သူခိုးဖမ်း

August 25, 2020

ဆွီဒင်တွင် သူခိုးဖမ်းပေးခဲ့သည့် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်

သက်ကြီးရွယ်အိုတစ်ဦးဆီကနေ ပစ္စည်းလုယက်ထွက်ပြေးသွားသူအား ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်ကို ဆွီဒင်ရဲတပ်ဖွဲ့က ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ လင်ဒီလော့ဖ် နေထိုင်ရာ စတော့ဟုမ်းမြို့အနောက်ပိုင်း ဗက်တီရက်စ်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ဖြစ်ပွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း အတည်ပြု ထုတ်ပြန်ပေးထားပါတယ်။ အသက် ၃၀ ကျော်အရွယ် စက်ဘီးစီးအမျိုးသားတစ်ဦးက အသက် ၉၀ ကျော်အရွယ် အမျိုးသမီးကြီး ကိုင်ဆောင်ထားတဲ့ အိတ်ကို တနင်္လာနေ့မနက်ပိုင်းမှာ လုယက်ခဲ့တယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ “အခင်းဖြစ်တဲ့နေရာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ လုသွားသူရဲ့နောက်ကို လိုက်ခဲ့ပြီး သူ့ကို ရဲတွေ ရောက်မလာခင်အထိ ဖမ်းချုပ်ထားခဲ့ပါတယ်။ ဒီလိုမျိုး လျင်လျင်မြန်မြန် ထိထိရောက်ရောက် ကြားဝင်ဆောင်ရွက်ပေးခဲ့မှုအတွက် ရဲတပ်ဖွဲ့က ကျေးဇူးတင်ပါတယ် ” ရဲတပ်ဖွဲ့က ပြောပါတယ်။  ဒါပေမဲ့ ဖမ်းဆီးပေးခဲ့သူဟာ လင်ဒီလော့ဖ် ဖြစ်တယ်လို့တော့ အမည်တပ် ပြောဆိုခဲ့ခြင်း မရှိပါဘူး။  ဒီလုပ်ဆောင်ခဲ့မှုအတွက် လင်ဒီလော့ဖ်ကို နေ့လယ်စာ ဝယ်ကျွေးပြီး ကျေးဇူးတင်ချင်ပါတယ်လို့ အလုခံရတဲ့ အမျိုးသမီးကြီးကလည်း Aftonbladet သတင်းကို ပြောပါတယ်။  အဖမ်းခံရတဲ့ လုယက်သူကတော့ ခိုးမှု၊ ဆေးမှု စတာတွေနဲ့ တရားစွဲခံရနိုင်တယ်လို့လည်း သိရပါတယ်။  လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲ ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
1 year Ago
Up