သေဆုံးသူ ၂ သိန်း

September 17, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော်ရှိလာ

တကမ္ဘာလုံးက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးနဲ့ ကာကွယ်ဆေး ရှာတွေ့နိုင်ရေး အားသွန်ခွန်စိုက် ကြိုးစားနေချိန်မှာ ဒီနေ့မနက်အထိ အတည်ပြုထားတဲ့ ကိန်းဂဏန်း တွေအရ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံ သေဆုံးသူဦးရေဟာ အယောက် ၂ သိန်းကျော်သွားပြီလို့ သိရပါတယ်။ ကပ်ဘေးကာလတလျှောက် ကိုရိုနာဗိုင်းရပ်စ်ရဲ့ပြင်းအားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လျှော့ပြောလာခဲ့တဲ့အချက်ကို ဖော်ထုတ်ခံခဲ့ရပါတယ်။  ထရမ့်ကတော့ သူ့နိုင်ငံသားတွေကြား ထိတ်လန့်တကြားဖြစ်တာကို လျှော့ချဖို့ နည်းလမ်းအနေနဲ့ ပြောခဲ့တာလို့ တုံ့ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်လောက် ကူးနိုင်၊ သေနိုင်တယ်ဆိုတာ ထရမ့်က ဖေဖော်ဝါရီလက အသိအမှတ်ပြုခဲ့ပြီး လူတွေ ထိတ်လန့်တကြားဖြစ်အောင် မဖန်တီးချင်လို့ လျှော့ပြောခဲ့တယ်ဆိုတာ ပြသထားတဲ့ အသံဖိုင်တွေကို CNN သတင်းဌာနက ရခဲ့သလို သတင်းထောက် ဘော့ဘ် ဝုဒ်ဝါ့ဒ်ကလည်း Rage ဆိုတဲ့ နာမည်နဲ့ စာအုပ်သစ် တအုပ်ထုတ်ဝေခဲ့ပါတယ်။  အဲဒီနောက်မှာ အိမ်ဖြူတော်က ခုလို မှတ်ချက် ထုတ်ပြောခဲ့တာပါ။  မေလ ၂၇ ရက်က ကူးစက်ခံ သေဆုံးသူအယောက် ၁ သိန်းပြည့်ခဲ့အပြီးမှာ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နှုန်းက အရှိန်မြင့်တက်လာခဲ့ပါတယ်။  ခုတော့ အမေရိကန်ဟာ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ နဲ့ ကူးစက်ခံ သေဆုံးသူ အရေအတွက် ပိုမြင့်နေပြီး ကမ္ဘာ့ကူးစက်မှု စုစုပေါင်းရဲ့ လေးပုံတပုံထိ ရှိနေပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်မှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဒသမ ၈ သန်းကျော်၊ သေဆုံးသူ ၂ သိန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄ ဒသမ ၁ သန်းကျော်ရှိတယ်လို့ သိရပါတယ်။  
1 year Ago
Up