သူငယ်ချင်း ပြောကြား

January 25, 2017

အပြစ်ဝန်ခံရန် ဖိအားပေးခံရဟု တောင်ကိုရီးယားသမ္မတ၏ သူငယ်ချင်း ပြောကြား

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး တရားစွဲခံထားရသူ တောင်ကိုရီးယား သမ္မတ ပတ်ဂွန်ဟေးရဲ့ သူငယ်ချင်း ချွေးဆွန်းဆဲလ်က အပြစ်ဝန်ခံဖို့ ဖိအားပေးခံရတယ်လို့ အထူးအစိုးရ ရှေ့နေရုံးအဆောက်အဦထဲမှာ အော်ဟစ်ခဲ့ပါတယ်။ သူ့ရဲ့ စွပ်စွဲချက်ကို အထူးအစိုးရ ရှေ့နေက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ချွေးဟာ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတ ပတ်ဂွန်ဟေးနဲ့ ရင်းနှီးမှုကို အခွင့်ကောင်းယူပြီး နိုင်ငံ့ရေးရာမှာ ဝင်ရောက်စွက်ဖက်သူအဖြစ် တရားစွဲ ခံထားရပါတယ်။ တရားရုံးက စစ်ဆေးဖို့ အကြိမ်ကြိမ် ဆင့်ခေါ်ပေမယ့် ပြန်ဖြေဖို့ ငြင်းခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ဖမ်းဝရမ်းနဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့က အထူးအစိုးရ ရှေ့နေရုံးကို ခေါ်လာတာ ခံခဲ့ရတာပါ။ “ချွေးဆွန်းဆဲလ်ဟာ ရုံးကိုအလာမှာ ဝန်ခံဖို့ ဖိအားပေးခံရတယ် ပြောပါတယ်။ ဒါဟာ လုံးဝ အခြေအမြစ် မရှိဘူးဆိုတာ သေသေချာချာ ပြောပါတယ်” လို့ အထူးအစိုးရ ရှေ့နေရုံး ပြောခွင့်ရ လီကျူချွဲက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အစိုးရ ရှေ့နေတွေဟာ ဥပဒေနဲ့ စည်းမျဥ်းအရ စုံစမ်းစစ်ဆေးမှုကို စေ့စေ့စပ်စပ် လုပ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။ သမ္မတရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ဖောင်ဒေးရှင်း ၂ ခုကို ငွေလှူရေး ဆမ်ဆောင်း အပါအဝင် လုပ်ငန်းကြီးတွေကို ဖိအားပေးဖို့ ချွေးနဲ့ သမ္မတတို့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ စွဲချက် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ပတ်ဂွန်ဟေးဟာ ဒီဇင်ဘာလက လွှတ်တော်ထဲမှာ စွပ်စွဲပြစ်တင် ခံခဲ့ရပါတယ်။ ပတ်၊ ချွေးနဲ့ ဆမ်ဆောင်းတို့ အားလုံးကတော့ မဟုတ်တာ မလုပ်ဘူးလို့ ငြင်းထားပါတယ်။
5 years Ago
Up