သူရရွှေမန်း

March 9, 2017

မသန်စွမ်းသူများ အခွင့်အရေးကာကွယ်ပေးရေးဥပဒေ ပြင်ဆင်ရန် သူရဦးရွှေမန်း ဆွေးနွေး

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေ ပြင်ဆင်ဖို့အတွက် သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံမသန်စွမ်း အသင်းအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မသန်စွမ်းသူများ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီမှာ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲဝင်းက ပြောပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကာကွယ်ပေးရေးအတွက် မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ “ကျနော်တို့ မသန်စွမ်းသူတွေဘက်က အဓိက ဆွေးနွေး တင်ပြတာက Sector ၃ ခု ပါ။ နံပတ် ၁ က မသန်စွမ်းသူတွေရဲ့ပညာရေး၊ နံပတ် ၂ က မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၃ အချက်က မသန်စွမ်းသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာဥပဒေနဲ့ အမျိုးသားပညာရေးကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေတွေ ကိုလည်း အဓိက ဆွေးနွေးခဲ့တယ်”လို့ မသန်စွမ်းသူများ ပညာသင်ယူခွင့်ရရှိရေး လှုပ်ရှားမှု ကော်မတီမှာ တွဲဖက်အတွင်းရေးမှူး (၁) ဦးရဲဝင်းက ပြောပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံသားများရဲ့ မူလအခွင့်အရေးအရ မသန်စွမ်းတွေလည်း အခွင့်အရေး ရှိကြောင်း ဆောင်ရွက်ပေးရမှာ ၂ ပိုင်း ခွဲ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ “တပိုင်းက ဥပဒေရေးရာကိစ္စ၊ နောက်တပိုင်းက ဝန်ကြီးဌာနများရဲ့ လုပ်ထုံးလုပ်နည်း လုပ်ငန်းဆောင်တာကိစ္စတွေမှာ မသန်စွမ်းအခွင့်အရေးဥပဒေအရ ဆောင်ရွက်ရမယ်”လို့ ဦးရဲဝင်းက ပြောပါတယ်။ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နည်းဥပဒေမူကြမ်းကို လူမှုဝန်ထမ်းဦးစီးဌာနက ရှေ့နေချုပ်ရုံးကို မတ် ၇ ရက်နေ့က ပေးပို့ခဲ့ပြီး အမြန်ဆုံး ပြန်လည်စိစစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနကို အကြံပြန်ပြုမယ်လို့ ဦးရဲဝင်းက ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့တကွ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ မသန်စွမ်းသူတွေ ရှေ့ဆောင် အဖွဲ့ ဦးနေလင်းစိုးနဲ့ မသန်စွမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းဦးရေး ၂၃ သိန်းကျော် ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့ပြီး နည်းဥပဒေကို ပြဌာန်းရန် ကြိုးစားနေဆဲပါ။ သတင်း၊ ဓာတ်ပုံ - MILI
5 years Ago

August 6, 2015

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် စာရင်းသွင်း

လာမယ့်နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါက ကိုယ်စားလှယ်လောင်း ၉၀၀ ကျော် အမည်စာရင်းသွင်းထားပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဇူလိုင် ၂၀ ကနေ သြဂုတ် ၄ ရက်အထိ တသီးပုဂ္ဂလ ၆၇ ဦး အပါအ၀င် နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၂၀၇၃ ဦး လက်ရှိ စာရင်းသွင်းထားရာမှာ ကြံ့ခိုင်ရေးပါတီက အများဆုံး စာရင်းသွင်းထားတာပါ။ ပြည်သူ့လွှတ်တော်အတွက် ၂၅၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၄ နေရာ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၅၀၁ နေရာနဲ့ တိုင်းရင်းသားလူမျိုးစု ၁၇ နေရာ စုစုပေါင်း ၉၁၀ နေရာမှာ ကြံ့ခိုင်ရေးပါတီက အမတ်လောင်းတွေ စာရင်းသွင်းထားပြီးဖြစ်ပါတယ်။ ဒီအထဲမှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်အတွက်  စာရင်းသွင်းထားပြီး ပါတီ ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက ဟင်္သာတပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။ ပါတီတွင်း တခြားထင်ရှားသူတွေထဲမှာ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက လာရှိုး၊  ဦးနန္ဒကျော်စွာက ဒဂုံမဲဆန္ဒနယ်၊ ဦးတင်နိုင်သိန်းက ကလောမဲဆန္ဒနယ်၊ ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ ဒေါက်တာကံဇော်က မကွေးတိုင်း စလင်းမြို့နယ်၊ ဦးတင့်ဆန်းက မြောင်းမြ၊ ဦးသိန်းညွန့်က မအူပင်၊ ဦးကျော်ဆန်းက ပုလဲ၊ ဦးဝင်းမြင့်က ဒီပဲယင်း  စသဖြင့် ပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ်လို့ ကြေညာထားတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ဦးကျော်ဇင်ဟိန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ၀င်ပြိုင်မှာပါ။ လတ်တလော ကော်မရှင်မှာ စာရင်းသွင်းထားတဲ့ ကိုယ်စားလှယ်လောင်း ၂၀၀၀ ကျော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇၉ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစုက ၉၂ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၃၈၅ ဦး၊ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီက ၁၁၂ ဦး စသဖြင့် ပါဝင်ပါတယ်။
6 years Ago
More News
Up