သူလျှို

October 1, 2020

သူလျှို ၁ ဦးကြောင့် ယုံကြည်ချက် ပျက်စီးခဲ့ရဟု ဘက်ပြောင်းလာသူ မြောက်ကိုရီးယားအမျိုးသမီး ဖွင့်ဟ 

မြောက်ကိုရီးယားရှိ သူ့အိမ်ကနေ ထွက်ပြေးလာတဲ့ ဘက်ပြောင်းခိုလှုံသူ အမျိုးသမီး တဦးဟာ ကိုရီးယားသူလျှိုတယောက်ရဲ့ အလွဲသုံးစားပြုမှုကြောင့် သူ့ယုံကြည်ချက်နဲ့ အိပ်မက်တွေ ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။  အမျိုးသမီးလီဟာ လျှို့ဝှက်တဲ့ တောင်ကိုရီးယားအမျိုးသား ဒေါက်တာ ဆောင်းနဲ့ တွေ့အပြီး ဘဝသစ် စဖို့ ကူညီမယ့် အဖေလို လူတယောက် ရတယ်လို့ ထင်ခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားမှာ ကျန်ရစ်တဲ့ အကိုနဲ့ ပြန်အဆက်အသွယ်ရဖို့ သတင်းအချက် အလက်တွေကို ဒေါက်တာ ဆောင်းက ပေးခဲ့တဲ့အတွက် အစောပိုင်းက ဆက်ဆံရေး ကောင်းမွန်ခဲ့ တာပါ။ သူ့အကိုကို မြောက်ကိုရီးယား လျှိုဝှက်ရဲစုံထောက် တယောက်က ဖမ်းသွားအပြီး နောက်ပိုင်းမှာတော့ ဒေါက်တာ ဆောင်းနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ကင်မ်တို့ဟာ အဲဒီ အမျိုးသမီး လီကို ကာမစော်ကား အလွဲသုံးစား လုပ်ခဲ့ကြတယ်လို့ သူနဲ့ စစ်ဘက် တရားလိုပြ ရှေ့နေတို့က ပြောဆို တရားစွဲခဲ့ပါတယ်။  အလွဲသုံးစားမှုကို တနှစ်ခွဲကျော် ခံစားခဲ့ရပြီး ၂ ကြိမ် ကလေးဖျက်ချခဲ့ရတယ်လို့လည်း အမျိုးသမီးက ပြောပါတယ်။  ဒေါက်တာ ဆောင်းဟာ တောင်ကိုရီးယား ကာကွယ်ရေး၊ ထောက်လှမ်းရေး စစ်တိုင်းက ဒုဗိုလ်မှူးကြီး၊ ကင်မ်ကတော့ တပ်ကြပ်ကြီးဖြစ်ပြီး သူတို့ ၂ ယောက်ကို ဒီလထဲမှာပဲ ကာမ စော်ကားမှုနဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ တရားစွဲခဲ့တာပါ။ ဆောင်းနဲ့ ကင်မ်တို့ရဲ့ ရှေ့နေကတော့ မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်ကို မတုန့်ပြန်ပါဘူး။ တောင်ကိုရီးယား ရာဇဝတ်မှုတွေမှာ ခုခံလျှောက်လဲသူတွေရဲ့ နာမည်အပြည့်အစုံကို အစဉ်အလာအရ ထုတ်ဖော်တာ မပြုပါဘူး။  ဒီအမှုအတွက် မှတ်ချက်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းပါတယ်။  ဆောင်းနဲ့ ကင်မ်တို့ဟာ မြောက်ကိုရီးယားအမျိုးသမီး လီနဲ့ ကာမဆက်ဆံခဲ့ပေမဲ့ အဓမ္မ ပြုကျင့်တာတော့ မရှိဘူးလို့ ငြင်းကြောင်း စစ်ဘက်ရှေ့နေချုပ် ဗိုလ်မှူးကြီး လီဆိုးဒေါင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။  မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ရွှေ့ပြောင်း အခြေစိုက်သူ အယောက် ၃၃၇၀၀ ထဲမှာ ၇၂ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။  သူတို့ထဲက လေးပုံတပုံထက် မနည်းဟာ တောင်ကိုရီးယားမှာ လိင်ပိုင်းအကြမ်းဖက်ခံခဲ့ရပြီး ၁၀ ရာခိုင်နှုန်းသာ အကူအညီရခဲ့တယ်လို့ ကျားမ တန်းတူညီရေးဝန်ကြီးဌာနရဲ့ ၂၀၁၇ စစ်တမ်းက ဆိုပါတယ်။
7 months Ago

May 3, 2020

ကိုလံဘီယာစစ်တပ်က အရာရှိ ၁၁ ဦးကို ထုတ်ပယ်

ကိုလံဘီယာစစ်တပ်က အရာရှိ ၁၁ ယောက်ကို တာဝန်က ထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး တယောက်ကို နုတ်ထွက်ခွင့်ပေးလိုက်တယ်လို့ ကိုလံဘီယာကာကွယ်ရေးဝန်ကြီးဌာနက မေ ၁ ရက်မှာ ကြေညာပါတယ်။  စစ်တပ်က သတင်းထောက်တွေ နိုင်ငံရေးသမားတွေ တရားသူကြီးတွေနဲ့ စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေကို သူလျှိုထောက်လှမ်းမှု စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးနေချိန်မှာ ခုလို ကြေညာလိုက်တာပါ။ ထုတ်ပယ်ခံတွေနဲ့ နုတ်ထွက်ခွင့်ရသူတို့ရဲ့ နာမည်တွေကိုတော့ ဝန်ကြီးဌာနက မကြေညာပါဘူး။  ဒေသခံသတင်းမဂ္ဂဇင်း ဆေမာနာက စွဲချက်တွေကို ပုံနှိပ်ဖြန့်ချိအပြီး ဇန်နဝါရီလမှာ အစိုးရ ရှေ့နေချုပ်က စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ခဲ့တာပါ။  လတ်တလော နှစ်တွေအတွင်း ဖှားသူပုန်တွေနဲ့ ဆွေးနွေးပွဲမှာ ညှိနှိုင်းသူတွေကို အရာရှိ တွေက သူလျှို ထောက်လှမ်းနေတယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် စစ်တပ်က ပါဝင်ပတ်သက်နေတဲ့ ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်မှုဆိုင်ရာ ကျော်မကောင်းကြားမကောင်းမှုတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ အရာရှိတွေကို တာဝန်ကနေ ဖယ်ရှားလိုက်တာဟာ စွဲချက်တွေအပေါ် အခြေခံ ဆုံးဖြတ်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီး ကားလော့စ် ဟုမ်းစ် ထရူဂျီလိုက ပြောပါတယ်။  စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။ နိုင်ငံခြားနဲ့ပြည်တွင်း မီဒီယာတွေက သတင်းထောက်တွေအပါအဝင် လူအယောက် ၁၃၀ကျော်ရဲ့ အဆက်အသွယ်တွေ မိသားစုတွေနဲ့ လိပ်စာတွေကို စုဆောင်းကောက်ယူဖို့ ဆိုင်ဘာ ဖောက်ထွင်း အချက်အလက် ခိုးယူတာ ခံခဲ့ရတယ်လို့ ဆေမာနာမဂ္ဂဇင်းက သောကြာနေ့က ရေးသားခဲ့ပါတယ်။ 
12 months Ago
Up