သေဆုံးသူ ၁၇၀

January 30, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၇၀ ရှိပြီ

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကြောင့် သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၃၀ရက် မနက် ၁၁နာရီ ထိ ရထားတဲ့စာရင်းအရ အယောက် ၁၇၀ ရှိသွားပါပြီ။ လက်ရှိမှာတော့ ကမ္ဘာတလွှားနိုင်ငံပေါင်းအနည်းဆုံး ၁၇ နိုင်ငံမှာ ကူးစက်ခံဦးရေ ၇၈၉၃ ယောက် ရှိသွားပါပြီ။  တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ ခုတော့ တရုတ်ပြည်မကြီးက ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအားလုံးမှာ ကူးစက်ခံထားရပါတယ်။  ဝူဟန်က ပြန်လာပြီး ဖင်လန်နိုင်ငံကို ရောက်လာတဲ့  တရုတ်ခရီးသည် တယောက်ဆီမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာ တွေ့တယ်လို့ ဖင်လန်အစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ အတည်ပြုထား တယ်လို့ ဖင်းနစ်ရှ်ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဌာနက ပြောပါတယ်။  ကူးစက်ခံ လူနာကို ဖင်လန်မြောက်ပိုင်းက လက်ပ်လန်းဗဟိုဆေးရုံမှာ သီးခြားခွဲထားပြီး ကုသပေးနေတယ်၊ သူနဲ့ ထိတွေ့ကောင်း ထိတွေ့ခဲ့မယ့် လူ ၁၅ယောက်ကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်နေတယ်လို့ ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖင်လန်ရဲ့ လက်ပ်လန်းဒေသဟာ တရုတ်ခရီးသည်တွေကြား လူကြိုက်များတဲ့ ဆောင်းရာသီ အပန်းဖြေ စခန်းသာမြို့ပါ။  တရုတ်နိုင်ငံက လေကြောင်းခရီးစဉ်တွေက ခရီးသည် အများအပြားဟာ ဥရောပကိုလာဖို့ ဖင်လန်ရဲ့ ဟယ်လ်စင်ကီမြို့မှာ ခရီးတထောက် နားလေ့ ရှိပါတယ်။
1 year Ago
Up