သူတောင်းစား

June 7, 2017

ဘဏ်တွင်ငွေလာအပ်သည့် သူတောင်းစားတဦးကို ဘဏ်ဝန်ထမ်းက ကန်ချ

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင် ခလောင်းဟနယ်မြေရှိ ပုဂ္ဂလိကပိုင် ဘဏ်တိုက်တခုမှာ ငွေလာအပ်တဲ့ သူတောင်းစားအဖိုးအိုကို ဘဏ်ဝန်ထမ်းက လှေခါးရင်းကနေ ကန်ချခဲ့တယ်လို့ ထိုင်း Moo News သတင်းမှာ ဖော်ပြပါတယ်။ အသက် ၆၇ နှစ်အရွယ် လုံးဆိုင် ကျင်းတနားဝုန်း အမည်ရှိ သူတောင်းစားတဦးဟာ သူစုထားတဲ့ ငွေအကြွေတွေ ဘဏ်မှာအပ်ထားဖို့ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ခလောင်းဟ နယ်မြေကေ ဘဏ်ခွဲကို ရောက်ရှိလာပါတယ်။ သူက ဘဏ်မှာ ၂ နာရီကျော်ထိ တန်းစီစောင့်ဆိုင်းနေပေမယ့် ငွေအပ်နှံလို့ မရသေးတာကြောင့် ဘဏ်ဝန်ထမ်းတဦးက လာရောက်မေးမြန်းရာမှာ သူက အိတ်ထဲထည့်ထားတဲ့ အကြွေစေ့တွေပြပြီး ငွေအပ်ချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ ဝန်ထမ်းက ငွေအကြွေတွေကြည့်ပြီး ငွေအပ်ချင်ရင် တန်းစီ တိုကင်အရင်ယူရကြောင်း၊ နောက်ပြီး သူတို့ဘဏ်မှာ အနည်းဆုံး ငွေတထောင်ရှိမှ လက်ခံကြောင်း ပြောဆိုပါတယ်။ အဖိုးကြီးက ဒါဆို သူဟာ ၂ နာရီကြာ မတ်တပ်ရပ် တန်းစီရတဲ့အတွက် အပေါ့သွားချင်လို့ ရေအိမ်တက်ခွင့်တောင်းရာမှာ ဝန်ထမ်းက သူ့ကို ခွင့်မပြုဘဲ ထွက်သွားဖို့ နှင်ထုတ်လိုက်သလို ခြေတောက်နဲ့လည်း လှေကားပေါ်ကနေ ကန်ချခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းကန်ချလိုက်လို့ အဖိုးအိုမှာ ဘယ်ဘက်နားထင်ကွဲသွားပြီး သွေးတွေထွက်လာတဲ့အတွက် ဘဏ်ကိုလာတဲ့ ဧည့်သည်တွေက ဝိုင်းထူပေးပြီး လူနာကူညီကယ်ဆယ်ရေးယာဉ်ကိုလည်း ဖုန်းဆက်ပေးလိုက်ပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဖိုးအိုကို ဆေးထည့်ပေးသလို နီးစပ်ရာရဲစခန်း ခေါ်သွားပြီး သူ့ကိုကန်ချခဲ့တဲ့ ဘဏ်ဝန်ထမ်းကို အရေးယူပေးဖို့ အမှုဖွင့်စေခဲ့ပါတယ်။
5 years Ago

April 21, 2015

ထိုင်းသူတောင်းစားများ ခွင့်ပြုချက်ယူရမည်

လူစုလူဝေးနေရာမှာ ငွေကြေးအတွက် တောင်းစားသူများက ထိုင်းအာဏာပိုင်တွေ ဆီကနေ ခွင့်ပြုချက်ရယူဖို့ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဧပြီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ တောင်းစားတာကို တရားမ၀င်ကြောင်း ကြေညာဖို့ သဘောတူညီခဲ့အပြီးနောက် အခုလို အတည်ပြုချက် ရယူရမည်လို့ ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရ ယောင်ယွတ်မာယာလတ်က လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူထုလုံခြုံရေးဝန်ကြီးဌာန အဆိုပြုချက်အရ လမ်းပေါ်မှာ တောင်းစားတဲ့သူတွေကို တားဆီးဖို့ ဥပဒေကို အစိုးရက သဘောတူလိုက်တယ်လို့ ပြောပါတယ်။ လမ်းပေါ်မှာ လူတွေ တောင်းစားတားကို အဆုံးသတ်ဖို့ လုပ်ဆောင်တာဖြစ်ပြီး တောင်းစားတဲ့သူတွေကို အလုပ်လုပ်ဖို့ အားပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။ ၁၉၄၁ ခုနှစ်ကတည်းက တောင်းရမ်းတာကို ထိန်းချုပ်ရုံသာ ပြဌာန်းထားတဲ့ တောင်းရမ်းမှု ထိန်းချုပ်ရေး ဥပဒေမှာ ဒီအပြောင်းအလဲကို အစားထိုးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မသန်စွမ်းတွေနဲ့ အသက်ကြီးတဲ့သူတွေ အလုပ်လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောသွားဘူးလို့ ဆိုပါတယ်။ ထိုင်း သူတောင်းစားတွေနဲ့ လူအများစုဝေးရာနေရာတွေမှာ တောင်းရမ်းတဲ့သူတွကို အလုပ်အကိုင် လုပ်နိုင်ဖို့ သင်တန်း တက်ခိုင်းမှာ ဖြစ်သလို ရွှေ့ပြောင်း နေထိုင်သူတွေ ဆိုရင်တော့ နေရပ်ကို ပြန်ပို့မယ်လို့ ဆိုပါတယ်။
7 years Ago
Up