သူလျှိုမှု

November 24, 2018

သူလျှိုမှုဖြင့် ထောင်ဒဏ်တသက်ကျနေသည့် ဗြိတိန်ကျောင်းသားကို လွှတ်ပေးနိုင်ဟု ယူအေအီးပြော

သူလျှိုမှု စွဲချက်တွေနဲ့ ထောင်ဒဏ်တသက် ပြစ်ဒဏ် ချမှတ်ခံရတဲ့ ဗြိတိန်ကျောင်းသားကို လွှတ်ပေးနိုင်တယ်လို့  အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကာလရှည် မဟာမိတ်နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်စေတဲ့ ဒီအမှုမှာ အဆိုပါ ကျောင်းသားရဲ့ မိသားစုက သက်ညှာခွင့်  တောင်းဆိုခဲ့ပြီးနောက် ယူအေအီးအစိုးရက အဲဒီလို ပြောကြားလိုက်တာပါ။ အသက် ၃၁ နှစ်အရွယ် မက်သရူးဟက်ဂျက်စ်ဟာ ဗြိတိန်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ်တသက် ချမှတ်ခံရပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်မှုအပေါ် အလွန်စိတ်ပျက်မိကြောင်း  ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောကြားခဲ့ပါတယ်။ ဟက်ဂျက်စ်ဟာ အရည်အသွေးရှိ သုတေသီ တဦးဖြစ်တယ်လို့ သူ့မိသားစုက ဆိုပါတယ်။   ယူအေအီးအစိုးရကတော့ သူဟာကြီးလေးတဲ့ သူလျှိုမှုအတွက် မျှတတဲ့ တရားစီရင်မှုကို ခံရသူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
2 years Ago

May 7, 2018

သူလျှိုမှုဖြင့် မှားယွင်းစွပ်စွဲခံရသည့် အမေရိကန်နိုင်ငံသူ သိပ္ပံပညာရှင် အလုပ်ပြန်ရ

သူလျှိုမှုနဲ့ မှားယွင်းစွပ်စွဲခံရတဲ့ တရုတ်လူမျိုး အမေရိကန်နိုင်ငံသူ သိပ္ပံပညာရှင် အမျိုးသမီးဟာ ခုတော့ သူ့အလုပ်ကို ပြန်ရပါပြီ။ အခြေအမြစ်မရှိတဲ့ သူလျှိုမှုစွဲချက်တွေကြောင့် မှားယွင်းဖမ်းဆီးပြီး အလုပ်ထုတ်ခံရတဲ့ အမေရိကန်နိုင်ငံသား တရုတ်သိပ္ပံပညာရှင် ရှာရီချန်ဟာ မကြာခင် အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်မှာ အလုပ်ဝင်တော့မှာပါ။ ဆုရ ဇလဗေဒပညာရှင် ချန်းဟာ သူလျှိုမှုနဲ့ ၂၀၁၄ ခုနှစ်က စွပ်စွဲ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့အမှုက မခိုင်လုံပေမယ့် အမေရိကန်အစိုးရက သူ့ကို အမျိုးသား မိုးလေဝသဌာနကနေ အလုပ်ထုတ်ခဲ့ပါတယ်။ ဒီ့နောက် ၃ နှစ်ခွဲကြာအပြီး ဧပြီလမှာ သူ့ကို အလုပ်ပြန်ခန့်ဖို့ ဌာနက အမိန့်ထုတ်ခဲ့ပါတယ်။ ချန်ဟာ တရားမမျှတမှုရဲ့ သားကောင်ဖြစ်ခဲ့တယ်လို့ အရည်အချင်းစနစ် ကာကွယ်ရေး ဘုတ်အဖွဲ့ စီမံခန့်ခွဲမှုဆိုင်ရာ တရားသူကြီးချုပ် မီရှဲလ်ရှိုဒါက ဧပြီ ၂၃ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ "ကျမရဲ့နာမည် သန့်ရှင်းကြောင်း လူသိရှင်ကြား ကြေညာပေးဖို့၊ ကျမအပေါ် စွဲချက်အားလုံးက အမှားတွေဆိုတာ ပြောဖို့ အာဏာပိုင်တယောက်ယောက်ကို ကျမ အကြာကြီး စောင့်နေခဲ့တယ်။ တရားသူကြီးက ဒီအလုပ်ကို လုပ်ခဲ့တယ်" လို့ ရှာရီချန်က ပြောပါတယ်။ မှားယွင်းစွပ်စွဲမှု ဓားစာခံဟာ သူတယောက်တည်းတော့ မဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ်ကနေ ခုထိ စီးပွားရေးသူလျှိုမှု အက်ဥပဒေအရ တရားစွဲခံရတဲ့ တရုတ်မျိုးနွယ်ဟာ ၃ ဆတိုးပြီး ၅၂ ရာခိုင်နှုန်း ရှိလာတယ်၊ အာရှမျိုးနွယ်ကတော့ ၆၂ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ တက္ကဆက်ပြည်နယ်တောင်ပိုင်း ဥပဒေကောလိပ်က သုတေသနဆိုင်ရာ ဧည့်ပညာရှင် အင်ဒရူးကင်မ်က ပြောပါတယ်။ မလိုမုန်းထားမှု အခြေပြု တရားစွဲမှုနဲ့ မှားယွင်းဖမ်းဆီးမှုအတွက် ပြန်တရားစွဲဖို့ ချန်ရဲ့ တရားရေးအဖွဲ့က ပြင်ဆင်နေပါတယ်။ ဒီအမှုကို အသနားခံဖို့ လိုမလိုဆိုတာ အမေရိကန် ကုန်သွယ်ရေးဌာနက မေ ၂၈ ရက်နေ့မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
3 years Ago
Up