သေဆုံ

October 31, 2020

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်တွင် လင်းပိုင် ၁ ကောင်သေဆုံး၊ ဘတ္ထရီရှော့တိုက်မှုကြောင့်ဟု ယူဆ

မင်းကွန်းကနေ ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန် ၁အတွင်း တစ်နှစ်သားကျော်အရွယ် လင်းပိုင် အမတစ်ကောင်သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ပတ်၀န်းကျင်နှင့်မျိုးသုန်းရှားပါးရေနေသတ္တဝါများထိန်းသိမ်းရေးဌာနစု၊ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ အဆိုပါ လင်းပိုင်ဟာ ခန့်မှန်းအသက် ၁ နှစ်ကျော်ခန့်ရှိကာ ခန္ဓာကိုယ်အလျား  ၄ ပေ၊  ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၂ ပေ၊  ၁၀ လက်မ၊ အမြီးရွက် ၂ ခုအစွန်းအကြား  ၁ ပေ၊ ၂ လက်မ၊ ရှေ့ရေယက်အလျား  ၉.၅ လက်မရှိပြီး သွားမပေါက်သေးဘူးလို့ သိရပါတယ်။ ပတ်၀န်းကျင်နှင့်မျိုးတုံးရှားပါးရေနေသတ္တဝါများထိန်းသိမ်းရေးဌာနစု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မန်းက "ရေလုပ်သားတွေပြောပြချက်နဲ့ ခု လင်းပိုင်သေဆုံးတဲ့အခြေအနေတွေပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှုကြောင့် ထိခိုက်သေဆုံးတယ်လို့ ယူဆတာပေါ့နော်" လို့ ပြောပါတယ်။ လင်းပိုင်သေကို အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီလောက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနဲ့ ရွာသစ်ကျေးရွာကြားက တောင်ခြေရင်းမှာ အမှတ်အသားပြုလုပ်ကာ မြေမြှုပ်လိုက်ပြီလို့ သိရပါတယ်။ ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးမှု ပပျောက်စေဖို့အတွက် တစ်နှစ်စီမံချက်ရေးဆွဲ လုပ်ဆောင်နေပြီး စီမံကိန်းကာလ ပထမနှစ်လအတွင်းမှာ လင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၁ အတွင်း ရှော့တိုက်ငါးဖမ်းသူ ၄ ဦးကို ဖမ်းဆီးရမိကာ တရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်စီ အပြစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။  အဆိုပါစီမံချက်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၀၂၁ခုနှစ် ဩဂုတ်လကုန်အထိ ရေကြောင်းရဲတပ်ဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ WCS နဲ့ ရေလုပ်သားတွေပါဝင်တဲ့ ထိန်းသိမ်းရေးအဖွဲ့တွေ ပူးပေါင်းကာ တစ်နှစ်ကြာ လုပ်ဆောင်မယ်လို့ သိရပါတယ်။ ဒုတိယဦးစီးမှူး ဦးဇော်မန်းက "ကျနော်တို့ ကိုးလပိုင်းကစတာ၊ နှစ်လပြည့်သွားပြီ။ နှစ်လပြည့်တဲ့ထဲမှာ ဘတ္ထရီရှော့တိုက် ငါးဖမ်းလှေကလည်း ၁၁ စီးပေါ့နော်၊ ၁၁ စီးဖမ်းဆီးရမိတယ်။ တရားခံလေးယောက်ကို တရားစွဲဆို ထောင်နှစ်နှစ်ဆီ ချမှတ်နိုင်ခဲ့တယ်ပေါ့" လို့ ပြောပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဒီနေ့အချိန်အထိ လင်းပိုင် ၈ ကောင် သေဆုံးခဲ့ပြီဖြစ်ပါတယ်။  သေဆုံးရတဲ့အကြောင်းရင်းတွေကတော့ အသက်အရွယ်ကြီးရင့်လို့ သေဆုံးတာ၊ ပိုက်နဲ့ငြိတာကြောင့် သေဆုံးတာ၊ ‌ဘတ္ထရီရှော့တိုက်ငါးဖမ်းမှုတွေကြောင့် သေဆုံးတာတွေ ဖြစ်ပါတယ်။ ထိန်ထိန်လင်း
6 months Ago

October 5, 2020

အဇာဘိုင်ဂျန်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၁၈ ဦး သေဆုံး၊ ၉၀ ကျော် ဒဏ်ရာရ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အဇာဘိုင်ဂျန်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် နာဂေါ်နိုခါရာဘတ် အရပ်သား ၁၈ ယောက် သေဆုံးပြီး အယောက် ၉၀ ကျော် ဒဏ်ရာရတယ်လို့ နာဂေါ်နိုခါရာဘတ် ဒေသခံအရာရှိ တယောက်ကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာနိုဗိုစတီသတင်းမှာ အောက်တိုဘာ ၄ ရက်က ဖော်ပြထားပါတယ်။ နှစ်နိုင်ငံကြား ဒီနယ်မြေအတွက် စစ်ဖြစ်နေတာ ဒုတိယသီတင်းပတ်ထဲ ရောက်ခဲ့ပါပြီ။ အဇာဘိုင်ဂျန် လက်နက်ကိုင်တပ်တွေဟာ ဒေသမြို့တော် စတေပန်ကာ့တ်က အရပ်ဘက် ဧရိယာတွေကို ပစ်မှတ်ထားနေတာကြောင့် အရေးယူပေးဖို့ ဒေသခံလူ့အခွင့်အရေးအဖွဲ့အကြီးအကဲက နိုင်ငံတကာလူ့အဖွဲ့အစည်းကို ဆော်သြခဲ့ပါတယ်။ မျက်ကွယ်မပြုကြဖို့နဲ့၊ အပြောတွေရပ်ပြီး လက်တွေ့ စတင်လုပ်ဆောင်ဖို့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက စတဲ့တိုက်ပွဲဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းတည်းက ခုထိ အဆိုးဆုံးပါ။ အဲဒီအရင်က စစ်ပွဲအတွင်း လူ ၃၀၀၀၀ သေဆုံးခဲ့ပါတယ်။ အာမေးနီးယားတပ်တွေက ဒုံးကျည်နဲ့ ဂန်ဂျာမြို့ကို ပစ်ခတ်လို့ အရပ်သားတဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ အဇာဘိုင်ဂျန်က ပြောပါတယ်။ အာမေးနီးယားနိုင်ငံတွင်းက စစ်ဘက် ပစ်မှတ်တွေကို ဖျက်ဆီးပြီး လက်တုံ့ပြန်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။  လောလောဆယ်ထိ အဓိကတိုက်ပွဲတွေက အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားလူမျိုးစု နေထိုင်ရာ နာဂေါ်နို ခါရာဘတ် ဒေသခံတွေကြား တိုက်ပွဲပါ။ ဒါပေမဲ့ စစ်ပွဲဟာ အာမေးနီးယားအစိုးရနဲ့ပါ တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်တယ်လို့ အဇာဘိုင်ဂျန်က ခြိမ်းခြောက်ထားပါတယ်။
7 months Ago
More News
Up