သေဆုံးလူမျိုးစုခေါင်းဆောင်

July 6, 2020

သေဆုံးလူမျိုးစုခေါင်းဆောင်အား အီကွေဒေါတာဝန်ရှိသူများ ပြန်အပ်၊ ဓားစာခံများကို ပြန်လွှတ်ပေး

အီကွေဒေါနိုင်ငံထဲက အမေဇုန်တောနက်ထဲမှာနေတဲ့ တိုင်းရင်းသားလူမျိုးစုတစုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးတဲ့ သူတို့ခေါင်းဆောင်ရဲ့အလောင်းအား တာဝန်ရှိသူတွေက ပြန်ပေးအပြီးမှာ ဓားစာခံ ဖမ်းထားတဲ့ လူ ၆ ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲက ဇူလိုင်လ ၄ ရက်မှာ ပြောပါတယ်။  ရွှာကူမေလူ့အဖွဲ့အစည်းဝင် တိုင်းရင်းသားတွေဟာ အရင်သီတင်းပတ်က ရဲအရာရှိ ၂ ယောက်၊ စစ်သား ၂ယောက်၊ ပြည်သူ့ဝန်ထမ်း အရာရှိတယောက်နဲ့ အရပ်သားတယောက်တို့ကို ဓားစာခံ ဖမ်းသွားပြီး သူတို့ခေါင်းဆောင် အယ်လ်ဘာတို မာရှုတခ်ကို ဓလေ့ထုံးတမ်းအရ မြှုပ်နှံပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။  မေလနှောင်းပိုင်းက ဆေးရုံပေါ်မှာ သေဆုံးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်ဟာ ကိုဗစ်-၁၉ ကြောင့် သေတာ မဟုတ်ဘူးလို့ သူတို့အုပ်စုက ယုံကြည်ကြပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ဖြစ်နိုင်ခြေကို ဟန့်တားဖို့ အလောင်းပြန်ဖော်ချိန်မှာ ကျန်းမာရေးဆိုင်ရာ အထူးလုပ်ထုံးလုပ်နည်းအတိုင်း အာဏာပိုင်တွေက ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်ရဲ့အလောင်းကို သူ်လူ့အဖွဲ့အစည်းဆီ ပြန်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။  ပြန်လွှတ်ပေးခံရတဲ့ ဓားစာခံတွေကို ကျန်းမာရေး စစ်ဆေးသွားမယ်လို့လည်း ကြေညာချက် က ဖော်ပြပါတယ်။ အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံးမြို့ ဂွါယာကေးမှာ မတ်လနဲ့ ဧပြီလတွေက ကိုရိုနာဗိုင်းရပ်စ် ရက်ရက်စက်စက် ကူးစက်ခဲ့လို့ လမ်းတွေပေါ်မှာ အလောင်းတွေ ပုံနေခဲ့ပါတယ်။ အဲဒီနောက် လူချင်းခွာ နေရမယ့် သတ်မှတ်ချက်တွေကို လိုက်နာရင်း ကူးစက်နှုန်းနဲ့ ကူးစက်ခံ သေဆုံးနှုန်း ပြန်လျော့ကျသွားခဲ့ပါတယ်။  အရင်အပတ်က အမေဇုန်တိုင်းရင်းသား အုပ်စုတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၂၁၅ ယောက်ရှိပြီး ၃၇ ယောက် သေဆုံးခဲ့တယ်လို့ အီကွေဒေါအမေဇုံတိုင်းရင်းသားမျိုးနွယ်စုများ အသင်းချုပ်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေက ဆိုထားပါတယ်။
11 months Ago
Up