သုံးပန်လှ KTV

June 24, 2020

ကိုဗစ်ကာလ ပြည့်တန်ဆာလုပ်ငန်းလုပ်သည့် လက်ပံတန်းက သုံးပန်လှ KTV ဆိုင်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်ကို  ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လက်ပံတန်းမြို့နယ် ရန်ကုန်- ပြည်ကားလမ်းဘေးမှာဖွင့်လှစ်ထားတဲ့ သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်ကို ဇွန်လ ၂၃ ရက်ညပိုင်းက ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနနဲ့ လက်ပံတန်းရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှ ပြည့်တန်ဆာလုပ်ကိုင်သူ ၆ ဦး၊ စေခိုင်းသူ ဆိုင်ပိုင်ရှင် အမျိုးသမီး ၁ ဦး၊ KTV လုပ်ငန်းလုပ်ကိုင်နေသူ ၁၆ ဦး၊ စုစုပေါင်း ၂၃ ဦးကို  ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ပံတန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမျိုးညွန့်က "ညက ကျနော်တို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတဲ့ မိန်းကလေး ၆ ယောက်နဲ့ ခိုင်းစေတဲ့ ဆိုင်ပိုင်ရှင်အမျိုးသမီးရယ်၊ နောက် KTV လုပ်ငန်းမှာ လုပ်ကိုင်တဲ့ အမျိုးသမီး ၁၆ ယောက်ရယ်ကို ဖမ်းဆီးခဲ့ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ပြည့်တန်ဆာဥပဒေနဲ့ အရေးယူဖို့ လုပ်နေပြီး၊ KTV လုပ်ငန်းလုပ်နေတယ်ဆိုတဲ့ လူတွေကိုတော့ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် သူတို့ကို အဲ့ဒီဥပဒေနဲ့ အရေးယူမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ သုံးပန်လှ KTV နဲ့ စားသောက်ဆိုင်က စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးထားခဲ့ပြီး ဆိုင်ရှင် မယုမွန်ကျော် (၃၅) နှစ်နဲ့ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေသူ အမျိုးသမီးငယ် ၆ ဦး တို့ကို ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေကြောင်း သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် လက်ပံတန်းရဲစခန်းမှူး ဒုရဲမှူးမျိုးညွန့်က တရားလိုပြုလုပ်ကာ ပြည့်တန်ဆာနှိမ်နင်းရေး အက်ဥပဒေပုဒ်မ ၅(၁)/၈(ဂ)/၃(က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ​အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ တော့ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားခဲ့သော စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ သုံးပန်လှ KTV နဲ့  စားသောက်ဆိုင် ပိုင်ရှင် ဦးသန်းထွဋ်ဦးနဲ့ ၂၃ ယောက်ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက တရားလိုပြုလုပ်တရားစွဲထားပါတယ်။ ဒီအမှုကို လက်ပံတန်းမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဒေါ်သန့်သန့်သင်းက ရာဇဝတ်ကြီးအမှုအမှတ် ၅၇၆ နဲ့ အမှုဖွင့်လှစ်ခဲ့ကာ  ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ ၁၅ အရ ငွေဒဏ် ကျပ် ၅၀၀၀ စီ ပေးဆောင်စေဖို့  အမိန့်ချမှတ်လိုက်တယ်လို့ လက်ပံတန်းမြို့နယ် တရားရုံးက သိရပါတယ်။ သတင်း၊ ဓာတ်ပုံ- ဝဏ္ဏထွန်း
11 months Ago
Up