သီပေါမြို့နယ်တွင် တိုက်ပွဲများကြောင့် စာသင်ကျောင်း ၇ ကျောင်း ယာယီပိတ်ထားရ

January 8, 2019

သီပေါမြို့နယ်တွင် တိုက်ပွဲများကြောင့် စာသင်ကျောင်း ၇ ကျောင်း ယာယီပိတ်ထားရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲမှာ ကျေးရွာအုပ်စုပေါင်း ၄ စုက ရွာသားတွေ တိုက်ပွဲရှောင်နေရသလို စာသင်ကျောင်းပေါင်း ၇ ကျောင်းလည်း ယာယီပိတ်ထား ရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၄ ရက်က သီပေါမြို့နယ်၊ တွန်ကျိုင်းရွာအနီးမှာ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်လို့ ရွာသားပေါင်း ၁၀၀၀ ကျော် စစ်ဘေးရှောင်စခန်း ၁၀ ခုမှာ လာရောက် ခိုလှုံနေကြရပါတယ်။ အဲဒီထဲမှာ မူလတန်းကျောင်းသားငယ်လေးတွေလည်း အများအပြားပါဝင်တာကြောင့် ကျေးရွာ အုပ်စု ၄ စုရှိ မူလတန်းကျောင်း ၇ ကျောင်းကို ယာယီပိတ်ထားရတယ်လို့  သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ရွာသားတွေ တိုက်ပွဲရှောင်နေရလို့ ကလေးတွေလည်း ကျောင်းမသွားရတော့ဘူး။ အဲဒါနဲ့ သီပေါမြို့နယ် နမ့်ရမ်း၊ နားမခေါ်၊ စယ်ခန်၊ ကုန်းဆော့ စတဲ့ ကျေးရွာအုပ်စု ၄ စုက ကောင်း ဟုန်းနားဆန်း၊ ညောင်ထောက်၊ နမ့်ရမ်းနားမခေါ်၊ ကောင်းဟတ်၊ မန်ပန်၊ စယ်ခန်မူ လွန်ကျောင်းနဲ့ မန့်နား စတဲ့ အမကကျောင်း ၇ ကျောင်းကို ယာယီပိတ်ထားတဲ့အကြောင်း မြို့နယ်ပညာရေးရုံးက ဇန်န၀ါရီလ ၇ ရက် နေ့စွဲနဲ့ စာထုတ်ထားတယ်ခင်ဗျ။ ဘယ်နေ့ ပြန်ဖွင့်မလဲဆိုတာလည်း မသိသေးပါဘူး။” အဆိုပါ ကျောင်း ၇ ကျောင်းမှာ ကျောင်းသူကျောင်းသားပေါင်း ၄၃၁ ဦးကို ဆရာဆရာမ ၂၂ ဦးက ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။ နားမခေါ်ဘုန်းကြီးကျောင်းကို ရောက်လာတဲ့ ရွာသားတွေကတော့ နှစ်လတာအတွင်း တိုက်ပွဲ တိမ်းရှောင်ရတာ ၄ ကြိမ်ရှိသွားပြီဖြစ်လို့ ကလေးတွေရဲ့ ပညာရေးပြဿနာ လတ်တလော ဖြေရှင်းတဲ့အနေနဲ့  ကျောင်းထိုင်ဆရာတော်၊ ကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေ တိုင်ပင်ပြီး မနေ့က မယောယီစာသင်ခန်းတခုဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါ ယာယီကျောင်းမှာတော့ ဟိုနား၊ နိုင်းလုံ၊ တာလုံ၊ မန့်ဟုမ်၊ တွန်ကြိုင်း စတဲ့ အ.မ.ကကျောင်း ၅ ကျောင်းက ကလေးတွေ တက်ရောက် ပညာသင်ယူနေကြနေပါတယ်။ သီပေါမြို့နယ်ထဲမှာ ဇန်န၀ါရီလ ၄ ရက်ကနေ တပတ်အတွင်း တိုက်ပွဲရှောင် ရွာသားပေါင်း ၁၃၉၁ ဦး ဘုန်းကြီးကျောင်းတွေမှာ လာရောက်ခိုလှုံနေကြပြီး အဲဒီထဲက ရွာသား ၁၀၀ နီးပါးကတော့ လယ်ယာလုပ်ငန်းနဲ့ ကျွဲနွားတိရစ္ဆာန်တွေကျန်နေတာကြောင့် နေရပ်ပြန်သွားကြပါတယ်။
2 years Ago
Up