ဖမ်းဆီးထိန်းသိမ်းခံ သြစတြေးလျ စာရေးဆရာ ယန်ဟန်ကျွင်းဟာ တရုတ်ပြည်မကြီး မြို့တော်ပေကျင်းမှာ သူလျှိုမှုစွဲချက်ကို ရင်ဆိုင်ရပြီး သူ့အမှုအတွက် တရားသူကြီးတယောက်ကို လာမယ့်ရက်တွေမှာ ခန့်အပ်ဖို့ မျှော်လင့်ထားတယ်လို့ သူငယ်ချင်းတွေက အောက်တိုဘာ ၁၀ ရက်မှာ ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် ဘလော့ဂါဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ တရုတ်ပြည်မကြီး ကွမ်ကျိုးလေဆိပ်ကို ရောက်ချိန် ၂၀၁၉ ဇန်နဝါရီက တရုတ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။
သူ့အမှုကို ပေကျင်းမြို့တော် အလယ်ရုံး ဒုတိယတရားရုံးဆီ လွှဲပြောင်းပေးထားပြီးပြီလို့ ပေကျင်းက သူ့ရှေ့နေတွေကို အောက်တိုဘာ ၇ ရက်က အကြောင်းကြားထားပါတယ်။
ဒီအမှုကို ကြားနာဖို့ လာမယ့်နှစ်ပတ်အတွင်း တရားသူကြီးတယောက်ကို ခန့်အပ်မယ်လို့ မျှော်လင့်ထားတယ်လို့ ယန်ရဲ့ သူငယ်ချင်းနဲ့ ဆစ်ဒနီ နည်းပညာတက္ကသိုလ်ပါမောက္ခ ဖှုန့်ချုံယိက ပြောပါတယ်။
ယန်နဲ့ သူ့ရှေနေတို့ ၁ နာရီစီ ၂ ကြိမ်တွေ့ခဲ့ပြီး ဒါဟာ တရုတ် လုံခြုံရေးအာဏာပိုင်တွေရဲ့ ၂၁ လတာ ထိန်းသိမ်းစစ်ဆေးမှုအတွင်း ပထမဆုံး တရားရေးလမ်းစရတာပါ။
သြစတြေးလျ သံရုံးအရာရှိတွေရဲ့ ကောင်စစ်ဝန်လမ်းကြောင်းကလည်း စက်တင်ဘာလကမှ ပြန်ရခဲ့ပါတယ်။
သူ့မှာ အပြစ်မရှိဘဲ မလုပ်ခဲ့တဲ့ တစုံတခုအတွက် ဘယ်တော့မှ ဝန်ခံမှာမဟုတ်ဘူးလို့ ယန်က သူ့မိသားစုကို အရင်လက ပေးပို့တဲ့စာထဲမှာ ပြောထားပါတယ်။
စွဲချက်တွေကို သြစတြေးလျ အစိုးရက အခိုင်အမာပယ်ချပြီး တရုတ်နဲ့ သြစတြေးလျ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ဒီနှစ်ထဲမှာ ယိုယွင်းခဲ့ပါတယ်။
6 months Ago