သုံးသပ်ချက်

December 31, 2021

၂၀၂၁ ခုနှစ် မြန်မာ့စီးပွားရေး သုံးသပ်ချက်

အချိန်တွေဟာ စက္ကန့်နဲ့အမျှ ရွေ့လျားနေပြီး ပြောင်းလဲမှုကလည်း လိုက်ပါနေတာပါ။ ဒါကြောင့် အခုဆိုရင် နှစ်တနှစ်  ၂၀၂၁ ခုနှစ် ကုန်ဆုံးလို့ နှစ်သစ် ၂၀၂၂ ဆီ ကူးပြောင်းလို့ ရောက်ရှိလာပြီ။ ဆိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ တနှစ်တာလုံးမှာ ပြောင်းလဲမှုက ဘာတွေရှိခဲ့ပြီး ဘာတွေဖြစ်ပေါ်ခဲ့သလဲ ဆိုတာ ကြည့်ကြရအောင်ပါ။

မြန်မာပြည်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ က ဆိုးကျိုးတွေနဲ့ ကြုံခဲ့ရတဲ့ နှစ်တနှစ်ပါပဲ။ အကြောင်းက စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ ဖြစ်ရပ်ကြောင့်ပါ။ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်ရဲ့ အာဏာကို အဓမ္မ မတရားသိမ်းယူခဲ့တဲ့အပြင် တိုင်းပြည်ရဲ့ စီးပွားရေးစနစ် တခုလုံးကိုလည်း ဖျက်ဆီးခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတွေ အားလုံးဟာ ချိနဲ့ခဲ့ရပြီး ပြည်သူတွေဟာ ဆင်းရဲတွင်းထဲ နစ်ပြီးရင်းနစ်ဖို့ ကြုံနေရပါပြီ။

ဒါကြောင့်ပဲ ယခုတကြိမ် အာဏာသိမ်းမှုက ပြီးခဲ့တဲ ၁၉၈၈ အခြေအနေထက် ပိုဆိုးဖို့ ရှိနေတယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေက နှိုင်းယှဉ်သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ တုန်းက မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဆိုရှယ်လစ်စနစ် ဖြစ်တာကြောင့် တိုင်းပြည်ရဲ့စီးပွားရေးကလည်း စီမံကိန်းကိုအခြေခံတဲ့ စီးပွားရေးသာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးအားလုံးဟာ အစိုးရရဲ့လက်ထဲမှာသာရှိပြီး ချုပ်ကိုင်ထားပါတယ်။ ပုဂ္ဂလိကပိုင်တဲ့ကဏ္ဍ စီးပွားရေးဆိုတာ မရှိသေးပါဘူး။

ဒါကြောင့် ယခုတကြိမ်အာဏာသိမ်းမှုက မြန်မာ့သမိုင်းမှာ စီးပွားရေးအရ ထိခိုက်မှုအဆိုးဆုံးဖြစ်မယ့်အကြောင်း စီးပွားရေး သုတေသီတဦးက “၈၈ ထက်ပိုဆိုးမယ်လို့ပြောတာ ဘာကြောင့်လဲဆို ၈၈ တုန်းကလည်း မြန်မာပြည်ရဲ့ စီးပွားရေးက ကျဆင်းသွားတယ်နော်။ ဘယ်လောက်ကျဆင်းသွားတာလဲဆိုရင် အနုတ် ၁၁ အထိဖြစ်သွားတယ်။ အဲ့ဒီတုန်းက စီးပွားရေးက ဘာမှမရှိသေးဘူး။ ပြီးတော့ လုပ်ငန်းတွေအားလုံးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေပါ။ အခုက ဘယ်လောက်အထိ ဆိုးမလဲဆိုရင် အနုတ် ၁၈ အထိကျဆင်းသွားမယ်ဆိုပြီး World Bank(ကမ္ဘာ့ဘဏ်)ကလည်း တွက်ချက်ထားတာရှိတယ်။ နောက်တချက်က ၈၈ တုန်းက မြန်မာနိုင်ငံက (Globalization) ကမ္ဘာ့နိုင်ငံတွေနဲ့ ချိတ်ဆက်မှု မရှိသေးဘူးနော်။ မရှိသေးတဲ့ အတွက် ဒီပြဿနာတွေက ကိုယ့်ပြည်တွင်းမှာဘဲ ရှိနေသေးတယ်။ အခုက ကမ္ဘာ့နိုင်ငံတွေနဲ့ချိတ်ဆက်မှု ရှိနေတာကြောင့် နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေက ပိုပြင်းထန်မယ်။ ဒါကြောင့် အခုက ပိုဆိုးမယ့်သဘော ရှိတယ်လို့” ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေး၊စီးပွားရေးလေ့လာသုံးသပ်သူတဦးကလည်း “၈၈တုန်းကလည်း ပိတ်ဆို့မှုတွေ လုပ်တော့လုပ်တယ်။ ဒါပေမဲ့ အဲ့လောက်မထိဘူး။ ဘာလို့လဲဆို ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးက ကမ္ဘာ့နိုင်ငံတွေနဲ့ မချိတ်ဆက်ထားဘူး။ နောက်တချက်က ပုဂ္ဂလိက ကဏ္ဍဆိုတာလည်း မရှိသေးဘူး။ အခု ၂၁ မှာတော့ ပုဂ္ဂလိကကဏ္ဍထဲမှာ နိုင်ငံပိုင်စီးပွားရေး တော်တော်များများကရောက်သွားပြီ။ ဆိုတော့ ပုဂ္ဂလိကကဏ္ဍစီးပွားရေးက ဘယ်အပါ်မှာ မူတည်သလဲဆိုရင် အနည်းဆုံးတော့ အာဆီယံစီးပွားရေးနဲ့ချိတ်ဆက်နေတာ။ အဲ့ဒါတွေက လုပ်လို့မရဘူး ဆိုရင် ကျနော်တို့က စီးပွားရေးမှာ ပိုထိတယ်နော်။ နောက်တခု ထပ်ဆောင်းလိုက်တာက ၈၈ မှာ ကိုဗစ်မရှိဘူး။ အခု ၂၁ မှာ ကိုဗစ် နဲ့ ကိုစစ် (အာဏာသိမ်းတာ)။ ဒီတော့ မြန်မာပြည်က မိအေး နှစ်ခါ နာတယ်လို့ ပြောလို့ရတယ်။ သူများနိုင်ငံတွေက ကိုဗစ်ဖြစ်တဲ့ ဒဏ်ကိုပဲ ခံနေရတာ။ ဒါကြောင့် သူတို့နိုင်ငံတွေက ပြန်လည်ထူထောင်ရေးကို လုပ်နေကြပြီ။ ကျနော်တို့ ကတော့ ပြန်လည်ထူ ထောင်ရေးကို မလုပ်နိုင်ဘူး။ ဘာကြောင့် မလုပ်နိုင်လဲဆိုရင် ကိုစစ်ကြောင့် (အာဏာသိမ်း)ပေါ့” လို့ ဆိုပါတယ်။

ငွေကြေး

အနီးစပ်ဆုံးပြန်ကြည့်ရင် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့် လူထုက မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုက စတင်နည်းလာပါတော့တယ်။ ဒီ့အတွက်ကြောင့်ပဲ နိုင်ငံခြားငွေကြေးဖြစ်တဲ့ အမေရိကန်ဒေါ်လာအား ဝယ်ယူ စုဆောင်းမှုများလာတဲ့အတွက် အမေရိကန် ၁ ဒေါ်လာ တန်ဖိုးက ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ကျပ် ၁၃၀၀ စွန်းစွန်းရှိခဲ့ရာကနေ ကျပ် ၂၇၀၀ ကျော်အထိ စံချိန်တင်အမြင့် ဆုံးတက်သွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေအပေါ် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု အလွဲတွေကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရရှိထားတဲ့သူတွေမှာ အခက်ကြုံနေရပါတယ်။

ဒါကတော့ နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ဘဏ်တွေ အပါအဝင် ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားသုံးငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်မှ သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း အတွင်းကသာ ရောင်းဝယ်ရမယ်လို့ သတ်မှတ်ထားတာပါ။

ဗဟိုဘဏ်ရဲ့ အခုလိုသတ်မှတ်ချက်ကြောင့် နိုင်ငံခြားငွေတရားဝင်ရောင်းဝယ်ခွင့်ရရှိထားတဲ့ စျေးကွက်မှာ ရောင်းသူ၊ဝယ်သူမရှိတော့လို့ စျေးကွက်က တဖြည်းဖြည်းနဲ့ ပျောက်တော့မယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

Money Changer လုပ်ငန်းလိုင်စင်ရရှိထားတဲ့လုပ်ငန်းရှင်တဦးက “လက်ရှိတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က သူတို့ရည်ညွှန်းသတ်မှတ်ထားတဲ့ စျေးနဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းပဲ ကွာပြီးရောင်းရမယ်လို့ သတ်မှတ်ထားတာပေါ့နော်။ ဖြစ်တဲ့အခါ ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ဒေါ်လာ အရောင်းအဝယ်လုပ်ဖို့က ပိုခက်သွားတာပေါ့။ ဘာကြောင့်လဲဆို ပြင်ပမှာ ပေါက်နေတဲ့ စျေးနဲ့ ဗဟိုဘဏ် သတ်မှတ်တဲ့စျေးနဲ့က ကွာခြားချက်ရှိနေတာလေ။ အဲ့တော့ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ဘယ်သူမှ လာမရောင်းကြတော့ဘူး။ မရောင်းတဲ့အတွက် ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ပြန်ရောင်းစရာလည်း မရှိဘူးဖြစ်နေတယ်။ အဲ့တော့ လက်ရှိကတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေက ဒေါ်လာအရောင်းအဝယ်လုပ်ဖို့က ခက်နေတာပေါ့။ ပြင်ပမှာပဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တခါ ပို့ကုန်ရဝင်ငွေ (earnings) တွေအတွက် ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးကလည်း “အခုဆိုရင် earnings တွေကို ရောင်းချင်တဲ့သူနဲ့ ဝယ်ချင်တဲ့သူတို့အတွက် ကျနော်တို့က ကြားခံဆောင်ရွက်ပေးနေတယ်ဆိုပေမဲ့ အရောင်းအဝယ်ဖြစ်ဖို့ကလည်း တော်တော်ခက်ခဲပါတယ်။ ဘာလို့လဲဆို ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူ အကြားမှာ အရောင်းအဝယ်လုပ်ချင်တဲ့ ပမာဏကလည်း တည့်ဖို့လိုတယ်လေ။ ဥပမာ- ရောင်းမယ့်သူက ၁ သိန်း ရောင်းချင်တယ်။ ဒါပေမဲ့ လိုချင်တဲ့သူက ၃ သောင်းပဲလိုတယ်။ ဒါမျိုးတွေက ရှိနေတယ်။ ဒုတိယတချက်ကလည်း အရင်ပုံစံလို ဝယ်လို့ရတာ မဟုတ်ဘူးလေ။ ဘာလို့လဲဆို တချို့ earnings တွေဆို ၁လ အတွင်း လွှတ်ရမှာတွေရှိတယ်။ ဒုတိယအချက်က ဝယ်တဲ့သူ (ကုမ္ပဏီ)ကလည်း သူ import လုပ်မယ့်အကြောင်း document တွေတင်ထားပြီးသားဖြစ်ဖို့ လိုသေးတယ်။ ဒါမှ transfer လုပ်လို့ရတာနော်။ တတိယအချက်ကတော့ ကိုယ့်ဆီက ပြောင်းပြီးရင် နောက်တခေါက် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းချင်ရင် ပြောင်းလို့မရတော့ဘူး။ အဲ့တော့ earnings နဲ့ပတ်သတ်ပြီး ရောင်းရ၊ဝယ်ရတာလည်း တော်တော်လေး ခက်တယ်။ ဘာကြောင့်လဲဆို သူ့မှာ ကန့်သတ်ချက်တွေက အရမ်းများတယ်လေ” လို့ဆိုပါတယ်။

တခါ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာအကောင်အထည်ဖော်ရန်အလို့ငှာ အခြေပစ္စည်းနဲ့ကုန်ပစ္စည်း ရောင်းခြင်း၊ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှုဝန်ဆောင်မှုအတွက် ငွေပေးချေမှုနဲ့ တခြားငွေပေးချေမှုတွေ ပြုလုပ်ရာမှာ  တကြိမ်လျှင် ငွေသားနဲ့ ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရလို့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလိုထုတ်ပြန်ချက်အပေါ် ပို့ကုန်လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်က သူကတော့ ငွေသားသုံးစွဲမှုကို လျှော့ချပြီး account transfer နဲ့သွားဖို့ကြိုးစားတာပေါ့။ ဒါပေမဲ့ လက်တွေ့မှာတော့ သိန်း ၂၀၀ ကနည်းတာပေါ့။ တကယ်တမ်း လုပ်ငန်းအကြီးလုပ်နေတဲ့သူတွေအတွက်ကလေ။ အထူးသဖြင့်တော့ ပို့ကုန်သမားတွေ ဆန်၊ပဲ တို့လုပ်တဲ့ သူတွေအတွက်က ပိုခက်မယ်။ ဘာလို့လဲဆို နောက်ဆုံး တောင်သူလယ်သမားတွေ ပေးဖို့အတွက်က ငွေသားနဲ့မှ ပေးလို့ရတာလေ။ သာမန်မြို့ပြမှာနေတဲ့သူတွေအတွက်ကတော့ ပြဿနာသိပ်မရှိဘူး။ သူတို့က ဟိုဘက် အကောင့်ဖွင့်၊ ဒီဘက်အကောင့်ဖွင့်ပြီး ရွှေ့ရွှေ့နေကြတာလေ။ ဒါပေမဲ့ လယ်သမားနဲ့ တိုက်ရိုက်ဆက်ဆံ ရတဲ့ သူတွေအတွက်ကတော့ အခက်အခဲရှိစေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တခြားစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ အမြင်ကတော့ ဗဟိုဘဏ်က ငွေသားသုံးစွဲမှုကို လျှော့ချစေချင်ရင် တဘက်မှာလည်း ငွေသားထုတ်မရလို့ ရာခိုင်နှုန်းတခုပေးပြီး လုပ်စားနေတာတွေကို စိစစ်ဖို့လိုတဲ့အကြောင်း အခုလိုမှတ်ချက်ပေးပါတယ်။

“ကျနော်ဆိုရင် လမ်းစီမံကိန်းတခုလောက်နေတော့ လုပ်သားတွေရှိတယ်။ ပြီးတော့ supplier တွေရှိတယ်။ အဲ့ထဲက တချို့ လူတွေကို bank account နဲ့ transfer ပေးလို့ရတယ်။ တချို့သူတွေကတော့ account transfer နဲ့ပေးဖို့က ခက်တော့ ငွေသားနဲ့ပေးရတာမျိုးရှိတယ်။ အဲ့တော့ အခက်အခဲရှိတာက ဘဏ်ကနေ ငွေသားထုတ်လို့မရတာဘဲ။ ကျနော်ဆိုရင် လုပ်ငန်းအတွက် တပတ်ကို ငွေသား သိန်း ၂၀၊ သိန်း ၃၀ ရဖို့ ကျနော့်လူတွေက ဘဏ်မန်နေဂျာအခန်းရှေ့မှာ တန်းစီပြီး မနည်းရအောင်ထုတ်နေတာ။ ဒါက အခက်အခဲတခုပေါ့။ နောက်တချက်က ကျနော် ဘိလပ်မြေဝယ်တာ၊ သံဝယ်တာ ကို account transfer နဲ့ပေးလို့ရတယ်။ ဒါပေမယ့် ဘာပြဿနာရှိလဲဆိုရင် ၅% နဲ့ ၆% ကြား အပိုထပ်ဆောင်းပြီးတော့ ပေးရတယ်။ သိန်းရာနဲ့ ထောင်နဲ့ချီပြီး ပေးနေရတဲ့ လုပ်ငန်းတွေမှာ သိန်း ၁၀၀ ကျရင် ၁၀၆ သိန်း၊ သိန်း ၁၀၀၀ ကျရင် ၁၀၆၀ အပိုဆောင်းပြီး လွှဲပေးရတယ်။ ဆိုတော့ ပေးရတဲ့ ရာခိုင်နှုန်းက ဘဏ်တိုးနှုန်းထက်တောင်များနေပြီး အလကားပေးနေရ တာဗျာ။ ပြီးတော့ ဒါက တရားဝင်သတ်မှတ်ပေးထားသလိုမျိုး ဖြစ်နေတာ။ အမှန်တကယ်တော့ ကျနော်တို့ကလည်း ငွေစက္ကူကို မကိုင်ချင်ပါဘူး။ ဒါပေမဲ့ အဲ့လိုမျိုး ရာခိုင်နှုန်းတခုသတ်မှတ်ပြီး လုပ်စားနေတာကိုတော့ ဗဟိုဘဏ်က ဘယ်လို ပပျောက်အောင်လုပ်မလဲ ဆိုတာက ပိုပြီးတော့ အရေးကြီးတယ်လို့ “ပြောပါတယ်။

ရွှေစျေးကွက်

အမေရိကန်ဒေါ်လာတန်ဖိုးနဲ့အတူ ပြည်တွင်းရွှေစျေးကလည်း အကယ်ဒမီ တကျပ်သားစျေးနှုန်းက ၂၀၂၁ နှစ်ဆန်းမှာ ကျပ် ၁၃ သိန်းစွန်းစွန်းရှိခဲ့ရာကနေ ကျပ် ၂၃ သိန်းအထိ စံချိန်တင်ရှိခဲ့ပါတယ်။

ရွှေစျေးတွေ အခုလို စံချန်တင်အတက်ကြမ်းလာပြီး ရောင်းလိုအား၊ဝယ်လိုအား မျှတမှု မရှိတဲ့အပေါ် ရွှေစျေးနှုန်း တည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေမှာ တနေ့လျှင် ပိသာချိန် ၂၀ အထိရောင်းချပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ စက်တင်ဘာ ၂၉ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “ရွှေစျေးက အတက်အကျတွေကြမ်းပြီး ဝယ်လိုအား ရောင်းလိုအား မမျှတဲ့အချိန်မှာရှိနေတယ်လေ။ အဲ့လိုအချိန်မှာ ရန်ကုန်၊ မန္တလေးက စုပြီးတော့ ရွှေတွေကို ထုတ်ရောင်းပေးမယ်ပေါ့နော်။ တကယ်လည်း ထုတ်ရောင်းပေးမယ်ဆိုတော့ ဝယ်ချင်တဲ့သူအတွက်ကလည်း တနေ့ ကို ပိဿာချိန် ၂၀ အထိ ထုတ်ရောင်းမယ်ဆိုတာသိရတော့ အများသဖြင့် စိတ်အေးသွားတာပေါ့။ လူဆိုတာက သိတဲ့ အတိုင်းပဲ။ မရဘူးဆိုရင် ဝယ်ချင်ကြတာ။ ရရင် မဝယ်ချင်ကြဘူးလေ။ အဲ့လိုလူမျိုးတွေအတွက် စိတ်သက် သာသွားစေမယ်။ ပြီးတော့ တကယ်လိုချင်ရင်လဲ  ပိဿာ ၂၀ အထိ ထုတ်ရောင်းပေးမယ်ဆိုတော့ စျေးက ထက်တက်သလားဆိုရင် မတက်တော့ဘူးပေါ့။ ဒါက ရွှေစျေးနှုန်းတည်ငြိမ်ရေးကို စဉ်းစားပြီး ရောင်းပေးတာပါ” လို့  ပြောပါတယ်။

ဝါရင့်ရွှေဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း ကျနော်ရွှေလုပ်တဲ့ သက်တမ်းတလျှောက်မှာတော့ ဒီနှစ်(၂၀၂၁)က အထူးအခြားဆုံးပဲလို့ ဆိုရမှာပါ။ ရွှေစျေးက အတက်လည်းကြမ်းခဲ့တယ်နော်။ ဘာကြောင့်လဲဆို ၂၀၂၁ နှစ်ဆန်းမှာဆိုရင် မြန်မာ့ရွှေစျေးက ၁၃ သိန်းဝန်းကျင်သာရှိတယ်။ အဲ့ဒီ့စျေးကနေ ၂၃ သိန်းအထိ ဖြစ်သွားတယ်နော်။ ဒါက ရာခိုင်နှုန်းအားဖြင့် ၈၅ ရာခိုင်နှုန်းလောက် အထိ စျေးတက်သွားတာနော်။ အဲ့ဒါကတော့ တော်တော်ဆိုးဝါးတဲ့အခြေအနေပါ။ ဒါက တနှစ်ထဲမှာ ၁ဝ သိန်းလောက်အထိ စျေးတက်သွားတာလေ။ အခုတော့ အဲ့ဒီ အခြေအနေကနေ ပြန်ကျသွားတာ ၅ သိန်း လောက်အထိပဲနော်။ ဆိုတော့ ဒီနှစ်က စျေးအတက်အကြမ်းသလို အကျလည်း ကြမ်းတဲ့နှစ်ပါ” လို့ဆိုပါတယ်။

ဒီ့အပြင် ရန်ကုန်ရွှေစျေးကွက်မှာ ထူးခြားမှုတခုကတော့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး အရောင်းအဝယ်လုပ်မယ့် Gold Paper လို့ခေါ်ဆိုတဲ့ စက္ကူရွှေ စနစ်ပါ။ ဒါပေမဲ့ ဒီစနစ်က လက်ရှိအခြေအနေမှာတော့ အောင်မြင်ဖို့က အလှမ်းဝေးနေဆဲဖြစ်တယ်လို့ ရွှေစျေးကွက်အား စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Gold Paper နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက “ကိုယ့်ဘာသာကိုယ် ရွှေဝယ်တယ်ပေါ့။ ကိုယ်က ရွှေ ၅ ပိဿာ ရှိတယ်ဆိုရင် ဘဏ်မှာသွားအပ်ထားမယ်။ ဘဏ်ကနေပြီးတော့ ထိန်းသိမ်းပေးမယ်။ ဘဏ်က အာမခံကတ် ထုတ်ပေးမယ်ပေါ့။ အဲဒါနဲ့ အသင်းရုံးမှာ ပြန်ရောင်းပေါ့နော်။ အဓိကကတော့ ရွှေစျေးကွက်ကို ကမ္ဘာ့ရွှေစျေးကွက်အတိုင်း ဖြစ်စေချင်တာပါ။ တကမ္ဘာလုံးမှာလည်း ဘဏ်တွေက ရွှေရောင်းပေးတယ်။ဒီမှာက ဒေါ်လာပဲရောင်းပေးတယ်။ ရွှေကိုရောင်းမပေးနိုင်ဘူးလေ။ ရွှေကို ဝယ်တဲ့သူတယောက်က အသင်းသားဆိုရင်တော့ အသင်းမှာ လာဝယ်တာက မြန်တာပေါ့” လို့ပြောပါတယ်။

ဒါပေမဲ့ သုတေသီတွေရဲ့အဆိုအရ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီးလုပ်တဲ့ စက္ကူရွှေ (Gold Paper) စနစ်က နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Paper trading (ခေါ်) Gold exchange စနစ်နဲ့ တူညီမှု မရှိတာတွေ့ရပါတယ်။

ရွှေစျေးကွက်သုတေသီတဦးက “Paper trading ဆိုတာက deposit တင်ထားရတယ်။ ဥပမာ deposit အတွက် ရွှေ ၁ဝ သား တင်ထားတဲ့သူက ၁ပိဿာ အတွင်းမှာ ဝယ်လိုက်ရောင်းလိုက်နဲ့ အရောင်းအဝယ်လုပ်လို့ရတယ်။ ဝယ်ထားတဲ့ စျေးက တကယ်လို့ ပြုတ်ကျသွားလို့ရှိရင် ခင်ဗျားစျေးကပြုတ်ကျနေပြီဖြစ်လို့ ခင်ဗျား deposit ထပ်တင်မှာလား။ မတင်ဘူးဆိုရင် သူ့ရဲ့အကွာအဝေးရောက်တာနဲ့ အလိုအလျှောက် ပျက်သွားပြီ။ တကယ်လို့ နောက်ပိုင်း စျေးပြန်တက်သွား လို့ရှိရင် ဘယ်လောက်တက်တက် သူနဲ့မဆိုင်တော့ဘူးနော်။ ဒါကတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ပုံစံပေါ့။ သူတင်ထားတဲ့ deposit ကျော်သွားပြီဆိုရင် လှမ်းအကြောင်းကြားတယ်။ အဲ့ဒါကိုမှ ထပ်တင်ချင်ရင်တင်၊ မတင်ရင်တော့ သူက ဖြုတ်ချသွားလိမ့်မယ်။ တကယ်လို့ ကိုယ်က deposit ရွှေ ၁ဝ သားတင်ထားတာဖြစ်လို့ ရွှေထုတ်ချင်တယ်ဆိုရင်လည်း အသင်းက ထုတ်ပေးတယ်။ ဒါက Gold exchange သဘောပဲ။ ရှန်ဟိုင်း၊ဟောင်ကောင်တို့မှာ အောင်မြင်တယ်။ အရှုံး အမြတ်က deposit တင်ထားတဲ့ သူ့ငွေစာရင်းကနေ ထွက်သွားတာ။ ဟောင်ကောင်ကတော့ သူတို့ကုန်သည်ကြီး များဘဏ်မှာ background ထားလုပ်ကြတယ်။ ရှန်ဟိုင်းကတော့ Bank of China တရုတ်ဗဟိုဘဏ်မှာ background ထားပြီးလုပ်တယ်။ ဒီ့အတွက်လည်း နိုင်ငံတော်က အခွန်အခရတယ်။ ဒီမှာတော့ အခွန်အကောက်ကို တိမ်းရှောင်ချင်တဲ့ လူတွေများတော့ ဒါမျိုးလုပ်ဖို့က မလွယ်ဘူးထင်တယ်” လို့ ပြောပါတယ်။

Gold Paper စနစ်ကို အကောင်အထည်ဖော်ဖို့အတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YEGA) နဲ့ Shwe Bank တို့က ရောင်းချမယ့် ရွှေကို မူလရှိပြီးသား ဘဏ်အကောင့်ငွေစာရင်းနဲ့ ပေးချေလို့မရဘူးလို့ သတ်မှတ်ထားပါတယ်။

အခုလိုသတ်မှတ်ထားတဲ့အပေါ် ရွှေဝယ်ရောင်းသမားတဦးက “ဘဏ်ရဲ့ရာဇဝင်နောက်ကြောင်းနဲ့ ဘဏ်ရဲ့ခိုင်မာမှုက ဘယ်လို ရှိလဲဆိုတာလဲ ထည့်တွက်ဖို့လိုတယ်လေ။ ဘာလို့လဲဆို အကြောင်းကြောင်းကြောင့် မိုးတော့ မပြိုပေမယ့် ပြိုခဲ့တယ်ရှိသော် ဘယ်လိုလုပ်မလဲ။ အခုလိုအချိန်မှာ ကိုယ့်ဟာကိုယ်ရှိတဲ့ ဘဏ်ငွေစာရင်းကိုတောင် ထုတ်ချင်ရင် ထုတ်မရတဲ့အခြေအနေမှာ နောက်ထက် ထပ်ထည့်ပြီး ကစားဖို့ဆိုတာက ဖြစ်နိုင်မလားဗျာ” လို့ဆိုပါတယ်။

ကားစျေးကွက်

စစ်ကောင်စီက ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတာကြောင့် ကားပါမစ် (ပြည်ပမှကား အသစ်တင်သွင်းခွင့်)တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကစပြီး  ရပ်ဆိုင်းလိုက်တာပါ။

ဒီအကျိုးဆက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေးကွက်မှာ ကားစျေးတွေ တက်သွားခဲ့ပြီး အရောင်းအဝယ်လည်း လိုက်ခဲ့ ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ကားအရောင်းအဝယ်တွေက ပြန်အေးသွားတာကြောင့် အမြင့်စျေးနဲ့ မိထားတဲ့ သူတွေအနေနဲ့ စျေးချရောင်းနိုင်မှသာ အရောင်းအဝယ်ဖြစ်မယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။

ကားဝယ်ရောင်းလုပ်ကိုင်သူတဦးက “ကားပါမစ် ပိတ်ပိတ်ချင်း ကာလတုန်းက နည်းနည်းဝယ်လိုအားများခဲ့တယ်။ တဖက်ကလည်း အဲ့အချိန်က ဒေါ်လာတန်ဖိုးက တက်နေတာလည်း ပါတာပေါ့။ ဒါကြောင့် တချို့ကလည်း ဒေါ်လာအစား ကားကို ဝယ်လိုက်ကြတာပေါ့။ ပြီးတော့ နောက်တချက်က ကားပါမစ်ပိတ်ပေမယ့် SKD ကတော့ မပိတ်ထားဘူး။ ဒါပေမဲ့ SKD ထုတ်ကားတွေက ကိုဗစ်ကြောင့် စက်ရုံတွေ မလည်နိုင်ကြသေးဘူး။ အခုတော့ စက်ရုံတွေက ပြန်လည်နေကြပြီ။ ကားရှားသွားတဲ့ အကြောင်းအရင်းက SKD မလည်ကြတဲ့ အချက်တခုလည်းပါတယ်။ SKD စက်ရုံတွေကိုတော့ ဘယ်သူမျှပိတ်ခိုင်းတာတော့မဟုတ်ဘူး။ ကိုယ့်ဘာသာပိတ်ကြတာလေ။ အဲ့အချက်တွေစုံပြီးတော့ ကားစျေးက တက်သွားခဲ့ပြီး အရောင်းအဝယ်တွေလည်း ကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်နဲ့အောက်တိုဘာလဆန်း အချိန်တုန်းကလေ။ အခုတော့ ဒေါ်လာစျေးက နည်းနည်းပြန်ကျသွားသလို အရောင်းအဝယ်တွေလည်း ပြန်အေး သွားပြီနော်။” လို့ ပြောပါတယ်။

ပြည်တွင်းမှာ SKD စနစ်နဲ့ထုတ်လုပ်ပြီး ရောင်းချနေတဲ့ ဆူဇူကီးကားကုမ္ပဏီနဲ့ ဟွန်းဒိုင်းကားကုမ္ပဏီတို့ရှိကြရာ ယင်းကုမ္ပဏီတွေက ထုတ်တဲ့ကားသစ်တွေကို လူကြိုက်များပြီး လက်ခံလာတဲ့အတွက်ကြောင့် ရန်ကုန်ကားဝယ်ရောင်းစျေး ကွက်မှာ ဂျပန်တပတ်ရစ်အဟောင်းကား (Japa used car) နဲ့ ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ ကားသစ်ဆိုပြီး စျေးကွက် ၂မျိုးနဲ့ အရောင်းအဝယ်ရှိနေတာပါ။

ကားအရောင်းစင်တာပိုင်ရှင်တဦးကတော့ “အသစ်ကားစျေးကွက်မှာ SKD တွေက ၇၀ ရာခိုင်နှုန်းလွှမ်းမိုးထား တာလေ။ ဆိုတော့ SKD တွေပြန်ထွက်ရင် ကားအသစ်စျေးကွက်က ပုံမှန် ပြန်ဖြစ်သွားမယ်ထင်တယ်။ SKD ထုတ်ကားတွေကို ဒေါ်လာနဲ့ပဲရောင်းရောင်း၊ ကျပ်ငွေနဲ့ပဲရောင်းရောင်း စျေးကသိပ်မကွာပါဘူး။ဒေါ်လာစျေးကလည်း ဗဟိုဘဏ် သတ်မှတ်ရည်ညွှန်းနှုန်းနဲ့ အကြမ်းဖျင်း ၁၇၀၀ ကျော်နဲ့တွက်ကြတာလေ။ အခုက ဒေါ်လာစျေးနဲ့ အများကြီးစျေး တင်ပြီးရောင်းလို့မှ မရတာ။ ကားစျေးတက်တယ်၊ကျတယ်ဆိုတာ ကားအမျိုးအစားအပေါ်မူတည်ပြီး စိတ်ဝင်စားကြတာပါ။ အခုမှ ကားစစီးမယ့်သူက  သိန်း ၂၀၀ အောက်ကားကို ရှာကြတာ။ အဲ့ကားတွေက လောလောဆယ် မလွယ်လှဘူး။ ပြီးတော့ ဒီ ဂျပန် used car တွေက မြန်မာပြည်မှာတင် သုံးတာက ၁၅ နှစ်လောက်ရှိပြီနော်။ အဲ့တော့ သူတို့ ဘတ်ဂျက်နဲ့ ဝင်တဲ့ ကားက အညံ့ဖြစ်နေလောက်ပြီ။ condition ကောင်းတဲ့ကားဆိုရင်တော့ စျေးခေါ်မှာပေါ့။ အဲ့လိုမျိုးတော့ ရှိတယ်။ ဒါပေမယ့် ခြုံပြီးပြောရရင် ကားစျေးကွက်က သိပ်အကောင်းကြီးမဟုတ်ဘူး” လို့ဆိုပါတယ်။

အိမ်ခြံမြေ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်မှု မရှိတော့တဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုက နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို တစတစနဲ့ ပြန်လည်ထွက်ခွါစေတဲ့ အကျိုးဆက်ကြောင့် ရန်ကုန်အိမ်ခြံမြေစျေးကွက်ဟာ ကြီးစွာသောသက်ရောက်မှုဒဏ်ကို ခံနေရပါတယ်။

ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အရောင်းအဝယ်တွေက အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ တချို့လူတွေကလည်း ဝယ်ပြီးရင် ဘာဖြစ်မလဲဆိုတာ မသိကြတော့ စောင့်ကြည့်နေကြတာ ရှိတယ်။ အခုအချိန်က ဖြစ်တော့ဖြစ်တယ်၊ ဒါပေမဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တော့ မဖြစ်ဘူးပေါ့။ အရောင်းအဝယ်ဖြစ်တဲ့ စျေးနှုန်းက လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက စပြီး တဖြည်းဖြည်းနဲ့ ကျလာတဲ့ စျေးဆိုတော့ အခုအချိန်မှာ ထိုးကျသွားတယ်လို့တော့ မရှိပါဘူး။ အငှားစျေးကွက်လည်း အရင်လို မမြိုင်တာတော့ အမှန်ဘဲ။ နိုင်ငံခြားသားကလည်း ပျောက်နေတာလေ။ တချို့ကွန်ဒို တွေဆိုရင် နိုင်ငံခြားသားတွေအတွက် ငှားစားဖို့ဆိုပြီး အဆင့်မြင့်ထားတာတွေ ရှိတယ်နော်။ နိုင်ငံခြားသားက မရှိ၊ တခါ ဆင်းသွားတဲ့သူတွေကလည်း ပြန်တက်မလာကြတာ ရှိတယ်။ တချို့စက်မှုဇုန်တွေလည်း ပိတ်ပြီး ပြန်ကုန်တာတွေရှိတော့ ပြန်အငှားတင်လို့မရတဲ့ အနေအထားတွေ ရှိတယ်။ အငှားစျေးကွက်ကတော့ တော်တော်ထိခိုက်သွားတယ်။ အငှားစျေးကွက်ဆိုရင် ၆၀ ရာခိုင်နှုန်းကျော်လောက် ကျသွားတယ်။ ဒါကြောင့် အငှားစျေးနှုန်းကလည်း ခန့်မှန်းပြောရရင် ခေါက်ချိုး လောက်ကျသွားတယ်” လို့ ပြောပါတယ်။

ဒါကြောင့်လက်ရှိအခြေအနေတွေအရ ရန်ကုန်အိမ်ခြံမြေစျေးကွက်ဟာ ပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့က မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။

“ပုံမှန်ပြန်လည်ပတ်ဖို့ဆိုရင် ဘဏ်စနစ်က စပြောရမှာပေါ့နော်။ ဘဏ်စနစ်က ပြန်လည်ပတ်ဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူတွေဝင်လာဖို့အတွက်လည်း ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းလေးတွေကို များများဖော်ပေး မယ်ဆိုရင်တော့ ပြန်ကောင်းလာမယ့် သဘောမှာရှိတာပေါ့။ နိုင်ငံသားတွေအတွက်လည်း အကျိုးအမြတ်ရှိစေတဲ့ စီမံကိန်းတွေ ဖော်ဆောင်ပေးဖို့လိုတယ်နော်။ အဲ့ဒီ့အချက််တွေအပေါ် မူတည်ပြီးမှ အိမ်ခြံမြေစျေးကွက်က အလားအလာကောင်းနိုင်တာလေ။ လက်ရှိအခြေအနေမှာတော့ ပြန်ကောင်းဖို့ မမြင်ဘူး။ ဒီအချက်တွေ မကောင်းသေးသရွေ့ အိမ်ခြံမြေစျေးကွက် ပြန်ကောင်းလာဖို့ မလွယ်ဘူး” လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ကို်င်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးကလည်း ဆိုပါတယ်။

ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကျရောက်ခဲ့တဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းအပြီးကာလမှာ ပြည်တွင်းမှခရီးသွားလာမှု နှုန်းက ထူးခြားစွာလျှော့ကျမှုမရှိခဲ့ပါဘူး။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အခုနှစ်ခရီးသွားရာသီကာလမှာတော့ ပြည်တွင်းမှခရီးသွားလာမှုနှုန်းက ယမန်နှစ်နဲ့နှိုင်းယှဉ်ရင် များစွာလျှော့ကျခဲ့ပါတယ်။

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တဦးက “ကျနော်တို့ ၂၀၂၀ နဲ့ ၂၀၂၁ ကိုချိန်ပြီး နင်းယှဉ်လိုက်ရင် ၂၀၂၀ ရဲ့ ရလ၊ ၈လ ပိုင်းမှာ ရှိခဲ့တဲ့ပမာဏက တော်တော်လေး မြင့်ခဲ့တဲ့တာတွေ့ရတယ်။ ၂၀၂၀ မှာဆိုရင် တော်တော်လေးခရီးတွေ သွားကြတယ်။ ဒီနှစ်ဆိုရင် တတိယလှိုင်းပြီးသွားတဲ့ အခုလိုအချိန်ပေါ့နော်၊ အောက်တိုဘာကစပြီးတော့ ခရီးသွားက တောက်လျှောက်တက်လာပါတယ်။ ပြီးတော့ နိုဝင်ဘာနဲ့ အခု ဒီဇင်ဘာမှာရော ခရီးသွားတွေက တက်လာတယ်နော်။ ဒါပေမဲ့ ဘယ်လိုပဲယှဉ်ယှဉ် ၂၀၂၀ တုန်းက  ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ပြီးခဲ့တဲ့အချိန်မှာ တက်ခဲ့တဲ့ ပမာဏကိုတော့ မမှီသေးဘူး။” လို့ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာဆိုရင် နယ်မြေလုံခြုံမှုရှိတဲ့ နေရာဒေသတွေကို ရွေးချယ်ပြီး ခရီးသွားလာမှုရှိတဲ့အကြောင်း သိရပါတယ်။

“မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်၊ကယားပြည်နယ်ဖက်အခြမ်းတွေ ဆိုတာက ပုံမှန်အခြေအနေသာဆိုရင် ခရီးတွေ အရမ်းသွားတဲ့ ဘက်ပေါ့နော်။ အခုဆိုရင် ပုဂံဘက်သွားလာတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်ရှိသင့်တာ ထက်စာရင်တော့ အများကြီးနည်းနေသေးတာပေါ့။ ဒါကြောင့်မို့ အေးချမ်းပြီး နယ်မြေအရ လုံခြုံရတဲ့ နေရာတွေပဲ သွားနေတာ တွေ့ရတယ်။ ဒါကြောင့် ယေဘုယျပြောရရင် ဧရာဝတီတိုင်းမှာရှိတဲ့ ကမ်းခြေတွေကို သွားကြတယ်။ ပြီးတော့ ဘားအံ့၊မော်လမြိုင်ဘက်ကို လာကြတာတွေ့ရတယ်။ အဲဒီကနေ အောက်ဖက်ပိုင်း တနင်္သာရီဘက်ကို သွားကြတာ သိပ်မရှိတော့ဘူး။ ခရီးအားဖြင့်ပြောရရင် ၅နာရီ၊ ၆နာရီလောက်ပဲ ကားမောင်းပြီးသွားလို့ရတဲ့ အကွာအဝေးတွေလောက်ပဲ သွားကြတာ တော်တော်များတယ်။ ၁၂နာရီ နဲ့ ၁၄ နာရီလောက်ကားမောင်းပြီးသွားရတဲ့ အကွာအဝေးကိုတော့ လူတွေက သိပ်မသွားကြတော့ဘူးနော်။ ဘားအံ၊ မော်လမြိုင်ဘက်က အခုဆိုရင် ကျိုက်ထီးရိုးကို သွားကြတာတွေ့ရတယ်။ ဒါပေမဲ့ အရင်နှစ်တွေထက်စာရင်တော့ အများကြီးတော့ နည်းပါသေးတယ်။ ကရင်ပြည်နယ် ဘားအံဘက်ဆိုရင် ဇွဲကပင်နဲ့ သူ့ဒေသအလှအပ ရှိတဲ့နေရာနဲ့ မြို့ပေါ်ကို လာကြတာရှိတယ်။ မော်လမြိုင်ဆိုရင် ကျိုက်ခမီဘက် သွားကြတာတွေ့ရပါတယ်လို့” အဆိုပါ ပုဂ္ဂိုလ်ကဆိုပါတယ်။

ပြည်တွင်းက ခရီးသွားတွေကိုသာ အဓိကမှီခိုနေရတဲ့အတွက် စျေးနှုန်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကအခြေအနေနဲ့ နှိုင်းယှဉ်ရင် လျှော့ကျမှုရှိပါတယ်လို့ အဆိုပါ ပုဂ္ဂိုလ်ကဆက်လက်ပြောပါတယ်။

အသေးစားနှင့်အလတ်စား(SME)လုပ်ငန်းတွေ

ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရစဉ် စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကြောင့် ပုံမှန် လည်ပတ်နေတဲ့ စီးပွားရေးစနစ်ယန္တရားကြီးတခုလုံးက ပျက်စီးခဲ့ရပြီး အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေလည်း ယိုင်နဲ့ခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ စားသောက်ကုန်လုပ်ငန်းတွေဟာလည်း အခြားလုပ်ငန်းတွေနည်းတူ လုပ်ငန်းမရပ်အောင် ရုန်းကန်ကြိုးစားနေရပါတယ်။

စားသောက်ကုန်လုပ်ငန်းရှင်တဦးက “ကျနော်ထင်တာတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်က တဖြည်းဖြည်းနဲ့မြင့်လာမယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့က စျေးတက်ရတယ်ဗျာ။ ဆိုတော့ အချိန်တခု ရောက်ရင်တော့ ဒါတွေက ရပ်ဆိုင်းသွားမယ်လို့ ကျနော်တော့ မြင်တယ်ဗျာ။ ဘာလို့လဲဆို ထုတ်လုပ်မှု စရိတ်များလို့ရှိရင် ကျနော်တို့က စျေးတက်ရမှာလေ။ စျေးတက်တော့ ဝယ်မစားနိုင်ကြတော့ဘူး။ အဲ့လို ဝယ်မစားနိုင်ကြတော့ဘူး ဆိုရင် ကျနော်တို့လုပ်ငန်းတွေ ရပ်ဆိုင်းသွားလိမ့်မယ်။ ကျနော်တို့လုပ်ငန်းက customer အပေါ်မှာဘဲ အဓိကမူတည် နေရတာ လေ။ အရင်တုန်းကလိုမျိုး ပစ္စည်းတခုကိုဝယ်၊ နည်းနည်းလေး ပြုပြင် ပြောင်းလဲပြီး ရောင်းတဲ့လုပ်ငန်းတွေ အကုန်လုံးက ပြုတ်မှာပဲ” လို့ပြောပါတယ်။

အလားတူအခြားစားသောက်ကုန်လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ဆီက ထုတ်ကုန်တွေထဲမှာ တချို့က နိုင်ငံခြားကနေ သွင်းရတာတွေ ရှိတယ်လေ။ အဲ့သွင်းကုန်တွေက စျေးတွေတက်လာတယ်။ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ပြောရရင်တော့ ဘဏ်တွေက အရင်ကတည်းက ဘဏ္ဍာရေးအထောက်အပံ့မပေးဘူးဗျ။ ပြီးတော့ ကျနော်တို့ SME two step Loan ဆိုတာကလည်း Loan ပဲ။ ကျနော့်မှာ အပေါင်ပစ္စည်းရှိမှ သူက ငွေချေးပေးတာလေ။ အဲ့တော့ ဘဏ္ဍာရေးအထောက် အပံ့နဲ့ပတ်သတ်ပြီး အရင်ကတည်းက မရတာဖြစ်လို့ အခုအခြေအနေမှာလဲ ရဖို့ ကျနော်တို့က မမျှော်လင့်ပါဘူး” လို့ဆိုပါ တယ်။

The Organisation for Economic Co-operation and Development (OECD)က မြန်မာနိုင်ငံအတွက် ၂၀၂ဝခုနှစ် ရင်းနှီးမြှုပ်နှံမှုမူဝါဒလေ့လာသုံးသပ်ချက်အစီရင်ခံစာအရ အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေဟာ စီးပွားရေး လုပ်ငန်းအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံမှာအလုပ်အကိုင်ပေါင်း ၇၀ ရာခိုင်နှုန်းကိုဖန်တီးပေးနိုင်တာကြောင့် အရေးပါတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားရှိတဲ့ အသေးစားနှင့်အလတ်စား SME လုပ်ငန်းပေါင်း ၅၁၀၀၀ ကျော်ရှိတဲ့အနက် စားသောက်ကုန်လုပ်ငန်းက ၂သောင်း ၉ထောင်ကျော်ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၅၆ ရာခိုင်နှုန်းရှိနေပါတယ်။ ဒါကြောင့် စားသောက်ကုန်လုပ်ငန်းက အသေးစားနှင့်အလတ်စား SME လုပ်ငန်းတွေထဲမှာ အများဆုံးရှိတာတွေ့ရပါတယ်။

ကုန်သွယ်မှု

နိုဝင်ဘာ ၂ ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာမှာ စစ်ကောင်စီ ခေါင်းဆောင်က “ကျွန်တော်တို့နိုင်ငံရဲ့ကုန်သွယ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ်ရှင်း ပြလိုပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၅၈၅ ရှိခဲ့ပါတယ်။ အဲ့ဒီမှာ     ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပမာဏ ၁၉,၈၃၂ သန်း၊ နယ်စပ်ကနေပြီးတော့ ၉,၇၅၃ သန်းဖြစ်ပါတယ်။ အဲ့ဒီမှာ ပို့ကုန်၊ သွင်းကုန် ပြန်ယှဉ်ကြည့်မယ် ဆိုလို့ရှိရင် ပို့ကုန်က ၁၄,၉၂၇ သန်း ဖြစ်ပြီးတော့ သွင်းကုန်က ၁၄,၆၅၈ သန်းဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈ သန်း ဖြစ်တာကို တွေ့ပါတယ်။ ကာလတူမှာ ကုန်သွယ်မှုအနေနဲ့ လိုငွေ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁,၆၃၈ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အခြေအနေ ကောင်းတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ပကတိမြေပြင်အခြေအနေနဲ့ ကွဲလွဲမှုရှိနေတာကို ကိန်းဂဏန်း အချက်အလက်တွေအရ တွေ့နိုင်ပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ အခု(၂၀၂၀-၂၁)ဘဏ္ဍာနှစ်အတွက် သြဂုတ်လအထိ ၁၁ လတာကာလမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်၊သွင်းကုန်အခြေအနေက ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈,၀၇၈ ရရှိထားပြီး နယ်စပ်လမ်းကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၉,၃၉၈ ရရှိထားတာကြောင့် စုစုပေါင်းပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇,၄၇၇ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်၊သွင်းကုန်အခြေအနေက ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှု က အမေရိကန်ဒေါ်လာ သန်းပေါင်း ပင်လယ်ရေကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၆,၀၉၆ ရှိပြီး နယ်စပ်လမ်းကြောင်းကတဆင့် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀,၆၃၅ ရှိတာကြောင့် စုစုပေါင်း ပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆,၇၃၁ ရှိပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ကုန်သွယ်မှုပမာဏကို ပြည့်မှီဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၂၀၀ ကျော် လိုအပ်ချက်ရှိနေတာပါ။ ဘဏ္ဍာနှစ်ကုန်ဆုံးဖို့ကလည်း အချိန်အားဖြင့် ၁လတာသာ ကျန်ရှိတာကြောင့် ယမန်နှစ်ပမာဏကို ဘယ်လိုမျှပြည့်မှီမှာမဟုတ်ပါဘူး။

အခုနောက်ဆုံး ရရှိတဲ့ကိန်းဂဏန်းအရ စစ်ကောင်စီခေါင်းဆောင်ရဲ့ ပြောဆိုချက်ကိုကြည့်ရင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉,၅၈၅ ရှိတာကြောင့် ယမန်နှစ်ပမာဏကိုပြည့်မှီဖို့မှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၁၀၀ ကျော်လိုအပ်ချက်ရှိနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်ပြောသလို ကုန်သွယ်မှုပိုငွေ ရှိဖို့ဆိုရင် ယခင်စစ်တပ်အုပ်ချုပ်ခဲတဲ့ကာလက ပုံစံမျိုးပြန်သွားမှရမယ့်အကြောင်း စီးပွားရေးသုတေသီတဦးက “အခုကိုဗစ်ကာလမှာ ကျနော်တို့က သွင်းကုန်နည်းတယ်လေနော်။ ဒါကြောင့် ပိုငွေပြနေတာလို့ ကျနော်ယူဆတယ်။ အခု ဒါက ကာလတိုပေါ့။ ဒါပေမယ့် ရေရှည်ဆက်သွားရင် ကျနော်တို့ သွင်းကုန်နည်းတာ ဖြစ်ချင်မှဖြစ်မယ်။ နောက်တခုက စကစ ရဲ့မူကလည်း သွင်းကုန်တွေကို လျှော့ချဖို့ လုပ်နေတယ်။ ဘာလို့လဲဆို ပိုက်ဆံချွေတာဖို့ပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ရှေ့လျှောက်မှာ အရင်စစ်တပ်အုပ်ချုပ်တဲ့ခေတ်က ပုံစံမျိုးပေါ့။ ရောင်းကုန်ရှိမှ အဲ့က ရတဲ့ ပိုက်ဆံကို အခြေခံပြီး ပြန်သွင်း ဆိုတာမျိုးလေ။ ဆိုတော့ ဒီလိုပုံစံမျိုး သွားမယ်ဆိုရင်တော့ ကုန်သွယ်မှုလိုငွေ မရှိဘူးပေါ့နော်။ ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကုန်သွယ်မှုမှာ အမြဲတမ်း ပိုငွေပြမယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆို ကျနော်တို့မှာ ရောင်းကုန်က သိပ်ရှိတာ မဟုတ်ဘူးလေ။ ဆိုတော့ ရောင်းကုန်က သိပ်မရှိတဲ့အတွက် သွင်းကုန်ကသာ အမြဲတမ်းရှိနေတာ။ ဒါကြောင့် ရှေရှည်က ကုန်သွယ်မှုပိုငွေ အမြဲတမ်းရှိဖို့ဆိုတာက မသေချာဘူး”လို့ ဒီဗွီဘီအား ပြောပါတယ်။

နိုင်ငံရေး၊စီးပွားရေးလေ့လာသူတဦးကလည်း “ကျနော်မြင်တာကတော့ အခြားအခြေအနေနဲ့ ကျနော်တို့ မတူတာက ကျနော်တို့မှာ နိုင်ငံရေးအရ ပြဿနာရှိတယ်။ စီးပွားရေးအရလည်း ပိတ်ဆို့မှုတွေ ရှိတာကြောင့် ဒီအခြေအနေက ပုံမှန်မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဘာလုပ်လဲဆိုရင် အခြေအနေတွေကို နိုင်ငံတကာမှာ ပုံမှန်ပြန်ဖြစ်အောင် ပြန်လုပ်ခဲ့ရတယ်။ လုပ်တော့မှ ကျန်တဲ့ နိုင်ငံတွေနဲ့ အေးအေးဆေးဆေးဆက်ဆံနိုင်တာပေါ့နော်။ ကျနော်ထင်တယ်။ အဲ့ဒါမျိုးက ပြန်ဖြတ်ကျော်ရဦးမယ်ဗျ။ အခုက စကစက သူတို့ချထားတဲ့မူအရ အသေးစားအလတ်စား လုပ်ငန်း (SME) တွေကို ဦးစားပေးမယ်လို့တော့ ပြောတာဘဲ။ နောက်တခါ ပိုက်ဆံချေးမယ်ဆိုပြီး ကြေညာချက်တွေလဲ ထုတ်တာတော့ တွေ့ရတယ်။ အဲ့တော့ ဘယ်လောက်အထိ ကောင်းကောင်းအကောင်အထည်ဖော်နိုင်မလဲဆိုတာကလည်း မသေချာဘူးနော်။ နောက်တခုကလဲ ကျနော်တို့က အခုအချိန်ထိ စိုက်ပျိုးရေးထုတ်ကုန်ကို အားထားနေရတာလေ။ ဒါပေမယ့် ကျနော်တို့ဆီမှာ တောင်သူတွေက ဖြူကာပြာကာကျတာက ကြာနေပြီဗျ” လို့ဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ကြည့်မယ်ဆိုရင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းအားဖြင့် ထက်ဝက်ကျော် ကျဆင်းမှုရှိနေပြီး ယခင်အခြေ အနေကောင်းမျိုးပြန်လည်ရရှိဖို့က မလွယ်ကူတော့တယ့် အခြေအနေမှာ ရှိနေပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ အရ ၂၀၁၉-၂ဝဘဏ္ဍာနှစ်မှာ(အောက်တိုဘာမှစက်တင်ဘာအထိ) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာသန်းပေါင်း ၅၅၂၅ သန်းဝင်ရောက်မှုရှိခဲ့ပါတယ်။

အခု၂၀၂၀-၂၁ဘဏ္ဍာရေးနှစ်မှာ (အောက်တိုဘာမှဖေဖော်ဝါရီအထိ) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာသန်း ပေါင်း ၁၂၅၆ သန်းရှိခဲ့ပြီး ယင်းပမာဏက စစ်တပ်က အာဏာမသိမ်းမီရှိခဲ့တဲ့အခြေအနေဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက (အောက်တိုဘာမှသြဂုတ်လအထိ) အမေရိကန်ဒေါ်လာသန်းပေါင်း ၂၅၁၁ သန်းဝင်ရောက်မှုရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါကြောင့် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ယမန်နှစ်ကဝင်ရောက်မှုရှိခဲ့တဲ့ ပမာဏနဲ့နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာသန်းပေါင်း ၃၀၁၄ သန်းလျှော့ကျမှုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်း ရှိပါတယ်။

လက်ရှိအခြေအနေနဲ့ပတ်သတ်ပြီး စီးပွားရေးသုတေသီတဦးက “ကျနော်မြင်တာကတော့ ဦးသိန်းစိန်အစိုးရခေတ်မှာလေ နိုင်ငံတကာမှာ ပြောကြတာရှိတယ်ဗျ။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး နောက်ဆုံးကျန်တဲ့ မရင်းနှီး ၊မမြုပ်နှံရသေးတဲ့  နယ်ရိုင်းပယ်ရိုင်း ဆိုပြီးတော့ ပြောခဲ့ကြတာလေ။ ဒါကြောင့် နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ တော်တော် လေးဝင်ခဲ့တာ တွေ့ခဲ့ရတယ်နော်။ အခုတော့ ကျနော်ထင်တယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက ကျသွားပြီ။ အရင်အခြေအနေကောင်းမျိုး ပြန်ဖြစ်ဖို့ဆိုတာက တော်တော်လုပ်ရမယ်။ မလွယ်ဘူး လို့မြင်တယ်ဗျ။ နောက်တခါ နိုင်ငံတကာ ဖက်အခြမ်းကို ကြည့်လို့ရှိရင်လည်း အခုက စီးပွားရေးက မတည်ငြိမ် သေးဘူးနော်။ ကိုဗစ်ရဲ့ ရိုက်ခတ်မှုက ရှိနေတုန်းပဲ။ နိုင်ငံတွေတော်တော်များများကလည်း အထိုင်ပြန်ချနေရတယ်လေ။ အပြင်ထွက်ပြီး ရင်းနှီးမြုပ်နှံဖို့ဆိုတာထက်စာရင် နိုင်ငံအတွင်းမှာ ပြည်တွင်းဖူလုံရေး၊ ဘယ်လိုရင်းနှီးမြုပ်နှံမလဲပေါ့။ တချို့ဆိုရင် ဘာပြော နေကြလဲဆိုတော့ ၂၀၂၂ မှာ စီးပွားပျက်ကပ်ကြုံလာနိုင်သေးတယ်ဆိုပြီး ပြင်နေကြတာ ရှိတယ်နော်။ ဆိုတော့ ဒီလို အခြေအနေမျိုးမှာ မြန်မာပြည်အတွက် အများကြီးမျှော်လင့်စရာ မရှိဘူး” လို့ပြောပါတယ်။

စီးပွားရေးကျဆင်းမှု စစ်ကောင်စီဝန်ခံ

အကြမ်းဖက်စစ်ကောင်စီက မိမိလက်ထက်မှာဖြစ်တဲ့ တိုင်းပြည်စီးပွားရေးကျဆင်းမှုကို တာဝန်ခံမှုနှင့်အညီ တာဝန်ယူရမှာဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေတဲ့အကြောင်း ပြန်ကြားရေးဒုဝန်ကြီးက စက်တင်ဘာ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုသွားပါတယ်။

စစ်ကောင်စီကခန့်အပ်ထားတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းခြင်းက ကိုဗစ်ပထမလှိုင်း၊ဒုတိယလင်း ကတည်းက ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပိုပြီး ဆိုးလာတယ်။ နိုင်ငံရေးထိုးနှက်ချက်တွေလဲ ပါပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အခုလက်ရှိ တာဝန်ယူထားတဲ့ အစိုးရကပဲ တာဝန်ယူရမှာပါ။ အသီးကတော့ မှည့်နေတာကြာပြီ။ ကြွေကျခါနီးလည်း ဖြစ်နေပြီ။ ကြွေကျတာတော့ ဒီအစိုးရ လက်ထက်မှာ ကြွေကျတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြွေကျသည်ဖြစ်စေ၊ ကြွေမကျသည်ဖြစ်စေ ကိုယ့်လက်ထဲမှာ ကြွေကျတာဖြစ်လို့ ကိုယ့်ဘာကိုယ် ပြန်ကောက်ပြီး ပြန်လည်ထူထောင်အောင်တော့ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ဒီအတိုင်းပဲ လုပ်ဆောင်ပေးနေတယ်လို့ ကျနော်ပြောချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာစသိမ်းခဲ့တဲ့အချိန် ပြည်တွင်းရှိ ရွှေစျေးနှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာတန်ဖိုးက စျေးကွက်မှာ အကယ်ဒမီရွှေ ၁ကျပ်သားစျေးက ၁၃ သိန်း ၂ သောင်းစွန်းစွန်းသာ ရှိခဲ့ပြီး အမေရိကန် ၁ဒေါ်လာတန်ဖိုးက မြန်မာငွေ ၁၃၃၀ ကျပ်သာရှိခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အတွင်းမှ စပြီး ရွှေစျေးနဲ့နိုင်ငံခြားငွေတန်ဖိုးက တရိပ်ရိပ်နဲ့တက်လာခဲ့ရာ အကယ်ဒမီရွှေ ၁ ကျပ်သားစျေးက ကျပ် ၂၃သိန်းအထိ စံချိန်တင်မြှင်တက်ခဲ့ရသလို နိုင်ငံခြားငွေ အမေရိကန် ၁ဒေါ်လာတန်ဖိုးကလဲ မြန်မာငွေ ၂၇၀၀ ကျပ်ကျော်အထိ စံချိန်တင်ခဲ့ပါတယ်။

စစ်ကောင်စီခန့်ပြန်ကြားရေးဒုဝန်ကြီးပြောသလို မြန်မာပြည်က ကိုဗစ်ကာလအတွင်းမှာ စီးပွားရေးကျဆင်းမှုရှိတယ် ဆိုပေမယ့် အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ ကိုဗစ်ကာလအတွင်း စီးပွားရေးတိုးတက်မှုရာခိုင်နှုန်းမှာ မြန်မာက အမြင့်ဆုံးရှိခဲ့တဲ့အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယင်းထုတ်ပြန်ချက်အရ မြန်မာက ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရတဲ့ကာလ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အာဆီယံဒေသတွင်း နိုင်ငံတွေအကြားမှာ အမြင့်ဆုံးရှိနေတာပါ။

မြန်မာအောက်မှာ ဗီယက်နမ်နိုင်ငံက ၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့  ဒုတိယလိုက်နေပြီး ဘရူနိုင်းနိုင်ငံက ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာရှိပါတယ်။ ကျန်ရှိတဲ့နိုင်ငံတွေရဲ့ GDP တိုးတက်မှုနှုန်းက အနုတ်ရာခိုင်နှုန်းသာ ရှိတာတွေ့ရပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတဦးက “အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကစားနည်း မှန်တယ်လို့ပဲ ပြောရမလား။ ဘာကြောင့်လဲဆို ကိုဗစ်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုက အရှေ့တောင်အာရှမှာ အနည်းဆုံးပဲ။ တကယ်တမ်းသာ စစ်အုပ်ချုပ်ရေးသာ မရှိခဲ့ရင် ဖြေလျှော့မှုတွေ လုပ်လို့ရပြီ။ ကိုဗစ်နဲ့စီးပွားရေးက ဘယ်လို ဆက်စပ်နေလဲဆိုရင် ပြောင်းပြန်ဆက်စပ်နေတယ်။ ကိုဗစ်က ဖိလေလေ စီးပွားရေးက ကျဆင်းလေပဲ။ ကိုဗစ်က ကျလေလေ၊ နည်းနည်းလေးဖြေလျှော့ပေးလိုက်တာနဲ့ စီးပွားရေးက တက်လာမှာ။ ဒါကြောင့် ကျနော်တို့က အရင်အခြေအနေသာဆိုရင် recovery မျှော်လင့်လို့ရတယ်။ ဒါပေမဲ့ အခုတော့ ကျနော်တို့က recovery မလာနိုင်တော့ဘူး။ အဲ့တော့ recession ကလည်း ကြာလာမယ်။ ကုန်ထုတ်လုပ်မှုကလည်း မရှိဘူး။ ဆိုတော့ အချိန်ကြာလာလို့ရှိရင် depression ဆီကူးသွားမယ့် သဘောရှိတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ် ဧပြီလမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စိစစ်တွက်ချက်မှုအရ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၉ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ  နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စင်္ကာပူနိုင်ငံရဲ့  GDP တိုးတက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး မြန်မာက အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

အာတူးဒီ

Photo-မြန်မာ့ဆိပ်ကမ်း

3 weeks Ago

December 14, 2019

အကြိတ်အနယ်ရှိမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ သုံးသပ်ချက်

ဒီတပတ် ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့တွေ ယှဉ်ပြိုင်ကစားကြမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲကနေ စိတ်ဝင်တစား စောင့်ကြည့်မယ့် ပွဲကောင်းတွေကို ရွေးချယ် သုံးသပ်ပေးမှာ ဖြစ်ပါတယ်။ လီဗာပူး - ဝက်ဖို့ဒ် ပထမဆုံးအနေနဲ့ စနေနေ့ ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ဝက်ဖို့ဒ်ပွဲ စချင်ပါတယ်။  အမှတ်ပေးဇယားအဆင့် ၁ က အသင်းနဲ့ အောက်ဆုံးက အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ လီဗာပူးက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတာ ၃၃ ပွဲအထိရှိနေပြီး ဒီပွဲမှာ မရှုံးဘူးဆိုရင် ၃၄ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းရရှိမှာပါ။ ဝက်ဖို့ဒ်ကတော့ ဒယ်လိုဖူ၊ ပါရေယာ၊ ဒူကိုရေး တို့လို ကစာသမားကောင်းတွေ ရှိပေမယ့် ရလဒ်ဆိုးရွားနေပါတယ်။  ဝက်ဖို့ဒ်က နည်းပြသစ် ပီယာဆန်ရဲ့ ပထမဆုံးပွဲစဉ်မှာ ရလဒ်ကောင်းဖို့ ကြိုးပမ်းမှာ ဖြစ်ပေမယ့် လီဗာပူးကွင်းဖြစ်လို့ ပိုပြီးရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးကလည်း ပုံမှန်ခြေစွမ်းရနေလို့ အိမ်ကွင်းမှာ ခြေချော်ဖို့ မဖြစ်နိုင်ပါဘူး။ လီဗာပူးပဲ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ယူသွားဖို့ များပါတယ်။ ချဲလ်ဆီး - ဘုန်းမောက် နောက်တပွဲကတော့ စနေည ၉ နာရီခွဲမှာ စတင်မယ့် ချဲလ်ဆီးနဲ့ ဘုန်းမောက်ပွဲစဉ်ပါ။ ချဲလ်ဆီးတို့ ပြီးခဲ့တဲ့တပတ်က အဲဗာတန်ကို ရှုံးနိမ့်ခဲ့လို့ ဒီပွဲမှာ နိုင်ပွဲပြန်ယူဖို့ အာရုံစိုက်မှာ ဖြစ်ပါတယ်။  ဘုန်းမောက်ကတော့ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ခံစစ်ပိုင်းကလည်း ဂိုးတွေ အလွယ်တကူ ခွင့်ပြုနေရပါတယ်။  ချဲလ်ဆီးတိုက်စစ်မှာ အေဗရာဟမ် ပြန်ပါလာလို့ ဂိုးတွေပြန်ရနေပြီး ပူလီဆစ်၊ ဝီလီယံ၊ မေဆန်မောင့်တို့ရဲ့ တိုက်စစ်စုဖွဲ့မှုကို ဘုန်းမောက်ခံစစ်က ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ ဘုန်းမောက် တိုက်စစ်ပိုင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဝီလ်ဆင်၊ ဂျိုရူအာကင်းတို့ ဒဏ်ရာရနေပြီး ဒနသန်အကီ၊ ကွက်ခ်တို့လို နောက်တန်းကစားသမားတွေလည်း ဒဏ်ရာရနေတာပါ။ အိမ်ကွင်းမှာ ချဲလ်ဆီး ၂ ဂိုးလောက်အကွာနဲ့ အနိုင်ရဖို့များနေပါတယ်။ မန်ယူနိုက်တက် - အဲဗာတန် မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်ပွဲစဉ်ကိုတော့ တနင်္ဂနွေည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။ မန်ယူက စပါးနဲ့ မန်စီးတီး ထိပ်တန်း ၂ သင်းကို ဆက်တိုက်အနိုင်ကစားပြခဲ့ပြီး ယူရိုပါလိဂ်မှာလည်း  အယ်ခမမာကို ၄ ဂိုးပြတ် အနိုင်ရခဲ့လို့ စိတ်ဓာတ်နဲ့ ခြေစွမ်းပိုင်း အမြင့်ဆုံး ရောက်နေပါတယ်။  အဲဗာတန်ကလည်း ရှုံးပွဲတွေ ဆက်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့ပါတယ်။ အဲဗာတန်က ရစ်ချာလီဆင်၊ ဆီဂတ်ဆန်တို့နဲ့ ခြေစွမ်းမဆိုးပေမယ့် အဝေးကွင်းပွဲစဉ်တွေမှာတော့ စိတ်မချရတာ တွေ့ရပါတယ်။ အကြိတ်အနယ် ကစားရနိုင်ပေမယ့် အိမ်ကွင်း ခြေစွမ်းကောင်းမွန်ပြီး လက်ရှိ စိတ်ဓာတ်ပိုင်း အမြင့်ဆုံးရောက်နေတဲ့ မန်ယူပဲ နိုင်ပွဲဆက်ဖို့ များပါတယ်။ ဝုဗ်ဗာဟမ်တန် - တော့တင်ဟမ် နောက်တပွဲကတော့ တနင်္ဂနွေည ၈ နာရီခွဲမှာပဲ ကစားကြမယ့် ဝုဗ်ဗာဟမ်တန်နဲ့ တော့တင်ဟမ်ပွဲစဉ်ပါ။ ဝုဗ်က ယူရိုပါလိဂ်ပွဲစဉ်တွေနဲ့ တောက်လျှောက်ပွဲပန်းခဲ့ပေမယ့်လည်း ပြိုင်ပွဲ ၂ ခုလုံးမှာ ခြေစွမ်းတည်ငြိမ်စွာနဲ့ ဖြတ်ကျော်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ ကစားထားလို့ မော်ရင်ဟိုရဲ့ စပါးအသင်း ရုန်းကန်ရဖို့တော့ ရှိပါတယ်။  စပါးက ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒီနှစ်သင်း ၂ ကြိမ် တွေ့ဆုံမူမှာတော့ တပွဲစီ အနိုင်ရခဲ့ကြပါတယ်။ အကြိတ်အနယ်ရှိမယ့်ပွဲ ဖြစ်ပေမယ့် စပါးက နားရက်ပိုရခဲ့တာကတော့ အားသာချက်ဖြစ်နိုင်ပါတယ်။ ဝုဗ်ရဲ့ခြေစွမ်းက မာကျောပေမယ့်လည်း ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်က ပွဲကို အဆုံးအဖြတ်ပေးသွားဖို့ရှိနေပါတယ်။ အာဆင်နယ် - မန်ချက်စတာစီးတီး နောက်ဆုံးပြောပြချင်တဲ့ပွဲကတော့ ဒီတပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး ပွဲစဉ်ပါ။ ဒီပွဲကိုတော့ တနင်္ဂနွေည ၁၁ နာရီမှာ ကစားကြမှာပါ။  အာဆင်နယ်က ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် အကောင်းဆုံးခြေစွမ်းတော့ မရသေးတာတွေ့ရပါတယ်။ ဒီလိုချိန်မှာ မန်စီးတီးနဲ့ တွေ့ဆုံနေလို့ အာဆင်နယ် ရုန်းကန်ရဦးမှာပါ။  မန်စီးတီးက တိုက်စစ်မှူး အဂွဲရိုး ဒဏ်ရာရရှိမူနဲ့အတူ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ ခြေစွမ်းကလည်း ယုံကြည်လို့မရသေးတဲ့ အခြေအနေပါ။  အာဆင်နယ်က အိမ်ကွင်းဆိုရင် ခြေစွမ်းပြတတ်ပေမယ့်လည်း စတာလင်၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးဗားလ်တို့ရဲ့ မန်စီးတီး တိုက်စစ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။ ထိပ်တန်းအသင်းတွေနဲ့ ပွဲတွေမှာ ရလဒ် မကောင်းတတ်တဲ့ အာဆင်နယ် ရုန်းကန်ရဦးမှာဖြစ်ပြီး မန်စီးတီးပဲ အနိုင်ရဖို့ရှိနေကြောင်း တင်ဆက်ပေးလိုက်ပါတယ်။
2 years Ago
More News
Up