သူခိုး

September 1, 2018

ထူးထူးဆန်းဆန်း ခြံစည်းရိုးနံရံကြား ညပ်နေသည့်သူခိုးကို ကယ်ထုတ်ဖမ်းဆီး

ဖောက်ထွင်းရေးသမားလို့ သံသယရှိသူတဦးကို ခြံစည်းရိုးနံရံကြားကနေ ခက်ခက်ခဲခဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က မကြာသေးခင်ကထုတ်ပြန်ပါတယ်။ ဒီဖောက်ထွင်းရေးသမားဟာ အဆောက်အဦတခုနဲ့ နံရံတခုတို့ကြားမှာ ညပ်နေခဲ့ပြီးတော့ အရေးပေါ်ကယ်ဆယ်ပေးဖို လိုအပ်တဲ့အချိန်မှာမှ ဒီလိုဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို ထူးထူးဆန်းဆန်းဖမ်းဆီးမှုက အိမ်ပိုင်ရှင်တယောက်က သူ့အိမ်ရဲ့ လုံခြုံရေး ကင်မရာမှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးခဲ့ရာမှ ပေါ်ပေါက်လာခဲ့တာလို့ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လော့စ်အိန်ဂျလိစ်ဒေသခံတဦးက “သူ့အိမ်က မှတ်တမ်းတွေကို ကြည့်တဲ့အခါ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ညပိုင်းက သူ့အိမ်ထဲကို လူတယောက် ဝင်ရောက်လာတာကို တွေ့ခဲ့ရပါတယ်။ လူဝင်ရောက်မှုကြောင့် သူ့အိမ်ထဲက ပစ္စည်းတွေ ပျောက်ဆုံးခြင်း ရှိမရှိ စစ်ဆေးချိန်မှာ ကားဂိုဒေါင်နဲ့ ခြံစည်းရိုးနံရံကြားမှာ ညပ်နေတဲ့ အမျိုးသားတဦးကို ရှာတွေခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ အရေးပေါ်ဌာနကို ချက်ခြင်းဖုန်းခေါ်ခဲ့ပြီး ဒီအကြောင်းကို သတင်းပို့ခဲ့ပါတယ်။” လော့စ်အိန်ဂျလိစ်မီးသတ်တပ်ဖွဲ့က ပိတ်မိနေသူကို တနာရီကြာအောင် ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရပြီးနောက် သူ့ကိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ ဖမ်းခံခဲ့ရသူဟာ အသေးစားဒဏ်ရာအချို့ ရရှိထားတာတွေ့ရပြီး သူ ဘယ်လောက်ကြာကြာ ဒီလိုညပ်နေလဲဆိုတာကိုတော့ အခုထိမသိရသေးပါဘူး။ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့က ဒီအမျိုးသားကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့အပြင် မကြာသေးခင်က အနီးပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့ ခိုးမှုတွေအတွက် သံသယရှိမှုနဲ့ ဖမ်းဆီးထားတယ်လို့လည်းပါဝင်ပါတယ်။
3 years Ago

May 11, 2018

ခိုးမှုဖြင့် စွပ်စွဲခံရသည့် အမျိုးသားအား ကိုယ်လုံးတီး လမ်းလျှောက်စေပြီး အပြစ်ပေး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှာ ခိုးမှုနဲ့ စွပ်စွဲခံခဲ့ရတဲ့ အမျိုးသားတဦးကို အုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်ပြီး ကိုယ်လုံးတီးချွတ်စေကာ လူသူရှုပ်ထွေးတဲ့ လမ်းမအလယ် လမ်းလျှောက်ခိုင်းစေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအလယ်ပိုင်း ဂွါဒလာဂျာရာမြို့လယ် လမ်းမတခုပေါ်မှာ ဖြစ်ခဲ့ပြီး အဲဒီအမျိုးသားရဲ့ ကိုယ်ပေါ်မှာတော့ ဘာအဝတ်အစားမှမပါဘဲ “ကျနော်သူခိုးတယောက်ပါ” ဆိုတဲ့ စာတမ်းတွေ ရေးထားတဲ့ အလင်းပြန်စက္ကူတွေကို ကပ်ထားပြီး လမ်းလျှောက်သွားနေခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူ့ရဲ့နာမည်ကိုတော့ ဖော်ပြမထားဘဲ လက်တွေကို တုပ်နှောင်ထားကာ ခန္ဓာကိုယ်ပေါ်မှာ ရိုက်နှက်ခံထားရတဲ့ ထိခိုက်ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ မျက်မြင် လမ်းသွားလမ်းလာတဦးက ရိုက်ကူးထားခဲ့တာ ဖြစ်တယ်လို့ မေရာသတင်းမှာ မေလ ၉ ရက်နေ့က ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမျိုးသားကို ရဲတွေက လာဖမ်းသွားပြီး သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ ထုတ်ဖော်မပြောဘူးလို့ ဆိုပါတယ်။ ဂွါဒလာဂျာရာမြို့ဟာ နိုင်ငံရဲ့ အကြီးဆုံးမြို့တော်တွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး ခုလို လူပုံအလယ်မှာ ခိုးမှုကျူးလွန်သူတွေကို အပြစ်ပေးတာမျိုးဟာ ဒီလထဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ဆိုင်ကယ်တစီး ခိုးယူခဲ့တဲ့ အမျိုးသားတဦးကို ဓာတ်ဆီနဲ့လောင်းပြီး အရှင်လတ်လတ် မီးရှို့အပြစ်ပေးမှုတခု ဖြစ်ခဲ့ပါသေးတယ်။
3 years Ago
Up