သေဆုံးသူ၃၁ဦး

November 29, 2020

ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၃၁  ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၅၀၉ ယောက်နဲ့ သေဆုံးသူ ၃၁ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၃၁ ယောက်ထဲမှာ ၂၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၅,၂၂၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၅၀၉ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၃၂၂ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၇၈  ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၄၄ ယောက်  ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၉၇၅ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၉,၄၈၆ ယောက်၊ သေဆုံးသူ ၁,၉၁၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၈,၉၁၀ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၂ ဒသမ ၇  သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၃ ဒသမ ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
5 months Ago
Up