သူရဲကောင်းနာရေး

March 29, 2021

အကြမ်းဖက်စစ်အုပ်စု စောင့်နေသဖြင့် မိသားစုမပါဘဲမြေချရသည့် ပုသိမ်က သူရဲကောင်းနာရေး

ပုသိမ်မြို့မှာ၊ မတ် ၂၇ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုပစ်ခတ်မှုကြောင့် ပေါင်ကျည်ထိမှန်ကျဆုံးခဲ့တဲ့ ကိုဝေလင်းဦး နာရေးကို ဒီနေ့ နေအိမ်ကae သုသာန်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းကစတင်ကာ ရပ်ကွက်တွေထဲထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကိုင်တွေက လိုက်လံပစ်ခတ်တာတွေရှိနေလို့ မိသားစုမပါဘဲ သင်္ဂြိုဟ်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ် ကိုဝေလင်းဦးနာရေးကို အစက မွန်းတည့် ၁၂ နာရီပြုလုပ်ဖို့စီစဥ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေရှိနေလို့ မွန်းလွဲ ၂ နာရီရောက်မှသာ နေအိမ်ကနေ သုသာန်ကိုပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေက ရပ်ကွက်တွေထဲကို လိုက်လံပစ်ခတ်ပြီး ရာမည၊ ဧရာမင်း၊ ဘန့်ဘွေးကုန်း၊ ကျောက်ငူ စတဲ့နေရာတွေမှာ တပ်စွဲထားတာကြောင့် အလောင်းလာလုမှာစိုးလို့ ခုလို ဘယ်သူ့ကိုမှ အသိမပေးဘဲ နာရေး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ မတ်လ ၂၇ ရက်နေ့က ရဲနဲ့စစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး မတ်လ ၂၈ ရက်နေ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။

ပုသိမ်မြို့မှာ အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ဖြိုခွင်းခံရတာ ၁၀ ကြိမ်ရှိပြီး မတ်လ ၂၉ ရက်နေ့ထိ သေဆုံးသူ ၇ ဦးရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

8 months Ago
Up