သေဆုံးလူနာ

October 18, 2020

ကိုဗစ်-၁၉ လူနာ ၄၂ ဦး ထပ်မံသေဆုံး၊ လူနာသစ် ၁,၁၅၀ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁,၁၅၀ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၄၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၄၂ ယောက်ထဲမှာ ၂၇ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီမှ  ၁၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၂,၃၀၇ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၁၅၀ ယောက်ထပ်မံ တွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၂၂၄၁ ယောက်အား နေအိမ်တွေမှာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၆,၀၂၅ ယောက်၊ သေဆုံးသူ ၈၈၀  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၇,၀၇၆ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၄၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၉ သန်းကျော် ရှိနေပြီလို့ သိရပါတယ်။
12 months Ago

September 17, 2020

သေဆုံးလူနာ ၁၁ ဦးအနက် ၄ ဦးက သေဆုံးပြီးစစ်ဆေးရာက ရောဂါပိုးတွေ့ခဲ့ခြင်းဖြစ်

ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်တဲ့သေဆုံးပိုးတွေ့လူနာတွေထဲက ၄ ဦးဟာ သေဆုံးပြီး စစ်ဆေးရာကနေ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလူနာ ၄ ဦးသေဆုံးချိန်မှာ ဓာတ်ခွဲနမူနာယူစစ်ဆေးထားဆဲဖြစ်ကြောင်းနဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေရပြီးမှ ထုတ်ပြန်တာလို့ဆိုပါတယ်။ သေဆုံးလူနာစုစုပေါင်း ၅၇ ယောက်ထဲမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေဖြစ်ကြတဲ့ ၁၃၊ ၂၄ ၊၃၂ နှစ်အရွယ် ၃ ယောက်ပါဝင်ပြီး၊ ကျန်တဲ့သူတွေကတော့ ၄၀ အထက်တွေနဲ့ အသက်ကြီးပိုင်းတွေ ပါဝင်ပါတယ်။ "ဒီရောဂါက ကျန်းမာတဲ့ ငယ်ရွယ်သူတွေ အပိုအင်အားရှိတဲ့သူတွေကို မတိုက်ခိုင်နိုင်ပါဘူး။ ဒါပေမဲ့ အပိုအင်အားမရှိဘဲ အတိအကျနဲ့ ကိုယ့်ရဲ့ကိုယ်ခံအားနဲ့ အခြေအနေနဲ့ အတိအကျသွားနေတဲ့ သူတွေအတွက်ကတော့ ထပ်မံတိုက်ခိုက်လာရင် ခံရဖို့ရှိတယ်။ ဒါကြောင့် အဲဒီဟာ အတွက် ကျနော်တို့ အဲလိုမျိုးအပိုဆောင်းမရှိတဲ့သူတွေကို ကာကွယ်ဖို့ လိုပါတယ်။ ဒါကြောင့် အဲလို ကာကွယ်ဖို့ ကျနော်တို့ ဝိုင်းဝန်းကြိုးစားနေတာဖြစ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့သူတွေ ကိုယ်ခံအားနည်းနေတဲ့လူတွေ နောက်ရောဂါအခံရှိနေတဲ့သူတွေ ဒုက္ခမရောက်ရဖို့အတွက် ကျနော်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်။”လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပြည်တွင်းရုပ်သံ မီဒီယာတစ်ခုကနေ ပြောပါတယ်။ သေဆုံးပြီးစစ်ဆေးရာက ရောဂါတွေ့ခဲ့သူ ၄ ဦးထဲက အသက် ၂၄ နှစ်အရွယ် အမျိုးသားဟာ ၁၄ ရက်နေ့ ညကပင်သေဆုံးခဲ့တာဖြစ်ပြီး အသက် ၅၈ နှစ်အရွယ်အမျိုးသားဟာလည်း ၁၅ ရက်နေ့ မနက်က သေဆုံးခဲ့တာဖြစ်ကြောင်း၊ နောက်ထပ် ၆၄ နှစ်အရွယ်အမျိုးသမီးဟာ ၁၅ရက်နေ့ညက သေဆုံးခဲ့တာဖြစ်ပြီး၊ ၆၇ နှစ်အရွယ် အမျိုးသားကတော့ ၁၅ရက်နေ့ နေ့လယ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။  သေဆုံးလူနာစုစုပေါင်း ၅၇ ယောက်ဟာ အသက် ၁၃ နှစ်အရွယ်ကနေ ၉၀ အရွယ်အထိ ဖြစ်ကြပါတယ်။  ဒီကနေ့ ညနေပိုင်းအထိ အတည်ပြုလူနာ ၃၉၀၀ လောက်ထဲက သေဆုံးတာ ၅၇ ယောက်ရှိပြီဖြစ်ပြီး ဒီအထဲက၆ယောက်က ပထမလှိုင်းအတွင်းသေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၅၁ ယောက်က သြဂုတ်လ ၁၆ရက်နေ့က စခဲ့တဲ့ ဒုတိယလှိုင်းအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ 
1 year Ago
Up