သူမသာ သမ္မတကတော်ဖြစ်သည်ဟု ထရမ့်ဇနီးဟောင်း ပြောဆိုမှုအပေါ် မယ်လ်နီယာ တုံ့ပြန်

October 10, 2017

သူမသာ သမ္မတကတော်ဖြစ်သည်ဟု ထရမ့်ဇနီးဟောင်း ပြောဆိုမှုအပေါ် မယ်လ်နီယာ တုံ့ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇနီးဟောင်းဖြစ်သူ အိုင်ဗန်နာက သူမသာ သမ္မတကတော်ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် အမေရိကန်သမ္မတကတော် မယ်လ်နီယာထရမ့်က လူတွေရဲ့ အာရုံစိုက်ခံရအောင်လုပ်တဲ့ ကိုယ်ကျိုးရှာလုပ်ရပ်လို့ သူမရဲ့ ပြောရေးဆိုခွင့်ရှိသူကတဆင့် ပြန်လည် တုံ့ပြန်လိုက်ပါတယ်။ ထရမ့်ရဲ့ ဇနီးဟောင်းက အခြေခံအားဖြင့် သူမက ထရမ့်ရဲ့ ပထမဦးဆုံး ဇနီးဖြစ်လို့ သူမသာ သမ္မတကတော်ဖြစ်တယ်လို့ အေဘီစီ ဂွတ်မောနင်းအမေရိကား သတင်းဌာနကို ပြောခဲ့တာပါ။ အိုင်ဗန်နာက သူမရေးတဲ့ Raising Trump စာအုပ် ရောင်းအားမြှင့်တင်ပွဲကို ဒီကနေ့ ပြုလုပ်မှာဖြစ်ပြီး သူမနဲ့ ဒေါ်နယ်ထရမ့် ၁၉၇၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးနောက် ထရမ့်ရဲ့ ဒုတိယဇနီးဖြစ်လာမယ့် မာလာမေပယ်စ်နဲ့ ဆက်ဆံရေးကြောင့် ၁၉၉၂ ခုနှစ်မှာ သူမတို့အိမ်ထောင်ရေး ပြိုကွဲခဲ့တာပါ။ သမ္မတထရမ့်နဲ့ အိုင်ဗင်နာတို့မှာ ဒေါ်နယ်ဂျူနီယာ၊ အိုင်ဗန်ကာနဲ့ အီရစ်ထရမ့်ဆိုတဲ့ သားသမီးသုံးဦး ထွန်းကားခဲ့ပြီး အိုင်ဗန်နာက သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ၂ ပတ်ကြာအောင် စကားပြောခဲ့ကြတယ်လို့ ဂွတ်မောနင်းအမေရိကား သတင်းဌာနကို ပြောခဲ့ပါတယ်။ “ကျမမှာ အိမ်ဖြူတော် တိုက်ရိုက်ဖုန်းနံပါတ်ရှိပါတယ်။ ဒါပေမယ့် မယ်လ်နီယာ အဲဒီမှာရှိနေတော့ ကျမ တကယ်ပဲ သူ့ကို မခေါ်ချင်ပါဘူး။ ဘယ်လို မနာလိုမှု ပုံစံမျိုးကိုမှ မဖြစ်ချင်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံကျကျပြောရရင် ကျမက ထရမ့်ရဲ့ ပထမဇနီး၊ ကျမက သမ္မတကတော်ပေါ့” လို့ အိုင်ဗန်နာက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး မယ်လ်နီယာထရမ့်က သူမရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီဂရစ်ဟမ်ကတဆင့် အခုလို ဝေဖန်ခဲ့ပါတယ်။ “မစ္စစ်ထရမ့်က သမ္မတ၊ သူမရဲ့သား ဘာရွန်တို့နဲ့အတူ အိမ်ဖြူတော်ကို သူမရဲ့အိမ်အဖြစ် နေနေပါတယ်။ သူမက ဝါရှင်တန်ဒီစီမှာ နေရတာကို နှစ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ သမ္မကတော်ဆိုတဲ့ အခန်းကဏ္ဍကိုလည်း လေးစားဂုဏ်ယူပါတယ်။ သူမက သူမရဲ့ရာထူးကို စာအုပ်ရောင်းဖို့မဟုတ်ဘဲ ကလေးတွေကို ကူညီဖို့အတွက် စီစဉ်နေပါတယ်။ ဇနီးဟောင်းရဲ့ ဒီပြောဆိုချက်ဟာ ဘာမှမဟုတ်ဘူးဆိုတာ ရှင်းပါတယ်။ ဇနီးဟောင်းက လူတွေ အာရုံစိုက်အောင်လုပ်ပြီး ကိုယ်ကြိုးရှာတာသာဖြစ်တယ်။” အမေရိကန်သမ္မတွေထဲမှာ မစ္စတာထရမ့်မတိုင်ခင် သမ္မတဟောင်း ရော်နယ်ရေဂင်တဦးသာ အိမ်ထောင်ကွဲသမ္မတဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up