သူရဲကောင်းတို့ရဲ့ အလွမ်းဇာတ်

July 19, 2018

သူရဲကောင်းတို့ရဲ့ အလွမ်းဇာတ် ဘယ်မှာ အဆုံးသတ်ရှိပါ့မလဲ

မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံး အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် နိုင်ငံတော်ဈာပန ကျင်းပပြီး အာဇာနည်ကုန်းမှာ ဂူသွင်းခဲ့တဲ့ ၁၃၀၉ ခုနှစ် ကဆုန်လဆန်း ၄ ရက် တနင်္ဂနွေနေ့။ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်။ ညနေ ၂း၃၀ နာရီအချိန်။ အို… ဗမာ့သားကောင်းရတနာ ခေါင်းဆောင်ကြီးတို့….. ခေါင်းဆောင်ကြီးတို့ ကိုယ်ခန္ဓာအတွင်းမှ သက်ဆင်းခဲ့ရသော သွေးရောင်ခြည်တို့ဖြင့် လွတ်လပ်ရေး မီးရှူးပန်းပမာ ညွှန်ပြရာသို့ တသဝေမတိမ်း ငါတို့ လိုက်နာ ကျင့်ဆောင်ခဲ့ခြင်းအားဖြင့် ယခုအခါတွင် ဗမာ့လွတ်လပ်ရေးကြီးသည် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ အကောင်ထည်ပေါ်လာခဲ့ပြီ။ အို… ဗမာ့အာဇာနည်ခေါင်းဆောင်ကြီးတို့…. ခေါင်းဆောင်ကြီးတို့၏ သွေးနှင့်ဆက်၍ အသက်ကိုစွန့်ခဲ့သော အာဇာနည် စိတ်ဓာတ်များအား ငါတို့သည် မရပ်မနား အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ အမြဲ ချီးကျူးကြပါကုန်၏။ လေးစားကြပါကုန်၏။ အစဉ်ထာဝရ သတိရပြီး တမ်းတ ပူဆွေးမိကြပါကုန်၏။ အို… ဗမာ့သူရဲကောင်းကြီးတို့… ခေါင်းဆောင်ကြီးတို့၏ သွေးဖြင့် ရေးမှတ်ခဲ့သော လွတ်လပ်ရေးကြီးကို တည်တန့်ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ထားရန်နှင့် ဗမာ့လွတ်လပ်ရေး ရန်သူမှန်သမျှ တွန်းလှန်ချေမှုန်းကြပါမည်ဟု ယနေ့ ဤကုန်းပေါ်တွင် လာရောက် စုဝေးနေကြသော လူထုခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် အဓိဋ္ဌာန်ပြုကြပါကုန်၏။ အို… ဘဝတပါးပြောင်းကြသော အာဇာနည်ခေါင်းဆောင်ကြီးတို့… ခေါင်းဆောင်ကြီးတို့အတွက် ရည်မှန်းတမ်းတ လှူဒါန်းခဲ့ကြသော ကောင်းမှုကုသိုလ်အဖို့ မှန်သမျှကို အမျှပေးဝေပါကုန်၏။ ဘဝတပါးသို့ ပြောင်းသွားပြီး လားရာသုဂတိမှနေ၍ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။ ခေါင်းဆောင်ကြီးတို့၏ ဝိညာဉ်အပေါင်းသည် ငါတို့၏ ဤအဓိဋ္ဌာန်ပြုချက်ကို မပျက်မကွက် ဖောက်ဖျက်သွေဖည်မှု မရှိစေရန် အလင်းရောင် ပေးနိုင်ကြပါစေကုန်သတည်း…..။ ဗိုလ်မှူးအောင်ရဲ့ အောင်မြင်တဲ့အသံ။ တညီတညွတ်တည်း နောက်မှ လိုက်ဆိုနေတဲ့ ပရိသတ်ရဲ့လှိုင်း။ သိဂုင်္တ္တရတခုလုံး တုန်ဟီးသွားစေတဲ့ ပဲ့တင်သံ။ ဗမာပြည်တနံတလျား ဖုံးလွှမ်းသွားပေါ့။ အဓိဋ္ဌာန်စာတမ်းရဲ့ ရိုက်ခတ်မှု မသာပို့သူရင်ထဲ တည့်တည့်မတ်မတ် စိုက်ဝင်သွားတယ်။ "တက်ခေါက်မှု” လှိုင်းက ရင်ထဲ တုန်ခါလို့။ မျက်ရည်စို့သူစို့။ နှလုံးသည်းပွတ်ရဲ့ ခံစားချက် အန်ထွက်လာတယ် ထင်ပ။ အသံတိတ်ငိုပွဲမှာ နှာရည်တွေလည်း တရွှဲရွှဲနဲ့။ ဝမ်းနည်းပူဆွေးကြပေမပေါ့။ တိုင်းပြည်ကို ကျွန်တွင်းက ကယ်ထုတ်ခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ မဟုတ်လား။ ရှေ့တန်းမှာ ဘသိန်းတင်လည်း ရပ်နေလေရဲ့။ ဈာပနကော်မတီဝင်တဦးပေပဲ။ လက်တွဲဖော်တွေ လက်တွဲဖြုတ်လိုက်ပေမယ့် နှလုံးသားက နီးနေဆဲ မဟုတ်လား။ အားလုံး တွေဝေငေးမောနေကြ။ ငိုရှိုက်ရမှာကို မေ့လျော့ဟန်ထင့်။ ဟို အဝေးကနေ ရုတ်တရက် ပျံသန်းလာတဲ့ လေယာဉ် ၄ စီးဟာ ကောင်းကင်ယံကနေ ပန်းမိုးတွေ ရွာသွန်းပေါ့။ လေဟာနယ် ကောင်းကင်ပြင်တခုလုံး ပွင့်ဖတ်တွေ ပွင့်ချပ်တွေ… လေမှာဝေ့ဝေ့ဝဲ။ အဇဋာပြင်ရဲ့ ရောင်စုံပန်းခင်း တအိအိ ပြိုဆင်းလာသလိုပါပဲလား။ ပူပြင်းတဲ့ ဧပြီနွေကို ရောင်စုံပန်းခင်းကြီး ထီးလုပ်လို့ မိုးထားသလိုမျိုး။ နေပြောက်မထိုးတဲ့ အရိပ်အာဝါသ တဒင်္ဂ ရလိုက်သေးတယ်။ လေဟာပြင်ရဲ့ ရောင်စုံပန်းခင်း ဗိုလ်ချုပ်တို့ရဲ့ ခေါင်းတလားခြေရင်းဆီ ဦးတည်လို့ ကျဆင်း။ နှိမ့်ချစွာ ပူဇော်နေခြင်းလားကွယ်။ ကမ္ဘာမြေရေ.. "ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုကြိုဆိုလိုက်ပ။” လို့ လျှောက်ထားတောင်းပန်နေသလိုမျိုး။ ကြေကွဲဖွယ်အတိ။ ပန်းတို့ ငိုရှိုက်နေလေရော့လား။ အာဇာနည်ကုန်းတခုလုံး ပန်းတို့ဖုံးလွှမ်းသွားတယ်။ ခေါင်းတလားခြေရင်းမှာ တလွင့်လွင့် ကြွေလာတဲ့ ပန်းတွေကို ငေးမောနေတဲ့ သခင်ကိုယ်တော်မှိုင်းနဲ့ ထိပ်တင်ကိုယ်တော်ကြီး။ တုတ်တုတ်မျှ မလှုပ်။ မျက်လုံးအစုံက ရီဝေမှိုင်းလို့။ အတိတ်ရဲ့ အရိပ်တွေကို ပုံဖော်နေလေရော့သလား။ အောင်ဆန်းတို့ ရုပ်ကလာပ်ကို အထပ်ထပ် ရှုမဝသလိုပါပဲလား။ ကျောင်းသားအစ တို့ဗမာအစည်းအရုံး အလယ် ဖဆပလအဆုံး “လွတ်လပ်ရေး ဧကမူစိတ်” နဲ့ သေလူအောင်ဆန်းရဲ့ဘဝ တသသတွေးလို့ ငေးမောနေလေရော့သလား။ … တပည့်ရင်းတွေပဲလေ။ မချိတင်ကဲ ခံစားမယ်ဆိုလည်း ခံစားရပေမပေါ့။ ဆရာကြီး စိတ်ထဲမှာတော့  “ဒေါင်းအလံပဝါအုပ်” သင်္ဂြိုဟ်နေလောက်ပါပြီ။ သြော်… တပည့်ရင်းတွေမို့                                                                                       ကဝိမတင်းနိုင်ဘူးကွယ် သတိကင်းကာ မျက်ရည်ကျကျပြီး ခက်ကပြီ လက်ဆည်လို့လည်းမရနိုင်ဘူး သောကဗလောင်ဆူတော့…. ဆရာကြီးမှိုင်း ဘယ်မှာ စိတ်ကောင်းနိုင်ပါ့မလဲလေ။ ၁၉၂၀ ကတည်းက လက်တွဲခဲ့တဲ့ မောင်ဘချိုလေးကလည်း ကျဆုံးသွားရှာပြီပဲ။ အမျိုးသားကျောင်းရဲ့ ဆရာကောင်းလေးပေါ့။ လွတ်လပ်ရေးပန်းတိုင်မှာ “ဒို့ဗမာအလံ” စိုက်စဉ်ကလည်း တပည့်ရင်းတွေနဲ့ ပျော်ပျော်ကြီး သြဘာစာ ဖတ်ပေးချင်ခဲ့တာ။ ခုတော့ လမ်းခုလတ်မှာ… အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့ ရန်ခပင်းကိုတဲ့ မောင်းကာနှင်… ဒေါင်းမြန်မာတခွင်မှာဖြင့် တကောင်းရာဇဝင် ဆက်ချင်သကောရယ်”... လို့ ရင်ဘတ် ထုထုပြီး ငိုချင်းချရတော့မလိုလို။ “လွှတ်သဘင်” အခမ်းအနား မသိ။ ဗိုလ်ရှုသဘင်မှာလည်း မရှိ။ ကြိုးစားခဲ့သလောက် အရာထင်ခဲ့ပေမယ့် “လွှတ်သဘင်” မှာ ပါဝင်ဆင်နွှဲခွင့်မရတဲ့ တပည့်တွေအတွက် ဆရာကြီးမှိုင်း ထိထိခိုက်ခိုက် ခံစားရပေမပေါ့။ စိတ်ထဲမှာတော့….. ရုပ်ကျန်ခုနစ်လောင်းနဲ့.. အလွန်ကောင်းစွာ ကမ္ဘာတည်မည့် အာဇာနည်ဗိမာန်ပုထိုးကိုဖြင့် ရှိခိုးကာ ဆရာ ကန်တော့ချင်ရဲ့….တဲ့။ ဆရာကြီး ရင်ထဲက အသံတွေ ဆို့နင့်ဖွယ်အလွမ်းဇာတ် ဆရာကြီး တခန်းရပ်နိုင်ပုံမရ။ ဆရာ တပည့်ရယ် မဟုတ်။ ရှိခိုးဦးတင် မချိတင်ကဲ ခံစားစိတ်များ။ ရင်တွင်းက ပေါက်ကွဲထွက်လာပေါ့။ “အခေါင်မမြန်းရခင် အောင်ပန်းညို့ရှာတဲ့ အောင်ဆန်းတို့ သေပုံ” ကိုလည်း ဆရာကြီး နှမြောတသ ဖြစ်ခဲ့ရပါပြီ။ မိန်းမောနေတဲ့ ဆရာမှိုင်းအနား ပွင့်ဖတ်များလည်း တဖျတ်ဖျတ် ကြွေကျ။ ခေါင်းတလားတွေအားလုံး ပန်းတွေဖုံးပေါ့။ “ပန်းလေယာဉ်” အသံစဲတော့ အမြောက်သံ သုံးချက် ကြားလိုက်ရတယ်။ “ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု”…။ အားလုံး ဇက်ချိုးချလိုက်ကြတယ်။ အာဇာနည်ကုန်းတခုလုံး တိတ်ဆိတ်လို့။ ရွှေတိဂုံစေတီတော်ကြီးဆီက ဆည်းလည်းရှိုက်သံ လွင်လွင်ကလေး ခပ်သဲ့သဲ့ ကြားနေရတယ်။ အာဇာနည်ကုန်းရဲ့ ပန်းလွင်ပြင်မှာ ပန်းခွေတွေလည်း အထပ်ထပ်။ ဗမာတပြည်လုံး ပူဆွေးသောကတွေနဲ့။ ကြေကွဲဆို့နင့်ဖွယ်ရာ မြင်ကွင်းရဲ့ အဆုံးမှာတော့ ဘင်ခရာဝိုင်းရဲ့ “နိုင်ငံတော်သီချင်း”။ ခတ်ပြင်းပြင်း ဘင်ထုသံက ရင်ဝတည့်တည့်ကို လှုပ်ခတ်လိုက်တော့မှပဲ ငိုရှိုက်ရကောင်းမှန်း သိတော့တယ်။ မန်းဘခိုင်ရဲ့ ဇနီးလည်း ရုတ်တရက် မေ့မြောလို့ တက်သွားပါလေရော။ အတွင်းကျိတ် ဝေဒနာကို နှလုံးသည်းပွတ်က ခံနိုင်ရည် ဘယ်ရှိနိုင်ပါတော့မလဲလေ။ အမေစုကတော့ “ဘဝင်းရဲ့…. အောင်ဆန်းရဲ့… အမကို ပစ်သွားကြသလားကွယ်…” တဲ့။ မခင်ကြည်ရဲ့ မျက်နှာ။ တည်ငြိမ်ပေမယ့် ရင်ထဲမှာ ငိုနေမှာ အသေအချာပါ။ ဘင်ထုသံ အဆုံးမှာတော့ အာဇာနည်နေ့ ဈာပန နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပါပြီ။ ကြေကွဲဖွယ်နိဂုံးနဲ့ ဘယ်သူ အဆုံးသတ်ချင်ပါ့မလဲကွယ်။ သူရဲကောင်းတို့ရဲ့ အလွမ်းဇာတ် ဆိုတာ ဘယ်မှာ အဆုံးသတ်ရှိပါ့မလဲ လေ …။ ထွန်းဇော်ဌေး
3 years Ago
Up