သေဆုံးခဲ့သူများ

June 8, 2020

လာလီဂါပွဲစဉ်များတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့သူများအတွက် ၁ မိနစ်ကြာ ငြိမ်သက်ပေးမည်

ပြန်လည်စတင်တော့မယ့် လာလီဂါပွဲအပါအဝင် အပျော်တမ်းလိဂ်ပွဲစဉ်တွေမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားခဲ့သူတွေအတွက် ၁ မိနစ်ကြာ ငြိမ်သက်ဂုဏ်ပြုပေးမယ့်အစီအစဉ် ထည့်သွင်းသွားမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် စပိန်ုနိုင်ငံမှာ ဘောလုံးပွဲစဉ်တွေကို ၃ လကြာရပ်နားခဲ့ရပြီး လာမယ့် သီတင်းပတ်အတွင်း ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ မတ်လအစောပိုင်းကနေ ဒီနေ့မနက်ပိုင်းအထိ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သိန်း ၈ သောင်းကျော်နဲ့ သေဆုံးသူ ၂၇၀၀၀ ကျော် ရှိပြီလို့ သိရပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် ၁ မိနစ်ကြာ ငြိမ်သက်ဂုဏ်ပြုခြင်း အစီအစဉ်ကို ကွင်းထဲမှာရှိတဲ့ ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကသာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ကွင်းထဲပေးဝင်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ပရိသတ်တွေတော့ ပါဝင်မှာ မဟုတ်ဘူးလို့ စပိန်အမျိုးသားအားကစားကောင်စီ ဥက္ကဋ္ဌ အီရာနီလိုဇာနိုကပြောပါတယ်။ “ဘွန်ဒက်စ်လီဂါလို တခြားနေရာတွေကို ကြည့်မယ်ဆိုရင်လည်း ပရိသတ်တွေ ဝင်ရောက်ခွင့်မပေးထားသေးတာ တွေ့ရပါမယ်။ ဒီအချိန်ဟာ ပရိသတ်တွေအတွက် စိတ်ရှည်လက်ရှည်နဲ့ တာဝန်ယူမှုရှိရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေဟာ သူတို့အသင်းရဲ့ ကစားသမားတွေကို ကွင်းထဲ ဝင်ရောက်အားပေးခွင့်ရဦးမှာ မဟုတ်ပါဘူး။ တကယ်လို့ ဝင်ခွင့်ပေးလိုက်ရင် ဒီကိစ္စကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမှာလဲ။ ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ လျော့ကျမသွားမချင်း ပရိသတ်တွေကို ကွင်းထဲ ဝင်ရောက်ခွင့်ပေးဖို့ဆိုတာ ဖြစ်နိုင်ဦးမှာ မဟုတ်ပါဘူး။”
11 months Ago

May 21, 2020

သီရိလင်္ကာပြည်တွင်းစစ် ပြီးဆုံးသည့် ၁၁ နှစ်ပြည့်ပွဲကျင်းပ၊  သေဆုံးခဲ့သူများအတွက်  ဂုဏ်ပြု

တမီလ်ကျားသူပုန်တွေနဲ့အစိုးရတို့အကြား  ပြည်တွင်းစစ်ပြီးဆုံးတဲ့  ၁၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို မေလ ၁၉ ရက်က  သီရိလင်္ကာနိုင်ငံမှာ  ကျင်းပပါတယ်။   မြို့တော်  ကိုလံဘိုရှိ စစ်ဘက်အထိမ်းအမှတ်နေရာမှာ ကျင်းပတဲ့ အခမ်းအနားကို  သမ္မတ  ဂိုတာဘာရာဝရာဂျာပက်စာက ဦးဆောင်ခဲ့ပါတယ်။  ဒီအခမ်းအနားဟာ  ပြည်တွင်းစစ်အတွင်း  သေဆုံးခဲ့တဲ့   တပ်မတော်သား ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့  အရပ်ဘက်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၀၀၀ ကျော်ကို အမှတ်ရ ဂုဏ်ပြုတဲ့ အထိမ်းအမှတ် ကျင်းပတာ ဖြစ်ပါတယ်။  သမ္မတ ရာဂျာပတ်စာနဲ့  ပြည်တွင်းစစ်အတွင်း သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေက အထိမ်း အမှတ်ကျောက်တိုင်မှာ သေဆုံးခဲ့သူတွေကို  ဂုဏ်ပြုပန်းခွေချ  အလေးပြုခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နေတဲ့ ကာလမို့ အခမ်းအနားကို  အကျဉ်းချုံးပြုလုပ်ခဲ့ပြီး  သမ္မတ ရာဂျာပတ်စာကလွဲလို့ တက်ရောက်သူ အားလုံးဟာ  နှာခေါင်းစည်းတွေ တပ်ထားသလို တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာ ထိုင်ခဲ့ကြပါတယ်။  ၂၀၀၉ ခုနှစ် မေလ ၁၈  ရက်မှာ    ခွဲထွက်ရေး တမီလ်ကျားသူပုန်တွေအပေါ် လုံး၀ အောင်ပွဲခံခဲ့တယ်လို့  သီရိလင်္ကာအစိုးရက ကြေညာခဲ့ပြီး  နှစ်ပေါင်း ၃၀ နီးပါး ကြာညောင်းခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ပါတယ်။ 
11 months Ago
Up