ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ အီတလီက တရုတ်ကို ကျော်လွန်သွားပြီ ဖြစ်ပါတယ်။
Worldometer ဝက်ဘ်ဆိုက်မှာ မတ်လ ၂၀ ရက် ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ သေဆုံးသူ ၃,၄၀၅ ဦးရှိပြီး တရုတ်နိုင်ငံမှာ ၃,၂၄၈ ဦး ရှိပါတယ်။
မတ် ၁၈ ရက် တရက်တည်းတင် အီတလီမှာ သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပါတယ်။ တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့ပေမယ့် အခုဆို ထိန်းချုပ်နိုင်နေပါပြီ။
အီတလီကတော့ သီတင်း နှစ်ပတ်၊ သုံးပတ်အတွင်း လူ ၃၄၀၀ ကျော် သေပြီး တရုတ်ကို စံချိန် ချိုးခဲ့ပါတယ်။
တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှာ လူဦးရေ ၅၈ သန်းခွဲရှိပြီး အီတလီ တနိုင်ငံလုံးမှာ လူဦးရေ သန်း ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဒီနေ့မနက်ပိုင်းအထိ ၈၀၉၆၇ ဦးရှိပြီး အီတလီမှာတော့ ၃၁၀၃၅ ဦး ရှိပါတယ်။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အများဆုံးဖြစ်ပွားတဲ့ လွမ်ဘာဒီမြို့မှာ အလုပ်လုပ်နေသူ သူနာပြုတဦးကလည်း သေဆုံးသူတွေကို ရေတောင် မရေတွက်နိုင်တော့ဘူးလို့ မတ် ၁၉ ရက်မှာ ပြောခဲ့ပါတယ်။
မီလန်ဆေးရုံ သူနာပြု ဒန်နီရယ်လာ ကွန်ဖယ်လိုနယ်ရာက လွမ်ဘာဒီမြို့အခြေအနေကို ထိန်းချုပ်မရဘူးလို့ ပြောခဲ့ပါတယ်။
ကူးစက်ခံရသူအရေအတွက် အလွန်မြင့်မားပြီး သေဆုံးသူတွေကို မရေတွက်နိုင်တော့ဘူးလို့ သူနာပြု ကွန်ဖယ်လိုနယ်ရာက ပြောခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တချို့ ဆေးရုံကနေ ထွက်သွားတာကြောင့် ဝန်ထမ်းအင်အား မလုံမလောက်ဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေဟာ အရေးပေါ် အခြေအနေမှာ အလုပ်လုပ်နေရတယ်လို့ ကွန်ဖယ်လိုနယ်ရာက ပြောခဲ့ပါတယ်။
12 months Ago