီးကပ်ကပ် နေခဲ့တဲ့ ဂျာမန်နိုင်ငံသား ဖြစ်တယ်လို့ စပိန် အာဏာပိုင်တွေက ပြောပါတယ်။ ဗြိတိန်နိုင်ငံထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၂ ယောက်ထဲက တယောက်ဟာ ယော့ခ် တက္ကသိုလ်ကျောင်းသား ဖြစ်တယ်လို့ တက္ကသိုလ်က ဖေဖော်ဝါရီ ၁ ရက်မှာ အတည်ပြုပါတယ်။  ဒီကိစ္စကို ကျောင်းသားတွေဆီ ကျောင်းက အီးမေးလ်နဲ့ အကြောင်းကြား အသိပေးခဲ့တယ်လို့ ကျောင်းသားတချို့က ပြောပါတယ်။ တက္ကသိုလ်ကိုတော့ ဆက်ဖွင့်ထားပြီး ပုံမှန်ကျောင်းဖွင့်နေတယ်လို့ တက္ကသိုလ်ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။  လူနာတွေကိုတော့ နယူးကတ်စ်တယ်မြို့က ကူးစက်ရောဂါအထူးကုဆေးရုံဆီ ရွှေ့ပြောင်း ကုသပေးနေတယ်လို့ ကျန်းမာရေးအကြီးအကဲတွေက ဇန်နဝါရီ ၃၁ ရက်မှာ အတည်ပြုပါတယ်။  အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့မှာ ကူးစက်ခံ ၈ ယောက်စီ ရှိနေပြီလို့ အတည်ပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်က စီအန်အန်သတင်းဌာနက အစီရင်ခံပါတယ်။  နိုင်ငံပေါင်း ၂၀ နီးပါးမှာ ကူးစက်ခံ လူနာတွေ တွေ့ထားကြောင်း အတည်ပြုအပြီးမှာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ဗိုင်းရပ်စ်ကူးစက်မှုကို နိုင်ငံတကာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
1 year Ago
Up