သူပုန်တပ်စွဲထားသည့် နယ်မြေများကို ဆီးရီးယားအစိုးရတပ် ဗုံးကြဲ

August 10, 2016

သူပုန်တပ်စွဲထားသည့် နယ်မြေများကို ဆီးရီးယားအစိုးရတပ် ဗုံးကြဲ (ရုပ်သံ)

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့က သူပုန်တွေ တပ်စွဲထားတဲ့ နယ်မြေတွေကို သြဂုတ် ၈ ရက်မှာ ဆီးရီးယားအစိုးရ ရဟတ်ယာဉ်တွေက ဗုံးကြဲခဲ့တယ်ဆိုတဲ့ ရုပ်သံတွေကို တက်ကြွလှုပ်ရှားသူတွေက ရိုက်ကူးခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် သေဆုံးမှု အများအပြားရှိတယ်လို့ စောင့်ကြည့်ရေးအုပ်စုတခုက ပြောပါတယ်။ စစ်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေက ဒမတ်စကတ်မြို့ အရှေ့နဲ့ အနောက် ဆင်ခြေဖုံးတွေကို လေကြောင်းကနေ စီးနင်းခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့ ဗြိတိန်အခြေစိုက် အဖွဲ့အစည်းက အစီရင်ခံပါတယ်။ သေဆုံးဒဏ်ရာရသူ အရေအတွက်ကို မသိရသေးပေမယ့် မေရာဘာမြို့မှာ လူတဦးသေပြီး ခန်းအယ်လ်ရှင်းမြို့နားက လေကြောင်းတိုက်ခိုက်မှုအတွင်း လူအများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒမတ်စကတ် အနောက်တောင်ဘက် ၇ မိုင်အကွာက ဒါရာယာမြို့မှာလည်း ဒဏ်ရာရသူ ရှိတယ်လို့ အစီရင်ခံထားပါတယ်။ ဒါရာယာမြိုကောင်စီက အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတဦး ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ အစိုးရ ရဟတ်ယာဉ်တွေက ခဲယမ်းမီးကျောက်တွေ ထည့်ထားတဲ့ စည်ပိုင်းဗုံးလို့ ခေါ်ကြတဲ့ ဗုံးတွေကို ရဟတ်ယာဉ်ပေါ်ကနေ မြို့ပေါ် ပစ်ချခဲ့ကြတာ ပြထားပါတယ်။ သမ္မတ ဘတ်ရှားအယ်လ် အာဆတ်ရဲ့ တပ်တွေက ရုရှားလေတပ် အကူအညီသာမက အီရန်ပြည်သူ့စစ်နဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ ပြောက်ကျားအုပ်စုတွေဆီက စစ်ကူကို ရထားပါတယ်။ ၂၀၁၁ က စတဲ့ ဆီးရီးယား ပြည်တွင်းစစ်ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေပါ ဆွဲဆောင်ခဲ့တာပါ။ ဒါကြောင့် ကမ္ဘာတလွှားက အစ္စလာမ္မစ် စစ်သွေးကြွ စုဆာင်းမှုတွေရော ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာမှု အရေးပေါ် အခြေအနေတွေပါ ဖြစ်စေခဲ့ပါတယ်။
5 years Ago
Up