အမေရိကန်အစိုးရက ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေလို့ ကိုဗစ်-၁၉ ကမ္ဘာ့ ကူးစက်ရောဂါ ကပ်ဘေးကြောင့် အမေရိကန်ပြည်ထောင်စုမှာ လာမယ့်အောက်တိုဘာကျရင် သေဆုံးသူ ၂ သိန်း ၇ သောင်းလောက်အထိ ရှိလာနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်သုတေသီတွေက ဇွန်လ ၁၁ ရက်မှာ ခန့်မှန်းလိုက်ပါတယ်။
အောက်တိုဘာ ၁ ရက်အထိ နိုင်ငံတွင်းမှာ သေဆုံးသူနှုန်းဟာ ၁၃၃၀၀၀ ကနေ အမြင့်ဆုံး ၂ သိန်း ၉ သောင်းအထိ ရှိနိုင်မယ်လို့ တွက်ထားကြောင်း ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးတိုင်းတာမှုနဲ့ အကဲဖြတ် အင်စတီကျုရဲ့ ဒါရိုက်တာ ခရစ်စတိုဖာ မာရေးက ရှင်းပြပါတယ်။
စက်တင်ဘာလဆန်းပိုင်းမှာ စတင်မယ့် ရာသီအပြောင်းအလဲကြောင့်လည်း သေဆုံးနှုန်း တိုးနိုင်တယ်လို့ သူက ဆိုပါတယ်။
အသွားအလာ ပိတ်ဆို့တားမြစ်တဲ့ လော့ဒေါင်းကန့်သတ်ချက်တွေကို စောစောဖြေလျှော့ နေပေမဲ့ ပြည်နယ်တော်တော်များများမှ ကူးစက်ခံနှုန်း မြင့်မားလာနေပါတယ်။
နယူးမက္ကဆီကို၊ ယူတားနဲ့ အရီဇိုးနားပြည်နယ်တို့မှာ ပြီးခဲ့တဲ့ တနင်္ဂနွေအထိ ကူးစက်နှုန်း ၄၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာ ဒီနေ့ မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ သန်းကျော်နဲ့ သေဆုံးသူ ၁ သိန်း ၁ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
9 months Ago