သူလျှိုမှုဖြင့် သေဒဏ်ကျ အိန္ဒိယနိုင်ငံသား

June 23, 2017

သူလျှိုမှုဖြင့် သေဒဏ်ကျ အိန္ဒိယနိုင်ငံသား ပါကစ္စတန်စစ်ဦးစီးချုပ်ထံ အသနားခံစာတင်

ပါကစ္စတန်နိုင်ငံထဲမှာ သူလျှိုလုပ်မှုနဲ့ သေဒဏ်ပေးခံရတဲ့ အိန္ဒိယနိုင်ငံသားက ပါကစ္စတန် စစ်တပ် စစ်ဦးစီးအရာရှိချုပ်ဆီမှာ အသနားခံစာတင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ဇွန် ၂၂ ရက်နေ့မှာ ပြောပါတယ်။ အိန္ဒိယ ရေတပ်အရာရှိဟောင်း ကူဘူရှန် ဂျာဒက်ဗ်ဟာ ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလူချီစတန်ခရိုင်မှာ မနှစ်က အဖမ်းခံရတာပါ။ ဒီနယ်မြေဟာ ပါကစ္စတန် စစ်တပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြား ကာလကြာရှည် ပဋိပက္ခ ဖြစ်ရာ နေရာပါ။ ရေတပ်အရာရှိဟောင်း ဂျာဒက်ဗ်ဟာ ပါကစ္စတန်နိုင်ငံထဲ သူလျှိုမှု၊ အကြမ်းဖက်သမားနဲ့ အဖျက်လုပ်ရပ်တွေ လုပ်ကိုင်ရာမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီးပြီ၊ သူ၏လုပ်ရပ်ကြောင့် ပျက်စီးတာတွေ၊ အသက်ဆုံးရှုံးမှုတွေအတွက် နောင်တရကြောင်းလည်း ပြောပြီးပြီ၊ မေတ္တာ ကရုဏာကို အခြေခံပြီး သက်ညှာဖို့ တောင်းဆိုခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ ဂျာဒက်ဗ်ကို ပါကစ္စတန်မှာ စစ်ခုံရုံးတင်ပြီး ဧပြီလက သေဒဏ်ချမှတ်ခဲ့တာပါ။ သူ့အား မေလမှာ ကွပ်မျက်မယ့် အစီအစဉ်ကို နှောင့်နှေးထားဖို့ နိုင်ငံတကာ တရားရုံးက ပါကစ္စတန်ကို အမိန့်ထုတ်ခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့ နိုင်ငံခြားသားကို သံတမန်ရေး အထောက်အပံ့ ပေးရမယ့် နိုင်ငံတကာ သဘောတူညီချက်ကို ပါကစ္စတန်က ချိုးဖောက်တယ်လို့လည်း နိုင်ငံတကာ တရားရုံးက ပြောခဲ့ပါတယ်။
6 years Ago
Up