အီသီယိုးပီးယားရဲ့ အာဆွန်းလေဆိပ်ကို တီဂရေးလွတ်မြောက်ရေးတပ်ဦး (TPLF) တပ်ဖွဲ့တွေက ဖျက်ဆီးပစ်လိုက်တယ်လို့ နိုင်ငံပိုင်ရုပ်သံက နိုဝင်ဘာ ၂၃ ရက်မှာ ကြေညာပါတယ်။
အစိုးရတပ်တွေက TPLF တပ်ဖွဲ့တွေ လက်နက်ချဖို့ အချိန် ၃ ရက်ပေးပြီးနောက်မှာ လေဆိပ်ကို ဖျက်ဆီးခဲ့တာပါ။
TPLF အဖွဲ့ခေါင်းဆောင် ဒီဘရက်ဆင်းဂတ်ဘရယ်မိုက်ကယ်ကတော့ ဒီလို ရာဇသံပေးတာက စစ်မျက်နှာ ၃ ခုမှာ အစိုးရတပ်တွေ အရေးနိမ့်ပြီးတော့ ပြန်စုစည်းဖို့အတွက် အကာအကွယ်ယူတာ ဖြစ်တယ်လို့ ရိုက်တာကို ပြောပါတယ်။
နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ခရီးသွားတွေ ဆွဲဆောင်ရာနေရာနဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်တဲ့ ရှေးဟောင်းမြို့ရဲ့ လေဆိပ်အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးနေတာကို တွေ့ရပါတယ်။
နိုဝင်ဘာ ၄ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လူပေါင်းရာချီ သေဆုံးပြီး ဒုက္ခသည် ၄၀,၀၀၀ လောက် အိမ်နီးချင်း ဆူဒန်နိုင်ငံထဲ ထွက်ပြေးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 months Ago