သေဆုံးသူ ၁ သိန်းကျော်

October 13, 2020

အိန္ဒိယတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇ သန်းကျော်နှင့် သေဆုံးသူ ၁ သိန်းကျော် ရှိလာ

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၇ ဒသမ ၁ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ သိန်းကျော် ရှိလာပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံး အမေရိကန်နိုင်ငံရဲ့နောက် ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံ ဖြစ်နေခဲ့တာပါ။ တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူစုစုပေါင်း ၁ ဒသမ ၀၈ သန်းရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈ သန်းကျော်နဲ့ သေဆုံးသူစုစုပေါင်း ၂ သိန်းကျော် ရှိပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနိုင်ငံမှာတော့ မဟာရာ့ချ်ထရာ၊ အန်ဒရာပရာဒေ့ရှ်နဲ့ ကာနာတာကာပြည်နယ်တွေက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ အများဆုံးပြည်နယ်တွေဖြစ်ပြီး ရောဂါကူးစက်မှုအမြင့်ဆုံး မဟာရာ့ချ်ထရာ ပြည်နယ်မှာ လူဦးရေ ၁ ဒသမ ၅၃ သန်း ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ တရက်တည်းမှာတင် အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၅၃,၇၆၉ ယောက်နဲ့ သေဆုံးသူဦးရေ ၇၀၈ ယောက်ရှိခဲ့ပြီးနောက်မှာ စံချိန်တင်ကူးစက်မှု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)က ဒါကို နိုင်ငံတကာ အရေးပေါ်ကျန်းမာရေးကိစ္စအနေနဲ့ မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၂၅ ရက်ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ပ်ချ်အို) ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် မရခင်မှာ ရောဂါထိန်းချုပ်ရေးကို ညီညီညွတ်ညွတ် မလုပ်ဆောင်ပါက ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂ သန်းအထိ ရှိလာနိုင်တယ်လို့ ထပ်မံပြီး သတိပေးလိုက်ပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၅၇၈ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၄၉ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၅၀၄,၂၈၁ ယောက်၊ ၄၀၅,၄၃၇ ယောက်၊ ၃၇၉,၇၃၈ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ အောက်တိုဘာ ၁၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၂၉,၃၁၄ ယောက်၊ သေဆုံးသူ ၆၆၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၀,၂၆၀ ယောက် ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
7 months Ago
Up