သူဌေးကြီးတွေက ရိုးရာလက်ဝှေ့အပေါ် စိတ်ဝင်စားမှု မရှိသေးဘူး - ဦးစိုင်းဇော်ဇော်

A d v e r t i s e m e n t With Us

August 13, 2016

သူဌေးကြီးတွေက ရိုးရာလက်ဝှေ့အပေါ် စိတ်ဝင်စားမှု မရှိသေးဘူး - ဦးစိုင်းဇော်ဇော်

မြန်မာနိုင်ငံရဲ့ အဓိက အားကစားနည်းတခုဖြစ်တဲ့ ရိုးရာလက်ဝှေ့နဲ့ ပတ်သက်ပြီးတော့ အားသာချက်တွေ၊ အားနည်းချက်တွေ၊ နောင်အနာဂတ်မှာ နိုင်ငံတကာကို ရိုးရာလက်ဝှေ့က ထိုးဖောက်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ ဆိုတာတွေကို နိုင်ငံတကာလက်ဝှေ့ပွဲ စီစဉ်ပြီးတော့ တဘက်မှာလည်း ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင်တဦးဖြစ်တဲ့ ဦးစိုင်းဇော်ဇော်နဲ့ ဒီဗွီဘီက တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး - ကျနော်တို့ မြန်မာနိုင်ငံရဲ့ အားကစားလောကမှာပေါ့ အားကစားပိုင်းမှာ တဖြည်းဖြည်းနဲ့ နိမ့်ကျလာတာတွေ ရှိတယ်။ ပြန်ပြီးတော့ တိုးတက်လာတာတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီအထဲမှာမှ ကျနော်တို့ ရိုးရာလက်ဝှေ့ဆိုတာက မြန်မာနိုင်ငံရဲ့ အဓိက အားကစားတခုလို့ ပြောလို့ရတယ်။ ပြည်တွင်းမှာဆိုရင်လည်း ဘောလုံးပြီးရင် လူစိတ်ဝင်စားမှု အများဆုံး လက်ဝှေ့က ရှိနေတယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့ ရိုးရာလက်ဝှေ့ရဲ့ အခြေအနေက အရင်တုန်းက အခြေအနေနဲ့ ဘာတွေကွာလာပြီလဲ။ ဘယ်လောက်ထိ တိုးတက်မှုရှိလာပြီလဲ ဆိုတာလေး အရင်ဆုံး ပြောပေးပါဦးခင်ဗျ။ ဖြေ - အခုလောလောဆယ်ပေါ့နော် ရိုးရာလက်ဝှေ့နဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆိုတာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် မေလကမှ စပြီးဖွဲ့ခဲ့တာပါ။ ပြောမယ်ဆို သက်တမ်းအားဖြင့်ဆိုရင်လည်း ပြီးခဲ့တဲ့သက်တမ်းလောက်ပဲ ရှိပါသေးတယ်။ ဒီကြားထဲမှာမှ ဦးတို့က ဆီးဂိမ်းတာဝန်တခုပေါ့လေ။ ၂၀၁၃ မှာ တာဝန်လေးတခု ၀င်ထမ်းလိုက်ရတဲ့အချိန်မှာ ၂၀၁၃ က ဆီးဂိမ်းလောက်အထိမှာ ရိုးရာလက်ဝှေ့အတွက်ကို ရာနှုန်းပြည့် မဆောင်ရွက်နိုင်ခဲ့ဘူးလို့တော့ မြင်တယ်ပေါ့။ ဒါပေမယ့် အခုအချိန်မှာ အဲဒီနောက်ပိုင်းမှာတော့ တောက်လျှောက်ပေါ့နော်။ ရိုးရာလက်ဝှေ့နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့ အခုလက်ရှိ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကော၊ ကျန်တဲ့ ဦးတို့ ပွဲစီစဉ်သူတွေရော၊ စေတနာရှင်တွေရောပေါ့။ ၀ိုင်းဝန်းပြီးတော့ ဘက်စုံထောင့်စုံကနေပြီးတော့ လုပ်လာလိုက်တဲ့အခါမှာ ဒီတနှစ် နှစ်နှစ်အတွင်းမှာတော့ တော်တော်လေးတော့ တိုးတက်လာတာ ရှိပါတယ်။ မေး - ဟုတ်ကဲ့ပါ ဆရာ။ ရိုးရာလက်ဝှေ့က တိုးတက်လာပြီပေါ့နော်။ တိုးတက်လာပြီဆိုတဲ့အခါမှာ ကျနော်တို့ လတ်တလော မြန်မာနိုင်ငံမှာ ရိုးရာလက်ဝှေ့ကို ကစားတဲ့ ကစားသမားအရေအတွက်က ဘယ်လောက်လောက် ရှိလာပြီလဲ။ ပြီးတော့ ကျနော်တို့ လက်ဝှေ့ကျော်ပေါ့နော်၊ လူသိများပြီးတော့ အောင်မြင်လာတဲ့ လက်ဝှေ့ကျော်တွေကကော ဘယ်နှယောက်အထိ ရှိလာပြီလဲ။ ဖြေ - ဒီလိုပါ တိုးတက်လာပြီဆိုတဲ့ အပိုင်းမှာက တဦးတယောက် ချန်ပီယံတော့ မဟုတ်ဘူးပေါ့နော်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်မှာဆိုရင်တော့ မန္တလေး၊ သထုံ၊ နယ်တွေမှာရော ရန်ကုန် အဲလိုမှာ လက်ဝှေ့သမားတွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် ဒီဘက် ကြားထဲမှာ လက်ဝှေ့ပွဲတွေ ဖြစ်မြောက်မှုနည်းတာ။ နောက် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်။ သူတို့ရဲ့ စားဝတ်နေရေး ရပ်တည်မှုရှိတာပေါ့။ စားဝတ်နေရေးရပ်တည်မှု အခက်အခဲကြောင့် တော်တော်များများက သထုံတို့ ဘာတို့ဆို မျိုးဆက်ပြတ်သွားတယ်။ မန္တလေးဆို လုံးဝ လက်ဝှေ့မျိုးဆက်ပြတ်သွားတယ်။ အဲဒီအနေအထားလေးကနေပြီးတော့ ကရင်နဲ့ ရန်ကုန်ပေါ့နော်။ တွံတေးဆိုလည်း နာမည်ကြီးတွေ အများကြီးထွက်ခဲ့တယ်။ ဒါပေမယ့် မျိုးဆက်ပြတ်သွားတယ်။ အဲဒီကနေပြီးတော့မှ ဒီတနှစ် နှစ်နှစ်အတွင်းမှာ ပြန်ပြီးတော့ မျိုးဆက်သစ်တွေ ဖော်ထုတ်ရတယ်၊ ရုန်းရတယ်ဆိုတော့ လောလောလတ်လတ်မှာတော့ နာမည်ကြီးပေါ့နော်။ လောက်လောက်လားလား ချန်ပီယံကြီးတွေကတော့ အများကြီးတော့ မရှိသေးဘူးပေါ့။ အရမ်းနာမည်ကြီးတဲ့လူဆို ဆယ်ဂဏန်းလောက်မှာပဲ ရှိသေးတယ်။ ဒါပေမယ့် မျိုးဆက်သစ် အပိုင်းမှာကတော့ အခုဆိုရင်ပေါ့ အရင်တုန်းက မရှိဘူးတဲ့ မြို့တွေပေါ့။ ပဲခူးမှာဆိုရင်လည်း ဟံသာဝတီ ကလပ်တွေ ပေါ်လာတယ်။ စစ်ကိုင်းမှာ ဇေယျာမောင်ကလပ်တွေ ပေါ်လာတယ်။ ဟင်္သတမှာ တိုက်ဂါးဆိုတဲ့ ကလပ်တွေ ပေါ်လာတယ်။ အဲလိုပေါ့ ကလပ်သစ်တွေ အများကြီးပေါ်လာတယ်။ လောလောဆယ်ဆိုရင် ကလပ်တွေက သထုံမှာဆိုရင်လည်း အရင်တုန်းက ရွှေခါးပတ် ချန်ပီယံတွေ ဘာတွေ ရခဲ့တဲ့ ဇော်ဝင်းထွန်းတို့က ကလပ်တခု ပြန်လုပ်နေပြီ။ အဲတော့ ဒီလိုလေး ပြန်လုပ်လာတဲ့အခါမှာ ကလပ်က ၄၀ နီးပါးလောက် ရှိလာပါပြီ။ မေး - အဲတော့ ကလပ်ပေါင်း ၄၀ နီးပါး ရှိလာပြီ။ ကစားသမားတွေလည်း တိုးလာပြီဆိုတော့ ကျနော်တို့ နောင်အနာဂတ်မှာကော လက်ဝှေ့ကစားသမားကောင်းတွေ ထွက်လာဖို့အတွက်၊ မျိုးဆက်သစ် ကစားသမားတွေ ထွက်လာဖို့အတွက်ကို ကျနော်တို့ ဘယ်လိုမျိုး ဖြည့်ဆည်းပေးဖို့လိုမလဲ၊ ဘယ်သူတွေရဲ့ အကူအညီတွေ လိုအပ်မလဲပေါ့နော်၊ အဲဒါလေး ပြောပေးပါဦးခင်ဗျ။ ဖြေ - လိုတိုရှင်းလေး ပြောပြရရင်ပေါ့နော် ဦးရဲ့ တကိုယ်တည်းသော အမြင်နဲ့ပြောပြရရင် ရိုးရာလက်ဝှေ့ တိုးတက်ဖို့ဆိုတာက ဦးတို့ ထောက်တိုင်လေးခုလောက် လိုပါတယ်။ တွန်းအားလေးခုပေါ့နော်။ တခုကတော့ အဓိကကတော့ ငွေကြေးပေါ့။ နံပါတ် (၂) ကတော့ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းပေါ့။ ပြောရမယ်ဆိုရင် အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ပေါ့။ (၃) ကတော့ တကယ့်ဝင်ကစားနေတဲ့ ကလပ်အသင်းတွေနဲ့ မူလဇာစ်မြစ်ပေါ့နော်။ လက်ဝှေ့သမားလေးတွေရယ်၊ (၄) ကတော့ ညီလေးတို့ မီဒီယာပေါ့နော်။ မီဒီယာအဖွဲ့တွေပေါ့။ ငွေကြေးအရ ပြောမယ်ဆိုရင် ငွေကြေးက လောလောဆယ်မှာ ဘယ်ကရနေလဲဆိုတော့ လောလောဆယ် ပြီးခဲ့တဲ့အစိုးရအထိမှာက ရိုးရာလက်ဝှေ့ တိုးတက်ဖို့အတွက်ဆိုပြီး ရိုးရာလက်ဝှေ့အဖွဲ့ချုပ်သုံးဖို့တို့၊ အန်ဂျီအို ဆောင်ရွက်နေတဲ့ အဖွဲ့တွေ သုံးဖို့ဆိုပြီးတော့ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်တပြားမှ မရှိဘူး။ ဒါ ပြီးခဲ့တဲ့ အစိုးရအထိပေါ့နော်။ အခုနောက်ပိုင်းတော့ ဘယ်လိုလာမလဲ မသိသေးဘူးပေါ့။ အဲတော့ အဖွဲ့ချုပ်တွေကို ချပေးထားတဲ့ ဘတ်ဂျက် လုံးဝမရှိဘူး။ အဖွဲ့ချုပ်မှာလုပ်တဲ့ ဦးတို့ကိုယ်တိုင်ပေါ့နော် အမှုဆောင်တွေ အားလုံးဟာ Volunteer လုပ်ရတယ်။ ကိုယ့်စရိတ်ကိုယ်စားပြီးတော့ ဘာလခမှာလည်း ရတာမဟုတ်ဘူး။ ကိုယ့်ဝါသနာနဲ့ လုပ်ကြတယ်။ အဖွဲ့ချုပ်မှာရှိတဲ့ ငွေကြေးတတ်နိုင်တဲ့သူတွေက အဖွဲ့ချုပ် လိုအပ်တဲ့ အခမ်းအနားတွေမှာ ကိုယ့်ငွေကိုယ်စိုက်ထုတ်ပြီးတော့ အောင်မြင်အောင် လုပ်ခဲ့ကြတယ်။ (၁) အချက်က ငွေကြေးက တဘက်က မရဘူး။ ဒုတိယ ဘယ်က ငွေကြေးရလဲဆိုတော့ အခုလိုပဲ MNL မှာဆိုရင်ပေါ့နော်။ ဘောလုံးအသင်းတွေ ထောင်ထားတဲ့ သူဌေးကြီးတွေ ရှိတယ်ပေါ့။ သူတို့ကနေပြီးတော့ တလကို သိန်း ၅၀၀၊ ၁၀၀၀ အကုန်ခံပြီးတော့ ဘောလုံးအသင်းကြီးတွေကို ဒီလိုပဲ ဆောင်ရွက်နေသလိုပဲ။ ဒါပေမယ့် လောလောဆယ် ဦးတို့ လက်ဝှေ့မှာကျတော့ တလကို လက်ဝှေ့ကလပ် အသင်းရဲ့ ထောက်ပံ့ကြေးက၊ လက်ဝှေ့ကလပ်အသင်းတခုရဲ့ သုံးစွဲကုန်ကျစရိတ်က ၁၅ သိန်း ပတ်ဝန်းကျင်ပဲရှိတယ်။ ဒါပေမယ့် အဲလို ၁၅ သင်း ပတ်ဝန်းကျင်လောက်ရှိတဲ့ ကလပ်ကလေးကိုတောင်မှ လက်ရှိမှာ ဦးတို့ ကူညီထောက်ပံ့ပေးတဲ့ ကုမ္ပဏီပေါ့နော်။ ၀ါသနာရှင်၊ စေတနာရှင်ဟာ ခုနစ်ဦး ရှစ်ဦးလောက်ပဲ ရှိသေးတယ်။ ဆိုတော့ အများကြီး အားနည်းပါတယ် ဦးတို့မှာ။ ဘာလို့လဲဆိုတော့ သိန်း ၅၀၀၊ ၁၀၀၀ ပံ့ပိုးပေးမယ့် သူဌေးကြီးတွေက လောလောဆယ်မှာ ဦးတို့ ရိုးရာလက်ဝှေ့အပေါ်မှာ စိတ်ဝင်စားမှု မရှိသေးဘူး။ မရောက်လာသေးဘူးပေါ့နော်။ နောင်တော့ မပြောတတ်ဘူးပေါ့။ အဲတော့ အဲလို ငွေကြေးရတာတခု ရှိပါတယ်။ နောက်တခု ရပ်တည်ဖို့အတွက်က အဓိကကတော့ ရိုးရာလက်ဝှေ့ ရပ်တည်ဖို့ဆိုတာ၊ တိုးတက်ဖို့ဆိုတာ လက်ဝှေ့သမားလေးတွေ မျိုးဆက်သစ်မွေးတော့ မွေးထုတ်တယ်။ ဒါပေမယ့် သူတို့ရပ်တည်ဖို့အတွက်ကို စားဝတ်နေရေးလိုတယ်၊ သူတို့ဘ၀ တိုးတက်ဖို့အတွက်ကို ရည်မှန်းချက်လိုတယ်။ အဲတော့ ဒီလက်ဝှေ့သမားတွေဖြစ်ဖို့အတွက် ဦးတို့က ပွဲတွေများများလုပ်ဖို့လိုတယ်။ ပွဲတွေများများဖြစ်ဖို့အတွက်ကို ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကလည်း အများကြီးခွင့်ပြုထားတော့ ၀ိုင်းပံ့ပိုးပေးတယ်။ ဆိုလိုတဲ့သဘောက အများကြီး ဖြေလျှော့ပေးလိုက်တယ်။ ဆိုပါတော့ ဦးတို့က ပွဲသွင်းသူပေါ့။ အရင်တုန်းကဆိုရင် ဦးတို့ သိမ်ဖြူရုံငှားတယ်ဆိုရင် ၂၅ သိန်းပေးရတယ်။ ရုံငှားခပေါ့နော်။ ရန်ပုံငွေတွေ ပေးရတယ်။ အခုဆိုရင် ရုံငှားက လုံးဝ ဖရီး။ ဒါ အဖွဲ့ချုပ်က ဖြေလျှော့ပေးလိုက်တယ်။ အဲတော့ ဦးတို့ ပွဲသွင်းတဲ့သူတွေလည်း လွယ်လွယ်ကူကူ ရုံကိုရအောင် ဖွင့်ပေးထားတယ်။ ရိုးရာလက်ဝှေ့အတွက်ပေါ့၊ သီးသန့်ရုံတရုံ ဖန်တီးပေးထားလိုက်တယ်။ အဲဒီမှာ လက်ဝှေ့ပွဲတွေ ကျင်းပလို့ရသွားပြီ။ အဲတော့ လွယ်ကူသွားတာပေါ့နော်။ အဲတော့ အဲလိုကျင်းပတဲ့အခါမှာ နောက်က ဦးတို့ကို သူတို့ရဲ့ ကုမ္ပဏီတွေကနေပြီးတော့ စီးပွားရေး တခြားလုပ်ငန်း ကုမ္ပဏီတွေက လက်ဝှေ့နဲ့ပတ်သက်တဲ့သူတွေက သူတို့ရဲ့ ကုမ္ပဏီ Image ပေါ့ရဲ့၊ သူတို့ရဲ့ ကုန်ပစ္စည်း Image တွေကို လာပြီးတော့ ဦးတို့ ပွဲသွင်းတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ စပွန်ဆာလာပေးကြတယ်။ ဒီလိုနည်းနဲ့လည်း တနည်း ၀င်ငွေရလာတာတွေရှိတယ်။ ပွဲတွေများများဖြစ်မှ လက်ဝှေ့သမားတွေက များများပွဲရမှ နည်းနည်းရပ်တည်နိုင်မယ်။ ဆိုတော့ ဒါကလည်း တချက်အရေးကြီးတယ်။ ငွေကြေးကတော့ ဒီသုံးနည်းနဲ့တော့ လောလောဆယ် ငွေကြေးရတယ်။ အဲတော့ (၁) အချက်ကတော့ ငွေကြေးနဲ့ ပတ်သက်လို့တော့ ဦးတို့မှာ ကူညီမယ့် သူဌေးကြီးတွေ အများကြီးလိုတယ်။ (၂) အချက်က ပွဲတွေများများ ဖြစ်ဖို့လိုတယ်။ အဲဒီပွဲတွေကို ၀ိုင်းပြီးတော့ စပွန်ဆာပေးမယ့် တော်တော်များများဆို ဦးတို့ လက်ဝှေ့ပွဲအတွက်ဆို စပွန်ဆာတောင်းရတာ ခက်ပါတယ်။ ကျန်တဲ့ သူတို့က စတိတ်ရှိုးတို့၊ မယ်ရွေးပွဲတို့ဆို သူတို့က ပိုပြီးစိတ်ဝင်စားတယ်။ လက်ဝှေ့ကတော့ ယောက်ျားလေး ပရိသတ်ပဲလို့ ထင်တဲ့အတွက် ဦးတို့ကိုယ်တိုင် စပွန်ဆာတောင်းရတာ တော်တော်ခက်ခဲပါတယ်။ အဲတော့ ပွဲတွေကို စပွန်ဆာဝိုင်းပြီးတော့ အမျိုးသားရေးအတွက်ကို ကြည့်ပြီးတော့ ၀ိုင်းပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ဒါ ငွေရေးကြေးရေး အပိုင်းပေါ့နော်။ နောက် ဒုတိယ တိုးတက်ဖို့အတွက်လိုတာက ဦးတို့ အခု လုပ်ပိုင်ခွင့်ရှိတဲ့ အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ပေါ့။ အဖွဲ့ချုပ်အနေနဲ့က လောလောဆယ်မှာ ပြီးခဲ့တဲ့နှစ်ကစပြီး ၂၀၁၅ မှာ၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာမှာ ပြီးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဆန်းကနေပြီးတော့ ရိုးရာလက်ဝှေ့ကို ပရော်ဖက်ရှင်နယ်ပုံစံ သွားမယ်။ စည်းမျဉ်းစည်းကမ်းတွေ လုပ်ပါဆိုပြီးတော့ အဖွဲ့ချုပ်ကို လမ်းညွှန်တယ်။ အဲဒီအခါမှာ အဖွဲ့ချုပ်ကနေပြီးတော့ တတ်သိပညာတွေနဲ့ ဦးတို့ စုစည်းပြီးတော့ ဦးတို့ စည်းမျဉ်းစည်းကမ်းတွေပေါ့။ စည်းမျဉ်းစည်းကမ်းတွေဆိုတဲ့နေရာမှာ ကလပ်အသင်းရဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်၊ လက်ဝှေ့သမားတွေရဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်။ ဦးတို့ ပွဲသွင်းသူ ပရိုမုတ်တာ စည်းမျဉ်းစည်းကမ်းရှိတယ်။ ဒိုင်လူကြီးအတွက်ရှိတယ်။ မီဒီယာအတွက်ရှိတယ်။ ပွဲကြည့်ပရိသတ်အတွက်ရှိတယ်။ အဲလို စည်းမျဉ်းစည်းကမ်းတွေကို ခေါင်းစည်းအလိုက် ခွဲပြီးတော့ ပြုစုပြီးတော့ ပြန်တင်ပြတယ်။ အဲမှာ ပြီးခဲ့တဲ့ ၂၀၁၅ ဇန်န၀ါရီမှာ M3 မှာ တခါပြန်ပြီးတော့ ဒုတိယ၀န်ကြီးကနေပြီးတော့ မီဒီယာတွေနဲ့ တွေ့ပြီးတော့ မူကြမ်းကို ပြန်ရှင်းပြတယ်။ ပြီးတော့ နောက်တခါ ပြန်ပြင်ရင်းနဲ့ နောက်ဆုံး ၂၀၁၅ ဇူလိုင်လမှာ စည်းမျဉ်းစည်းကမ်း အတည်ပြုထွက်လာတယ်။ အဲလိုထွက်လာတဲ့အခါမှာ ဒီစည်းမျဉ်းစည်းကမ်းတွေကို ကလပ်အသင်းတွေအားလုံးကော ပတ်သက်တဲ့သူတွေ အားလုံးကော အကုန်လုံးဖြန့်ဝေထားပြီးပြီ။ ဒါပေမယ့် တော်တော်များများက သေချာ အဲဒါကို မကြည့်ကြဘူးပေါ့နော်။ မကြည့်ကြတဲ့အခါမှာ တချို့တွေမှာ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်လိုက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းနဲ့ ညီတယ်မညီတယ် အဲလိုမသိထားတာတွေက ရှိတယ်ပေါ့။ နောက်ပိုင်းမှာတော့ တချို့အပိုင်းလေးတွေမှာလည်း စတင်ပြီးတော့ ပညာပေးကာလဖြစ်တဲ့အတွက် အဖွဲ့ချုပ်ကလည်း ဖြေလျှော့ပေးတာလေးတွေ ရှိတယ်။ အရေးမယူသေးဘဲနဲ့ ဒါကတော့ Warning ပေါ့နော်။ ဒါကတော့ မင်း စည်းကမ်းမှားနေပြီ။ ဒီတခါတော့ Warning။ အခု ၂၀၁၆ အစမှာ လုံးဝမရတော့ဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း တိတိကျကျ လုပ်နေပါတယ်။ ဒါ ဦးကိုယ်တိုင် အရေးယူခံခဲ့ရဖူးပါတယ်။ ပွဲသွင်းသူအနေနဲ့ပေါ့နော်။ ၂၀၁၆ မှာ ပညာပေးကာလပြီးသွားပြီ။ စည်းမျဉ်းစည်းကမ်းအတိုင်း တိတိကျကျ လုပ်နေပြီပေါ့။ ပြောချင်တာပေါ့နော်။ အဲတော့ အဖွဲ့ချုပ်အနေနဲ့ကလည်း လောလောဆယ်မှာ ပြောမယ်ဆိုရင် ဘတ်ဂျက်မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက အန်န်ဂျီအိုပေါ့။ စေတနာ့ဝန်ထမ်း လုပ်နေကြရတဲ့အတွက် အထဲမှာလည်း ခုနပြောသလို အရမ်းချမ်းသာတဲ့ သူဌေးကြီးတွေ မရှိဘူး။ သင့်တင့်တဲ့ လုပ်ငန်းရှင်တွေတော့ ပါပါတယ်။ ဒါပေမယ့် သူတို့လည်း သူတို့တတ်နိုင်သလောက် ပံ့ပိုးပေးတယ်ပေါ့နော်။ ဒါပေမယ့် လုပ်ငန်းရှင် အကြီးကြီးတွေပေါ့နော်။ သိန်းကို ထောင်ချီသုံးမယ်တို့ ဘာတို့ မပါသေးဘူးပေါ့။ အဖွဲ့ချုပ်ကတော့ သူနိုင်သလောက် ဘာလုပ်ပေးသလဲဆိုတော့ ပွဲတွေများများဖြစ်ဖို့ လုပ်ပေးတယ်။ နောက်တခါ နိုင်ငံတကာ ကိစ္စမှာဆိုလည်း အခုဆိုရင် မြန်မာ့လက်ဝှေ့က ဂျပန်၊ ရုရှား၊ ထိုင်း၊ လာအို၊ တော်တော်များများမှာ အကုန်တော်တော်သိနေကြပြီ။ အခုဆို ရုရှားမှာဆိုလည်း မြန်မာနိုင်ငံ  လက်ဝှေ့အဖွဲ့ချုပ်တောင် ဖွဲ့ပြီးတော့ အနီးအနားမှာရှိတဲ့ နိုင်ငံ ၂၀ ကျော်ကို စည်းရုံးထားပြီးပြီ။ အခု ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် ဖွဲ့ဖို့တောင်မှ လာဆွေးနွေးပြီးတော့ တိုင်ပင်နေကြပြီပေါ့နော်။ အဖွဲ့ချုပ်အနေနဲ့ကတော့ ပြောရမယ်ဆိုရင် အတတ်နိုင်ဆုံးတော့ တိုးတက်ဖို့အတွက် သူတို့နိုင်သလောက်ပေါ့နော်။ ပခုံးတော့ ထမ်းလိုက်တာပေါ့။ လုပ်နေပါတယ် အချိန်ပြည့်ပေါ့နော်။ မေး - ဟုတ်ကဲ့ဆရာ ကျနော်နောက်ဆုံးအနေနဲ့ သိချင်တာက ကျနော်တို့ အိမ်နီးချင်းနိုင်ငံ ထိုင်းက မွေထိုင်းဆိုရင် ကျနော်တို့ နိုင်ငံတကာအထိကို တဖြည်းဖြည်း ပေါက်လာပြီပေါ့နော်။ လူသိလည်း များလာကြပြီပေါ့။ နိုင်ငံတွေမှာ သိလာကြပြီ။ ဒါပေမယ့် ကျနော်တို့ ရိုးရာလက်ဝှေ့ကျတော့ လူသိက နည်းသေးတယ်ပေါ့နော်။ တချို့ကပြောတာက ဒီ ရိုးရာလက်ဝှေ့ ကစားဖို့ဆိုရင် ကစားသမား တဦးချင်းစီရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုအပိုင်းကလည်း အရမ်းကို ကြံ့ခိုင်မှုတွေ ပြည့်ဝနေရမယ်လို့ ပြောတယ်ပေါ့နော်။ အရမ်းကို တောင့်တင်းခိုင်မာနေရမယ်ပေါ့။ ဒါပေမယ့် ရိုးရာလက်ဝှေ့ အားနည်းချက်က ကစားတဲ့ပုံစံ၊ စည်းမျဉ်းစည်းကမ်းတွေမှာ အားနည်းချက်တွေ ရှိနေတယ်လို့လည်း ပြောတယ်ပေါ့နော်။ အဲတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရိုးရာလက်ဝှေ့က ကမ္ဘာကို ထိုးဖောက်နိုင်ဖို့ဆိုရင်၊ နိုင်ငံတကာမှာ ထိုးဖောက်နိုင်ဖို့ဆိုရင် ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲ။ ဘယ်လိုမျိုးတွေ မြှင့်တင်သွားဖို့ လိုအပ်မလဲဆိုတာ ပြောပေးပါဆရာ။ ဖြေ - ဒါ ဦးရဲ့ တကိုယ်တည်း စိတ်ကူးပေါ့နော်။ ဦးတို့ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတာ ပြီးခဲ့တဲ့အပိုင်းမှာ ဘာအခက်အခဲ သွားရှိလဲဆိုတော့ ဦးတို့ရဲ့ လက်ဝှေ့က အဓိကတော့ လက်အိတ်မစွပ်ဘူး၊ ပတ်တီးနဲ့ပဲ ထိုးတယ်။ နောက်တခါ ခေါင်းရိုက်ပါတယ်။ အဲဒီအခါကျတော့ တော်တော်များများ အမြင်မှာ ဒီလက်ဝှေ့ကြီးက ကြမ်းတမ်းတယ်။ လူကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မြင်ပြီးတော့ နိုင်ငံတော်တော်များများကော ကစားသမား တော်တော်များများကော လက်မခံဘူး။ ဒီဘက်နောက်ပိုင်းမှာ ဦးတို့က သွားမယ့်လမ်း နှစ်လမ်းတော့ ရှိတယ်။ တလမ်းက ဘာလဲဆိုတော့ မင်းတို့ ရုပ်သံလိုင်းထဲကနေ မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွေကို သွားပြီးတော့ ပြနိုင်ရင တဖြည်းဖြည်း ထိုးဖောက်ပြီးတော့ ဒီပွဲလေးတွေကို ပြနိုင်မယ်ဆိုရင် ပရိသတ်က မြင်လာမယ်။ အော် ဒါ ရိုးရာလက်ဝှေ့ပွဲဆိုတာ ဒီလိုပါလား။ သူတို့က တောင့်တလာရင် အဲဒီရုပ်သံလိုင်းတွေက ဦးတို့ကို လာချိတ်ဆက်လိမ့်မယ်။ ခင်ဗျားတို့ပွဲတွေ လိုချင်တယ်ဗျာ ဆိုတာမျိုးတွေပေါ့။ ဒါက ပရိသတ်ဘက်ကို သွားတဲ့လမ်းတလမ်း။ နောက်တလမ်းက ဦးက အခုလုပ်နေတာကတော့ ဦးလုပ်တဲ့ပွဲတိုင်းမှာ ဦးက နိုင်ငံတကာပွဲ ဦးစားပေးလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ မနှစ်ကဆိုရင် နိုင်ငံခြားသား ၂၀ လောက်ခေါ်ပြီး ဗမာပြည်မှာ ထိုးလိုက်တယ်။ ပွဲပေါင်းမြောက်မြားစွာ ၂၀ ကျော်တယ်။ ဆိုလိုတာက နိုင်ငံတကာ ဖိုက်တာတွေက ဒီလူတွေပဲ။ ထိုင်းမှာရှိတဲ့ ထိုင်းဖိုက်ထိုးတာလည်း ဒီကလေးတွေပဲ။ ကေ၀မ်းသွားထိုးနေတာလည်း ဒီကောင်တွေပဲ။ ဆိုတော့ သူတို့တွေက မြန်မာ့လက်ဝှေ့ကို လာထိုးပြီးသွားရင် တဖြည်းဖြည်းနဲ့ ယဉ်ပါးသွားရင် သူတို့ကြားထဲမှာ မြန်မာ့လက်ဝှေ့က စိမ့်သွားမယ်ပေါ့။ ဦးဆို မနှစ်ကတုန်းက ရုရှားတွေ ခေါ်ထားတယ်။ ဆွစ်ဇာလန်ခေါ်တယ်။ ထိုင်းတွေပါတယ်။ အီရန်တွေပါတယ်။ တော်တော်များများက ကြားထဲမှာ ထိုးသွားရင်း ထိုးသွားရင်းနဲ့ လက်ဝှေ့အကြောင်း သိသွားမယ်။ အော် လက်ဝှေ့ဆိုတာ ဒီလိုပါလား။ ငါတို့ထိုးလို့ရတာပဲဆိုတာမျိုး ဖြစ်လာရင် လက်ဝှေ့သမားကြားထဲမှာ စိမ့်ဝင်တဲ့နည်းပေါ့နော်။ လောလောဆယ် အဲဒီနည်းကို ကိုယ်တိုင်လည်း ကျင့်သုံးတယ်။ အတတ်နိုင်ဆုံး ဦးက ပွဲသွင်းသူပါ၊ ပွဲစီစဉ်လည်း ဦး နိုင်ငံတကာပွဲပဲ အများဆုံး စီစဉ်တယ်။ ပြည်တွင်းပွဲ သိပ်မလုပ်ဘူး။ ဆိုတော့ ရည်ရွယ်ချက်က အဲဒါပါ။ မေး - ဆရာဆိုလိုတာက ပရိသတ်ကို မီဒီယာတွေကလည်း ဒီတိုးတက်ဖို့အတွက်ကို ထောက်ပံ့ပေးသလို နောက်တချက်က ကျနော်တို့ ဒီ နိုင်ငံတကာက ကစားသမားတွေကိုလည်း ဒီရိုးရာလက်ဝှေ့နဲ့ ယဉ်ပါးလာအောင် ထိုးချင်လာအောင် ကြိုးပမ်းသွားဖို့ လိုအပ်မယ်ပေါ့နော်။ ဖြေ - ဟုတ်ပါတယ်။ တွေ့ဆုံမေးမြန်းသူ - သျှမ်းလူ
5 years Ago
Up