သေဆုံးသူများ

August 5, 2020

ဘိုလီးဗီးယားတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများကို ရွေ့လျားမီးသင်္ဂြိုဟ်စက်ဖြင့် သင်္ဂြိုဟ်ပေး

ဘိုလီးဗီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူတွေများပြားနေပြီး သုသာန် အဆောက်အအုံက အကန့်အသတ်ရှိတာမို့ ရွေ့လျားမီးသင်္ဂြိုဟ်စက်တွေနဲ့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးနေပါတယ်။ အထူးသဖြင့် ဆင်းရဲပြီး ကိုဗစ်-၁၉ ဆိုးဆိုးရွားရွား ဖြစ်ရာနေရာတွေမှာ ဒီရွေ့လျား မီးသင်္ဂြိုဟ်စက်ကို အသုံးပြုနေပါတယ်။ ဘိုလီးဗီးယားနိုင်ငံမှာ ရန်ပုံငွေ ပြတ်လပ်တာနဲ့ ဈာပနလုပ်ငန်းဝန်ဆောင်မှု မနိုင်နင်းတာကြောင့် ပြည်သူတွေဟာ ရောဂါပိုး မကူးအောင် ရုပ်အလောင်းတွေကို လမ်းပေါ် ပစ်ထားရတယ်လို့ ရွေ့လျားမီးသင်္ဂြိုဟ်စက် ကူညီတီထွင်သူ အင်ဂျင်နီယာက ဆိုပါတယ်။   ဆေးရုံတွေမှာ နာမကျန်းသူတွေပြည့်နေပြီး လူတွေဟာ အိမ်တွေမှာ ရုပ်အလောင်းတွေနဲ့အတူ နေရတာကြောင့် ရွေ့လျားမီးသင်္ဂြိုဟ်စက်လုပ်ငန်းဟာ စရိတ်စက သက်သာပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတရပ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။  ရွေ့လျားမီးသင်္ဂြိုဟ်စက်ဟာ ရုပ်အလောင်းတစ်ခုကို အမေရိကန် ဒေါ်လာ ၄၀ နဲ့ မိနစ်  ၅၀ ကနေ ၉၀ အတွင်း  သင်္ဂြိုဟ်ပေးနိုင်တယ်လို့ အင်ဂျင်နီယာတွေက  ပြောပါတယ်။  သမားရိုးကျ သင်္ဂြိုဟ်မယ်ဆိုရင်တော့ ဒေါ်လာ ၂,၀၀၀ လောက် ကုန်ကျမှာပါ။ လက်ရှိ ဘိုလီးဗီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈၁,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃,၂၀၀ ကျော် ရှိပါတယ်။ ဒီအရေအတွက်ဟာ အိမ်နီးချင်း ပီရူး၊ ချီလီ၊ ဘရာဇီးတို့နဲ့နှိုင်းစာရင် အရေအတွက် နည်းပါးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
9 months Ago

June 2, 2020

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများကို အီရတ်တောင်ပိုင်း နာဂျက်ဖှ်မြို့တွင် မြှုပ်နှံ

အီရတ်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူတွေကို မြှုပ်နှံတဲ့ တခုတည်းသော သင်္ချိုင်းဟာ နိုင်ငံတောင်ပိုင်း နာဂျက်ဖှ်မြို့မှာ ရှိပါတယ်။ တကိုယ်တော် ကာကွယ်ရေးဝတ်စုံပြည့်ဝတ်ထားတဲ့ စေတနာ့ဝန်ထမ်းတွေဟာ အလောင်းတွေကို ခေါင်းတလားထဲ မထည့်ခင် ဘာသာရေး ဓလေ့ထုံးတမ်းအရ ဆေးကြောပြီး ပိတ်စနဲ့ ရစ်ပတ်နေကြပါတယ်။ သင်္ချိုင်းမြေမှာ စခန်းချထားတဲ့ မြေကော်စက်တွေက အဆင်သင့် တူးထားတဲ့ ကျင်းတွေထဲကို ခေါင်းတလားတွေကို ချပေးကြရပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ အီရတ်မှာ ထင်ပေါ်ကျော်ကြားတဲ့ ပြည်သူ့စစ်အုပ်စုထဲက ဖြစ်ပြီး အီရတ်နိုင်ငံထဲက အိုင်အက်စ်စစ်သွေးကြွတွေကို နှစ်ပေါင်းများစွာ တိုက်ထုတ်ခဲ့ကြသူတွေပါ။ ခုတော့ မွတ်စလင် သင်္ချိုင်းနဲ့ ခရစ်ယာန်သင်္ချိုင်းတွေမှာပါ ကိုဗစ်-၁၉ ဓားစာခံတွေကို မြှုပ်နှံပေးနေကြပါတယ်။ အီရတ်မှာ ဖေဖော်ဝါရီလကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူ ၂၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ နေ့တိုင်း ၂ လောင်းကနေ ၄ လောင်းထိ လက်ခံ သင်္ဂြိုဟ်ပေးနေရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ သူ ဒီမှာ လုပ်နေတာကို မိသားစုဆီ ပြောလို့ မဖြစ်ဘူးလို့လည်း စေတနာ့ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဟာ လူသေအလောင်းတွေဆီကနေ ကူးစက်တဲ့ သက်သေ မရှိသေးပေမယ့် သူ ဒီအလုပ်လုပ်နေတာကို သိတဲ့ သူငယ်ချင်းတွေက သူ့ကို တွေ့ဖို့ တွန့်ဆုတ်နေကြတယ်လို့လည်း သူက ပြောပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတချို့နဲ့ ဒေသခံ ဘာသာရေး ခေါင်းဆောင်တွေက ဗိုင်းရပ်စ် ကူးစက်ခံ အလောင်းတွေကို ဒေသတွင်း သင်္ချိုင်းတွေမှာ အမြှုပ်ခံဖို့ ငြင်းဆန်နေကြပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ဓားစာခံ အလောင်းတွေဟာ သင့်တော်တဲ့ ဘာသာရေး ဝတ်ပြုမှု ထုံးတမ်းတွေ မပါဘဲ အမြှုပ်ခံနေရတယ်လို့ သူက ဆက်ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေဟာ မွတ်စလင်တွေ ဖြစ်ပေမယ့် ခရစ်ယာန်ညီအစ်ကိုတွေက ပြောတဲ့အတိုင်း ဈာပန အခမ်းအနားကို ဓလေ့ထုံးတမ်းနဲ့အညီ အရာအားလုံး လုပ်ပေးခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။
11 months Ago
Up