သေဆုံးလျက်တွေ့ရှိ

June 27, 2020

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသည့် တက္ကသိုလ်ကျောင်းသူကို သေဆုံးလျက်တွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ပေါ်မှာ ဇွန် ၂၅ ရက်နေ့ ညနေ ပိုင်းက ပျောက်ဆုံးသွားတဲ့ တက္ကသိုလ် ကျောင်းသူ ၁ ဦးကို ဒီနေ့မနက် သေဆုံးလျက် ပြန်တွေ့ပြီလို့ ဘားအံမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး တင်ထွန်းအောင်က ပြောပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ ကျောင်းသူရဲ့အလောင်းကို ပြန်လည်သယ်ဆောင်ရေး ဆောင်ရွက်နေတယ်လို့ ရဲမှူးက ဆိုပါတယ်။ ပျောက်ဆုံးခဲ့တဲ့ ကျောင်းသူဟာ ဇွန် ၂၅ ရက်နေ့ညနေပိုင်းက နေထိုင်ရာ အဆောင်ကနေ  ဇွဲကပင်တောင်ပေါ် တက်ရောက်သွားပြီးနောက် ပျောက်ဆုံးခဲ့ပြီး ဒီနေ့မနက် ဇွဲကပင်တောင်ထိပ် ချောက်တခုအတွင်းမှာ သေဆုံးလျက် တွေ့ခဲ့တာပါ။ ဘားအံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးတို့နဲ့ ရှာဖွေကယ်ဆယ်ရာ ညနေ ၅ နာရီ ၅၀ အချိန် အမြင့်ပေ ၂၀၀၀ လောက်မှာ အမျိုးသမီးစီး ဖိနပ် ၁ ရံ တွေ့ရှိခဲ့ပြီး တောင်စောင်းတွေမှာ ဆက်လက်ရှာဖွေခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနောက် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေ၊ မာဃလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တွေ၊ ပြည်နယ်မြေတိုင်းအဖွဲ့မှ Drone အဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဇွန် ၂၆ ရက် မနက် ၉ နာရီကစတင်ပြီး ဆက်လက်ရှာဖွေခဲ့ရာ  ညနေ ၄ နာရီခွဲမှာ ပျောက်ဆုံးသူရဲ့ ဆိုင်ကယ်သော့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ရှာဖွေရာ ဒီနေ့မနက် ၁၀ နာရီကျော်လောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပြီး သယ်ဆောင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပျောက်ဆုံးခဲ့တဲ့ အမျိုးသမီးဟာ ဘားအံတက္ကသိုလ်မှာ ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူဖြစ်ပြီး  ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိဈေးအနောက်ဘက်ရှိ အမျိုးသမီးဘော်ဒါဆောင်မှာ နေထိုင်တယ်လို့ သိရပါတယ်။ Photo : Myanmar Fire Services Department
1 year Ago

December 15, 2019

တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားသည့် အုပ်ချုပ်ရေးမှူးတဦးကို သေဆုံးလျက်တွေ့ရှိ

မင်းပြားမြို့နယ် စိတ္တရကျေးရွာအနီး တပ်မတော်စစ်ကြောင်းက ခေါ်ဆောင်သွားတဲ့ ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို ဒီဇင်ဘာ ၁၄ ရက်နေ့က မင်းပြားမြို့နယ်၊ မင်းပုန်းတောင်း တောင်ခြေရင်းမှာ သေဆုံးလျက်  တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီလောက် ကျောက်မော်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်ကို မိသားစုတွေက ရှာဖွေရင်းကနေ သလူချောင်းကျေးရွာအနား မင်းပုန်းတောင် ဆိုတဲ့ တောင်အောက်ခြေရင်းမှာ တွေ့ရှိခဲ့တာလို့ ဦးလေးဖြစ်သူ ဦးကျော်လှဖြူက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော့်တူလေးအလောင်းကို သလူချောင်းနားက မင်းပုန်းတောင်းရဲ့ တောင်ခြေရင်းမှာ ‌တွေ့တယ်။ တပ်မတော်စစ်ကြောင်းကနေ ဖမ်းပြီးယူသွားတာ။ အဲဒီနေ့ စိတ္တရကျေးရွာကို သွားတာ။ စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတယ်။ အမျိုးသမီးတယောက် အသတ်ခံရတယ်။ ပြီးတော့ ကျနော့်တူလေး အပါအဝင် ၈ ယောက်ကို တပ်မတော်စစ်ကြောင်းက အဲဒီမှာ တခါတည်း ဖမ်းသွားတာ။ အလောင်းကို ဒီနေ့မှ တွေ့တာ။” ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်က ဝင်ရောက်လာကာ သေနတ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ဒေါ်ဖြူဖြူဝင်း သေဆုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ နှိပ်စက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ နယ်ခံလွှတ်တော်အမတ်နဲ့ မိသားစုတွေက ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးမောင်ဘညွှန်ရဲ့ ဇနီးဖြစ်သူ ဒေါ်လှလှသန်းက “အိမ်ရှေ့မှာပဲ ဝိုင်းပြီးမီးလှုံနေကြတာ။ အဲဒီမှာ စိတ္တရကျေးရွာကို စစ်ကြောင်းက ဝင်လာတယ်။ ကျမယောကျ်ားရော၊ ပြီးတော့ ကျောက်မော်က အုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ စုစုပေါင်း ရွာက ဖမ်းဆီးခေါ်ဆောင်သွားတာ ၈ ယောက်ပါ။ အခုအခုအချိန်ထိ ယောကျ်ား ကိုဆက်သွယ်မရသေးဘူး” လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စိတ္တရကျေးရွာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ စိတ္တရကျေးရွာကို တပ်မတော်စစ်ကြောင်းက အရောက်မှာ ကျေးရွာအတွင်းရှိ နေအိမ်တလုံးပေါ်ကနေ အေအေက လက်နက်ငယ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။  ဖြစ်စဉ်မှာ တပ်မတော်မှ အရာရှိတဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ပြီ တပ်မတော် စစ်ကြောင်းကို စတင်ပစ်ခတ်ခဲ့တဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ဖုံသာကျေးရွာမှ ဦးဉာဏ်သိန်းနဲ့ ကျောက်မော်ကျေးရွာက ဦးကျော်အေးမောင်တို့နှစ်ဦးအား လက်နက်ငယ်ကျည် ထိမှန်သေဆုံးနေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် ဖြစ်စဉ်နေရာအနီး မသင်္ကာဖွယ်ရာ စုဝေးရောက်ရှိနေတဲ့ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာမှ ဖမ်းဆီးထားသူ အမျိုးသား ၇ ဦးကို မင်းပြားမြို့နယ်ရဲစခန်းကို လွှဲပြောင်းအပ်နှံသွားမယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
2 years Ago
Up