နယူးဇီလန်နိုင်ငံမှာ ဘရုစ်လို့ခေါ်တဲ့ သိုးလေးဟာ ရပ်ဂ်ဘီဘောလုံးကို အကောင်းဆုံး ခေါင်းနဲ့တိုက်ပြီး သူ့ရဲ့သခင်ဖြစ်သူ မာရီမက်ဒေါ်နယ်လ်နဲ့ ရပ်ဂ်ဘီဘောလုံး ကစားပြတဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။
ရုပ်သံကို မက်ဒေါ်နယ်လ်က ဇူလိုင် ၂၈ ရက်နေ့မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပြီး ၃ နာရီအတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁ သိန်း ၆ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။
မာရီမက်ဒေါ်နယ်လ်ရဲ့ သမီးဖြစ်သူက မိခင်နဲ့ သိုးကလေးတို့ ရပ်ဂ်ဘီဘောလုံး ကစားတာကို ရုပ်သံရိုက်ကူးခဲ့တာဖြစ်ပြီး သူတို့ရဲ့ခွေးတွေကို ဘောလုံးပစ်ပေးလိုက်ချိန်မှာ သိုးကလေး ဘရုစ်ကလည်း ဘောလုံးတွေနောက်လိုက်ရင်း သူတို့နဲ့ ဝင်ကစားခဲ့တာပါ။
“ကျမတို့ ဘောလုံးကို ပစ်ပေးလိုက်တဲ့အခါ သူက ဘောလုံးကို ခေါင်းနဲ့တိုက်ရတာ ကြိုက်တယ်ဆိုတာ ကျမတို့သိသွားတယ်။ ပြီးတော့ ဘောလုံးနောက်ကို လိုက်ဖမ်းတယ်” လို့ မာရီမက်ဒေါ်နယ်လ်ရဲ့ သမီးဖြစ်သူက ဒေးလီးမေးလ်သတင်းဌာနကို ပြောပါတယ်။
ခုချိန်မှာ အသက် ၅ နှစ်ရှိနေပြီဖြစ်တဲ့ သိုးကလေး ဘရုစ်က နယူးဇီလန်နိုင်ငံ ရိုထရူရာမြို့က လယ်တောထဲမှာ နေတာဖြစ်ပြီး ဒီလို ရပ်ဂ်ဘီဘောလုံးကစားတာ ၂၀၁၃ ခုနှစ်ကတည်းကလို့လည်း သိရပါတယ်။
ဒီရုပ်သံလေးက ကြည့်ရှုသူအတော်များများကို စွဲဆောင်နိုင်ပြီး ကြည့်ရှုသူတွေကလည်း ဘရုစ်က နယူးဇီလန်ရဲ့ အနာဂတ် ရပ်ဂ်ဘီဘောလုံးကစားသမား ဖြစ်မယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။
မှတ်ချက်ရေးသူတချို့ကလည်း သိုးကလေး ဘရုစ်က နယူးဇီလန်မှာ စံနမူနာဖြစ်လာမယ်လို့ ယူဆနေကြတာပါ။
ဘရုစ်ရဲ့ ပရိသတ်တဦးကတော့ “မင်းတို့အိပ်မက်တွေ တနေ့ ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ်။ သိုးက သေးသေးလေး၊ အိပ်မက်က အကြီးကြီး” လို့ ရေးထားကြောင်း သြဂုတ် ၁ ရက် ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
5 years Ago