သုံးဘီးယာဉ်ကို ရှောင်ရင်း အိမ်ခေါင်မိုးပေါ် ပျံတက်သွားသည့် ကား (ရုပ်သံ)

March 12, 2017

သုံးဘီးယာဉ်ကို ရှောင်ရင်း အိမ်ခေါင်မိုးပေါ် ပျံတက်သွားသည့် ကား (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစူးပြည်နယ်မှာ မတ်လ ၁၀ ရက်နေ့က ဟွန်ဒါ SUV တစ်စီးဟာ  ပလက်ဖောင်းပေါ် လမ်းလျှောက်သူတွေနဲ့ သုံးဘီးတစီးကို မတိုက်မိအောင် ရှောင်တိမ်းရင်း အိမ်တအိမ်ရဲ့ ခေါင်မိုးပေါ်ကို ရောက်သွားပါတယ်။ ယာဉ်တိုက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေမှာ အများအားဖြင့် ကားတွေဟာ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ မှန်ခန်းတွေကို ၀င်တိုက်ပြီး အထဲဝင်သွားတာတွေ မြင်တွေ့ရပေမယ့် ဒီတကြိမ် ဖြစ်ပွားခဲ့တာတော့ ယာဉ်က အိမ်ခေါင်မိုးပေါ် ပျံတက်သွားခဲ့တာပါ။ ကားမောင်းသူအမျိုးသားဟာ ရဲတွေလာမကယ်တင်ခင်အထိ အိမ်ရဲ့ အမိုးပေါ်မှာ မိနစ် ၃၀ ကျော်ကြာ မဆင်းနိုင်ဘဲ ပိတ်မိနေတာလို့ သိရပါတယ်။ အိမ်ရဲ့အမြင့်က လမ်းမထက် ၁ ပေ ဝန်းကျင် မြင့်ပြီး ယာဉ်အသွားအလာရှိရာနေရာနဲ့ ၉ ပေလောက်ကွာတယ်လို့ တရုတ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ ဇီရန်ဒိုင်းဒေးလီးသတင်းက ထုတ်ပြန်လိုက်ပါတယ်။ သုံးဘီးစက်ဘီးကို ရှောင်ဖို့ ဘရိတ်ကိုသုံးရမယ့်အစား လီဗာကို နင်းလိုက်မိလို့ လမ်းပေါ်ကနေ ညာဘက်ကို ချော်ပြီး အဆောက်အဦရဲ့ အမိုးပေါ်ကို ရောက်သွားတာလို့ သိရပါတယ်။ ကားက အရှိန်ပြင်းပြင်းနဲ့ ကွေ့ချသွားပြီး အိမ်ခေါင်မိုးပေါ် ရောက်သွားတာလို့ ကြည့်ရှု့သူတွေက ပြောပါတယ်။ ကားမောင်းသူ အမျိုးသားအနေနဲ့ အမိုးပေါ်က ရွှေ့ဖို့ကြောက်ရွှံ့နေလို့ ရွာသားတွေက ရဲကို ခေါ်ပေးရကာ ပျက်စီးသွားတဲ့ ကားကိုလည်း အမိုးပေါ်ကနေ ကရိန်းသုံးပြီး ရွှေ့ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ပစ္စည်းသိုလှောင်ခန်းအနေနဲ့ အသုံးပြုတဲ့အိမ်ဖြစ်လို့ အိမ်ထဲမှာတော့ လူတစ်ယောက်မှ မရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
5 years Ago
Up