သူသျှိုများ

October 23, 2018

အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းပညာတိုးတက်မှုက သူလျှိုများကို အခက်တွေ့စေ

အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ရည်မှန်းထားတဲ့ နည်းပညာတိုးတက်မှုဟာ သူလျှိုတွေကို ပိုအခက်တွေ့စေတယ်လို့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက်ရဲ့ ညွှန်မှူးက ပြောလိုက်ပါတယ်။ အစ္စရေး ထောက်လှမ်းရေးတပ် မော့ဆက်ရဲ့ ညွှန်မှူး ယိုးဆဲ့ဖ်ကိုဟင်က ဘဏ္ဍာရေး ဝန်ကြီးဌာန ညီလာခံမှာ အောက်တိုဘာ ၂၂ရက်က ခုလို ပြောလိုက်တာပါ။ မော့ဆက်အဖွဲ့အတွက် ရံပုံငွေကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၃ ဘီလျံကနေ ၂ ဒသမ ၇၅ ဘီလျံထိ တိုးမြှင့်ခဲ့တယ်လို့ အစ္စရေးသတင်းစာ ဟာ့ဇ်မှာ ရေးသားထားပါတယ်။ ဒီအတွက် မော့ဆက်ရဲ့ ဘတ်ဂျက်ကို ကာကွယ်ဖို့ ရှားရှားပါးပါး မိန့်ခွန်းပြောတာ ဖြစ်ကောင်းဖြစ်မယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စီမံကိန်းတွေနဲ့ အီရန် အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ ပါလက်စတိုင်းရှိ ဟားမတ်အဖွဲ့တွေလို ခြိမ်းခြောက်မှုတွေကို တန်ပြန်မယ့် အစ္စရေးရဲ့ မြားဦးအဖြစ်  မော့ဆက်ရဲ့ ညွန်မှူးကိုဟင်က ပြောပါတယ်။ “ရုပ်ပြောင်းရုပ်လွှဲ လုပ်ထားသူရဲ့ မျက်နှာကို မှတ်မိတဲ့ နည်းပညာနဲ့ ဒစ်ဂျစ်တယ် နည်းပညာနဲ့ အဆင့်မြှင့်ထားတဲ့ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်တဲ့ စာရွက်စာတမ်းတွေက မော့ဆက် သူလျှိုတွေကို စိန်ခေါ်နေပါတယ်။ ဘယ်နေရာကိုပဲ ကျနော်တို့ သွားသွား လုံခြုံရေး ဌာနတွေက ပိုအားကောင်းတယ် ဆိုတဲ့ အချက်ကို ကျနော်တို့က ထည့်စဉ်းစား တွက်ချက်ထားရတယ်”လို့ ပြောပါတယ်။ ခုခေတ်မှာ ခင်ဗျားရဲ့ လက်ဗွေနဲ့ မျက်စိမြင်လွှာကို စစ်ဆေးရုံနဲ့ ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ်ကို သိနိုင်တယ်ဆိုတဲ့ အချက်ကို ပြောရရင် ကျနော်တို့အဖွဲ့ရဲ့ ပြဿနာ စိန်ခေါ်မှုရဲ့ အကြီးဆုံး အစိတ်အပိုင်းကို ခင်ဗျား မှန်းဆနိုင်မယ်လို့လည်း သူက ပြောပါတယ်။ သာမန် လူတွေအတွက် နည်းပညာက ကောင်းပါတယ်၊ နည်းပညာကို သိပ်မလိုချင်တဲ့ လူတွေအတွက်ကတော့ မတူခြားနားတဲ့ ဖွဲ့စည်းပုံစနစ်ရဲ့ စိန်ခေါ်မှု ဖြစ်လာတယ်လို့ သူက ပြောခဲ့ပါတယ်။
3 years Ago
Up