သူခိုး

November 27, 2021

စစ်ဘေးရှောင် ရွာတရွာတွင် ပစ္စည်းဝင်ရောက်ခိုးယူသူများကို PDF က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာမှာ စစ်ရှောင်ရွာသားတွေရဲ့ နေအိမ်တွေထဲ ဝင်ရောက်ပစ္စည်းတွေခိုးယူခဲ့သူတွေကို ဒေသခံ PDF  ပြည်သူ့ကာကွယ်ရေးတပ်က  ဖမ်းဆီးလိုက်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ  စစ်ကောင်စီတပ်သားတွေက  ကျေးရွာအတွင်းက ထွက်ခွာပြီး တပ်ပြန်ဆုတ်ခွာသွားချိန် ရွာမှာ လူသူကင်းမဲ့တုန်း  တခြားရွာသားတွေက  ဝင်ရောက်ခိုးကြတာလို့ ဆိုပါတယ်။

ရွာသားတဦးက “စစ်တပ်ပြန်ဆုတ်သွားချိန်မှာ တခြားရွာက ရွာသားတချို့က စစ်ဘေးရှောင်တွေ ရဲ့အိမ်တွေကို ဝင်ခိုးတာပေါ့။ ဝင်ခိုးတာကို ကျနော်တို့ PDF ကနေ  ဖမ်းလို့မိထားတယ်။ သူခိုးတွေကို PDF က ဆုံးမပြီး နောက်တခါ ဒီလိုထပ်လုပ်မယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ပြောပြီး သူခိုးတွေကို ပြန်လွှတ်လိုက်ပါတယ်” လို့​ ပြောပါတယ်။

စစ်ကောင်စီတပ်က ရွာသစ်ကုန်းရွာမှာ   နှစ်လလောက် တပ်စွဲနေထိုင်တာကြောင့် ရွာသားတွေ ရှောင်တိမ်းနေကြတာပါ။

စစ်ကိုင်းတိုင်းအတွင်း  စစ်ကောင်စီတပ်တွေက လွန်ခဲ့တဲ့လပိုင်းတွေကတည်းက အင်အားအလုံး အရင်းနဲ့  စစ်ဆင်ရေးလုပ်နေတာ ဖြစ်ပါတယ်။

2 months Ago

September 5, 2021

ဗန်းမော် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ သူခိုး ၂ ဦး ဖမ်းမိ

ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲရပ်ရှိ ပညာတံခွန် ဘုန်းတော်ကြီးသင် အခမဲ့ပညာရေးသင်တန်းကျောင်းမှာ စက်တင်ဘာ ၄ ရက်နေ့ည ၁၁ နာရီကျော်လောက်က ဓားကိုင် ကျူးကျော်ဝင်လာတဲ့ သူခိုး ၃ ဦးကို ကျောင်းသားတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာမှာ ၂ ဦး ဖမ်းမိတယ်လို့ သိရပါတယ်။

ကျောင်းဝင်းနဲ့ ရပ်ကွက်အတွင်း ၂ ဦး ဖမ်းဆီးမိခဲ့ပြီး ၁ ဦးကတော့ ဖမ်းမမိသေးဘူးလို့ ကျောင်းဒကာတစ်ဦးက ပြောပါတယ်။

ပညာတံခွန်ဆရာတော်က “မနေ့က ကျောင်းဝင်းအတွင်း ကွန်ကရစ်လမ်း ခင်းနေကြတာကြောင့် မောမောနဲ့ အိပ်ပျော်နေကြတာ၊ သူတို့က မီးတွေဖြတ်ပြီး တိတ်တဆိတ်ကျောင်းထဲဝင်လာတာ၊ ဦးဇင်းတပါးရှိတဲ့ တံခါးကို လာခေါက်ကြတာ၊ အပြင်က အရိပ်က တံခါးကနေ မြင်ရတယ်လေ။ ကျောင်းသားတစ်ယောက်ကလည်း မြင်လိုက်တော့ လိုက်ချောင်းကြည့်ပြီး လာပြောပြလို့ ဝိုင်းဝန်းဖမ်းဆီးကြတာ။ လေးလက်သစ်လောက်ရှိတဲ့ ဘုရားသေးသေးလေးတစ်ဆူကိုတော့ ဖမ်းမိသူ ခန္ဓာကိုယ်ကနေ ပြန်တွေ့ရှိပါတယ်၊ တန်ဖိုးရှိမယ်ထင်လို့ ယူတာဖြစ်လိမ့်မယ်၊ အခုတော့ ရပ်ကွက်လူကြီးတွေနဲ့ ရဲစခန်းကို အပ်လိုက်ပြီ။ လူတော့ ထိခိုက်မှု မရှိတာ ကံကောင်းသွားတယ်၊ သူတို့က လက်နက်တွေနဲ့လေ” လို့ မိန့်ပါတယ်။

ပြည်သူတွေအနေနဲ့ ညအချိန်တွေမှာ အပြင်မီးဖွင့်အိပ်ကြဖို့၊ သတိပြုနေထိုင်ကြဖို့နဲ့ ဘုန်းကြီးကျောင်းတွေလည်း အစောင့်ထားပြီး ဒီလိုကာလမှာ သတိဝီရိယထားဖို့လည်း ဆရာတော်က သတိပေးမိန့်ကြားခဲ့ပါတယ်။

အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၅၀၀ ခန့်ကို အခမဲ့ သင်ကြားပေးနေတာ ၉ နှစ်လောက် ရှိပြီလို့ သိရပါတယ်။

လက်ရှိ ကိုဗစ်ကာလ ကျောင်းပိတ်ထားစဉ် ဆရာတော် အပါအဝင် သံဃာ ၅ ပါး သီတင်းသုံးနေပြီး ကျောင်းသားဦးရေ ၆၀ ခန့် ကျောင်းအိပ်ကျောင်းစားနေကြပါတယ်။

ကိုဗစ်-၁၉ ကာလ ဗန်းမော်မြို့နယ်မှာ stay at home ချထားတာ ၂ လကျော်ကြာပြီဖြစ်တာကြောင့် ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းနေပြီး ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

5 months Ago
Up