သီပေါထောင်

June 26, 2018

လည်ပြန်ကြည့်မိသော သီပေါနေ့ရက်များ

နရသိန်ခရီးအစ… ဇွန်လကုန်ပိုင်းစပြီး စက်တင်ဘာလထိ ကျနော် မလိုချင်ဘဲ ကျနော့်ကိုယ်ထဲ အတင်းဝင်ရောက် နေထိုင်ခဲ့တဲ့ ရက်၊ လတွေပါပဲ။ ဘဝက တခါတလေတော့ အံ့သြစရာနဲ့ ရယ်စရာတော့ ကောင်းသား။ ရှင်သန်မှု အသက်မွေးဝမ်းကျောင်းကို သတင်းမီဒီယာ အလုပ်နဲ့ လုပ်ကိုင်ရမယ် မဆိုထားနဲ့၊ သတင်းထောက်လုပ်ပြီး ထောင်အချုပ်ကျခံရမယ်လို့ ဘယ်အခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီအလုပ်လုပ်ရင် အချိန်မရွေး ထောင်ကျနိုင်တယ်ဆိုတဲ့ အကြာင်းကိုတော့ ကျနော် သတင်းထောက်အလုပ် စမလုပ်ခင်ကတည်းက စာတွေထဲ ကောင်းကောင်းဖတ်ဖူး၊ သိနေခဲ့ဖူးတယ်။ ကျနော် သတင်းထောက်ဘဝ စတင်ဖို့ သတင်းဌာနတခုမှာ ပထမဦးဆုံး အင်တာဗျူးဝင်တဲ့ အချိန်မှာလည်း အင်တာဗျူးမေးတဲ့သူက “မင်း ဒီအလုပ်နဲ့ ထောင်အကျခံနိုင်လား” ဆိုပြီး အမေးခံခဲ့ရတယ်။ ကျနော် မဆိုင်းမတွဘဲ အကျခံနိုင်ပါတယ်လို့ ပြန်ပြောခဲ့တယ်။ ဒီလိုနဲ့ သတင်းထောက်လုပ်သက် ၃ နှစ်ကျော် ကာလမှာတော့ မြန်မာပြည်မှာ သတင်းထောက်လုပ်ရင် အချိန်မရွေး ထောင်အချုပ် ကျနိုင်တယ်ဆိုတာ လက်တွေ့ ပိုယုံကြည်လာခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင် သတင်းမီဒီယာသမားတွေ ရင်ဆိုင်နေရတဲ့ ထောင်အချုပ်သတင်းတွေ အမှုရင်ဆိုင်နေရတာတွေကို သတင်းယူနေရလို့ပဲ။ ဒါပေမယ့် သူတို့ လက်ထိတ်ကွင်းက ကျနော့်ဆီ အမြန်ရောက်လာလိမ့်မယ်လို့တော့ တခါမှ မတွေးခဲ့မိဘူး။ ဒါပေမယ့် အဲဒီလက်ထိတ်ကွင်းက ကျနော့်ဆီ တကယ်ရောက်လာခဲ့တယ်။ အဲဒီနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ပါပဲ။ မထင်မှတ်ဘဲ သွားရောက်ခဲ့ရတဲ့ခရီး… ရုံးက ကျနော်နဲ့အတူ အကြီးတန်းသတင်းထောက်တဦးကို တအောင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သတင်းယူဖို့ တာဝန်ပေးခဲ့တယ်။ အမှန်တိုင်းပြောရရင် ဒီခရီးစဉ်ကို မသွားခင်ကတည်းက ကျနော့်အနေနဲ့ စိတ်လှုပ်ရှားမိတာ အမှန်ပဲ။ သတင်းထောက်လုပ်သက် ၃ နှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်း နေရာတော်တော်များများကို ရောက်ရှိ သတင်းယူဖူးပေမယ့် တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တခါမှ မရောက်ဘူးတာကြောင့် စိတ်လည်း လှုပ်ရှားနေမိတယ်။ ဒါ့ကြောင့် ခရီးမသွားခင်ကတည်းက အဲဒီဒေသအကြောင်းတွေ ပြန်လေ့လာ၊ သက်ဆိုင်တဲ့စာတွေ ပြန်ဖတ်နဲ့၊ သေချာ ပြင်ဆင်ခဲ့တယ်။ တအာင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို သွားဖို့အတွက် လားရှိုးမြို့ကနေ တိုင်းရင်းသား အဆိုတော်တွေပါတဲ့ လမ်းကြုံကားတစီးနဲ့ လားရှိုးမြို့ခံ တိုင်းရင်းသား သတင်းသမားတဦးရယ်၊ ကျနော်ရယ်၊  ဒီဗွီဘီ အကြီးတန်းသတင်းထောက် ကိုအေးနိုင်ရယ် လိုက်ပါခဲ့တယ်။ လားရှိုးအထွက် မြို့ပြင်စစ်ဆေးရေး ဂိတ်တနေရာမှာ တပ်စခန်းတခုက ကျနော်တို့ ကားကို စစ်ဆေးတယ်။ ဒါနဲ့ ကျနော်တို့တွေဟာ ဘယ်သတင်းဌာနက သတင်းထောက် ဘယ်သူဘယ်ဝါ ဖြစ်ပါတယ်။ ဒီဒေသမှာရှိတဲ့ သတင်းကိစ္စလေးတွေလုပ်ဖို့ လာရောက်တာပါ ဆိုပြီး ကျနော်တို့ရဲ့ သတင်းထောက်ကတ်တွေနဲ့ လိပ်စာကတ်တွေပါ ထုတ်ပြပေးခဲ့တယ်။ စစ်ဆေးတဲ့ အရာရှိကလည်း “အဲဒါဆို မင်းတို့သွားတဲ့ဘက်မှာ TNLA က မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အခမ်းအနားကို ပြုလုပ်လိမ့်မယ်။ မင်းတို့ သွားလို့ရတယ်။ ဒါမျိုးကို နိုင်ငံတော်အဆင့်ကလည်း လုပ်နေတာပဲ၊ သူတို့လည်း လုပ်တော့ ကောင်းတာပေါ့။ အားလုံး ပူးပေါင်းကြတာပေါ့” လို့ ပြောပါတယ်။ အဲဒီလိုစစ်ဆေးခံပြီး ကျနော်တို့ကား ဆက်လက်ထွက်ခွာခဲ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက မန်တုံ၊ နမ္မတူမြို့လေးတွေ အကျော်မှာ မိုးချုပ်သွားတာကြောင့် ကားဆရာရဲ့ ဆွေမျိုးတော်စပ်သူရှိတဲ့ ဟိုမိန်းကျေးရွာမှာ တညတာ ဝင်ရောက်တည်းခိုခဲ့တယ်။ နောက်တနေ့မနက်မှာ ကျနော်တို့ သတင်းသမား ၃ ဦး ရွာထဲလမ်းလျှောက်စဉ် အရင် န.ဝ.တ အတွင်းရေးမှူး (၁) ဦးခင်ညွန့် လက်ထက်က ငြိမ်းချမ်းရေးယူထားခဲ့တဲ့ PNLO ခေါင်းဆောင် ဦးအိုက်ထနဲ့ တွေ့ဆုံပြီး သတင်းအင်တာဗျူး လုပ်ခဲ့ပါတယ်။ အင်တာဗျူး လုပ်ပြီးချိန်မှာပဲ ဆက်လက်ခရီးထွက်ခွာဖို့ ကျန်တဲ့သူတွေ လာရောက်ခေါ်တာကြောင့် ဆက်လက်ခရီးထွက်ခွာလာခဲ့ရာမှာ နေ့လယ် ၁ နာရီကျော်မှာ နမ့်ဆန်မြို့အပိုင် မြို့သစ်ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ မြို့သစ်ကျေးရွာကို ရောက်ရောက်ချင်း ပထမဦးဆုံး သတိထားမိတာကတော့ “အုန်း၊ ဝုန်း၊ ဒိုင်း” ဆိုတဲ့ အသံတွေပါပဲ။ ဒေသခံတွေကို မေးကြည့်တော့ လက်နက်ကြီးပစ်သံတွေ ရွာနဲ့ သိပ်မဝေးတဲ့ တနေရာမှာ မြန်မာစစ်တပ်နဲ့ တအောင်း ပလောင်တပ်တွေ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရတယ်။ မြို့ပြကလာတဲ့ ကျနော်တို့အတွက်ကတော့ ဒီလက်နက်ကြီးအသံက အထူးအဆန်း ဖြစ်ပေမယ့် ဒေသခံတွေကတော့ အေးအေးဆေးဆေးပါပဲ။ “ဒါက အမြဲတမ်း ဖြစ်နေကျပဲလေ။ တခါတလေ တချို့ရွာတွေထဲတောင် လက်နက်ကြီးကျတဲ့အခါတွေတောင် ရှိတယ်” လို့ ဆိုကြတယ်။ လက်နက်ကြီးသံတွေကို ညနေ ၅ နာရီလောက်အထိ ကြားခဲ့ရပါတယ်။ မြို့သစ်ကျေးရွာက ရပ်မိရပ်ဖအိမ်မှာ တည်းနေတုန်း  ည ၇ နာရီလောက်မှာ ရွာထဲကို TNLA တပ်ဖွဲ့ဝင်တွေ ဝင်လာတာ တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့တွေဟာ ရွာလယ်လမ်းမ တိုက်ပွဲကနေ သိမ်းဆည်းရလာတဲ့ လက်နက်ခဲယမ်းတွေကို ရွာကလူတွေကို ပြသနေတာ တွေ့ရတယ်။ ရွာကလူတွေကလည်း သူတို့ပြသထားတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတွေရိုက်နေတော့ ကျနော်တို့လည်း သူတို့ကိုယ်တိုင် PUBLIC မှာ ပြထားတဲ့ ဒီပစ္စည်းတွေကို ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးထားလိုက်တယ်။ နောက်တနေ့မှာ မူးယစ်ဆေးဝါးမီးရှို့ပွဲ အခမ်းအနား ရှိတာကြောင့် အဲဒီညမှာ စောစော အိပ်ရာဝင်ခဲ့တယ်။ နောက်နေ့ မူးယစ်ဆေးဝါးမီးရှို့ပွဲ အခမ်းအနားလုပ်တဲ့ နေရာကို သွားတော့ ပထမဦးဆုံး သတိထားမိတာကတော့ အခမ်းအနား တက်ရောက်လာတဲ့ သူတွေကိုပါပဲ။ အခမ်းအနားကိုတော့ စာသင်ကျောင်းဘေးက ဘောလုံးကွင်းမှာ လုပ်တာပါ။ ပလောင်အုပ်ချုပ်ခွင့်ရဒေသမှာ TNLA တပ်ဖွဲ့ကလုပ်တဲ့ အခမ်းအနားကို ကျောင်းဆရာ၊ ဆရာမတွေ၊ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ဘုန်းကြီးတွေ၊ ရပ်မိရပ်ဖတွေ စုစုပေါင်း လူဦးရေ ထောင်ကျော် တက်ရောက်လာတာကိုပါပဲ။ ပွဲလာတဲ့လူတွေကို မေးကြည့်တော့ သူတို့စိတ်ထဲမှာ အမြန်ဆုံး ငြိမ်းချမ်းရေးရချင်နေပြီး ဒီလို အခမ်းအနားတွေဟာ အားလုံး ပူးပေါင်းပါဝင်တိုက်ဖျက်ရမှာ ဖြစ်တာကြောင့် ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်ကြောင့် မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် လာတက်ရောက်ကြတာလို့ ပြန်ဖြေကြပါတယ်။ နေ့လယ်ပိုင်းလောက်မှာ အခမ်းအနား ပြီးတော့ ကျနော်တို့အုပ်စုတွေ လားရှိုးကို တန်းပြန်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒါနဲ့ပဲ ဘုန်းကြီး နှစ်ပါးကပါ လမ်းကြုံ အတူတူပြန်လိုက်မယ်ဆိုပြီး ကျနော်တို့ စုစုပေါင်း ကား သုံး စီးနဲ့ ထွက်ခဲ့ကြတယ်။ အဲဒီအချိန်အထိတော့ အခြေအနေက အေးဆေးပါပဲ။ ဒီလိုနဲ့ မြို့သစ်ကျေးရွာက ထွက်လာပြီး ညနေ ၃ နာရီလောက်မှာ မကြာသေးခင်ကမှ မီးအကြီးအကျယ် လောင်ထားတဲ့ နမ့်ဆန်မြို့လေးကို ရောက်ခဲ့တယ်။ နမ့်ဆန်မြို့ အထွက်မှာတော့ ကျနော်တို့စီးလာတဲ့ ကားကို အရပ်ဝတ်နဲ့ လက်နက်တွေ ကိုင်ထားတဲ့သူတွေက တားခဲ့ပါတယ်။ ကား နှစ် စီးမှာ ဘုန်းကြီး နှစ်ပါးလည်း ပါဝင်ခဲ့တယ်။ တားတဲ့သူတွေကို ကျနော်တို့က သတင်းထောက်တွေပါ၊ ဒီနေရာ ဒီဒေသကို သတင်းသွားယူမယ်ဆိုတာ လမ်းမှာရှိတဲ့ တာဝန်ကျအရာရှိတွေကို အသိပေးသွားတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောခဲ့တယ်။ ဘာကြောင့် ကျနော်တို့ကို တားတာလဲလို့ မေးတော့ အထက်က အမိန့်အရ တားမြစ်တာ ဆိုပြီး ကျနော်တို့ရဲ့ ဖုန်းတွေ၊ ကင်မရာတွေကို သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ ဖုန်း၊ ကင်မရာထဲမှာရှိတဲ့ ကျနော်တို့ရဲ့ သတင်းဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို သူတို့ကူးယူပြီး အကုန်ဖျက်လိုက်ပါတယ်။ သတင်းထောက်တွေရဲ့ မှတ်တမ်းတွေကို ဒီလိုလုပ်လို့ မရဘူးလို့ ကျနော်တို့က ပြောခဲ့ပေမယ့် သူတို့ကတော့ အထက်အမိန့်အရဆိုပြီးပဲ ပြန်ပြောခဲ့ပါတယ်။ ညနေစောင်းလောက်မှာတော့ ကျနော်တို့ကို စဖမ်းတဲ့ နေရာကနေ နမ့်ဆမ်မြို့ထိပ်က ဘုရားရင်ပြင်တခုကို ပြောင်းရွှေ့ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီအချိန်ထိ ကျနော်တို့ကို အခုလို ဘာကြောင့် ဖမ်းဆီးသလဲဆိုတာ ကျနော်တို့အားလုံး နားမလည်နိုင်ကြဘူး။ ကျနော်တို့ဟာ သတင်းထောက်အလုပ်ကို လုပ်ခဲ့ကြတာ။ သတင်းသမားဆိုတာ သတင်းရှိတဲ့နေရာကို သွားရမှာပဲ။ ပြီးတော့ ကျနော်တို့ဟာ တားမြစ်ထားတဲ့နယ်မြေကို ခိုးသွားခဲ့တာလည်း မဟုတ်ဘူး။ လူတိုင်း သွားလို့ရတဲ့နေရာကို သွားခဲ့တာဖြစ်ပြီး လမ်းက တာဝန်ရှိသူတွေကို အသိပေးသွားခဲ့တာကြောင့် အခုလိုလုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်နေမိတယ်။ ကျနော်တို့ ဖုန်းတွေထဲက ဓာတ်ပုံတွေ ကူးနေတုန်းမှာပဲ ကျနော့်ဖုန်းကို အိမ်ကလူတွေနဲ့ အသိမိတ်ဆွေတွေက တောက်လျှောက်ခေါ်နေခဲ့တယ်။ ဒါနဲ့ အချက်အလက် ကူးတဲ့သူတွေက အနှောင့်အယှက်ဖြစ်တာကြောင့် ကျနော့်ကို ဖုန်းခဏပေးပြောခဲ့တယ်။ ကျနော် ဖုန်းပြန်ရရချင်း ဖုန်းကိုကြည့်လိုက်တော့ ကျနော့်ဖုန်းထဲမှာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံတွေ မရှိတော့ဘူး။ သူတို့ ဖုန်းပြန်မသိမ်းခင် အိမ်ကလူတွေ၊ ရုံးက တာဝန်ရှိသူတွေနဲ့ ဖုန်းရတော့ ကျနော်တို့ကို မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းလိုက်ပြီ ဆိုတဲ့အကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာလိုက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို ပို့ပြီး တရားစွဲ အရေးယူသွားမယ်လို့ ကြားလိုက်ရတယ်။ အဲဒီသတင်း ကြားကြားချင်း ကျနော်တို့ အတော်လေး စိတ်မကောင်း ဖြစ်မိသွားကြတယ်။ ပြီးတော့ ဒါဟာ နောက်ဆုံးအကြိမ် အခြားလူတွေနဲ့ ဖုန်းပြောရခြင်းလို့ မသိခဲ့ရဘူး။ နောက်တော့ ကျနော့်ဖုန်းကို သူတို့ ပြန်သိမ်းသွားခဲ့တယ်။ နမ့်ဆန်မြို့လေးဟာ အတော်ကို အေးပါတယ်။ ညနေ ၆ နာရီလောက်မှာ မြူခိုးတွေ ကျလာပြီး မြင်ကွင်းကို မမြင်ရတော့ပါဘူး။ မိုးကလည်း သဲသဲမဲမဲရွာနေတော့ ကျနော်တို့အားလုံးရဲ့ ဝမ်းနည်းခံပြင်းစိတ်တွေဟာ အတိုင်းမသိ ဖြစ်နေပါတော့တယ်။ ကျနော်တို့နဲ့အတူ အဖမ်းခံရတဲ့ ဘုန်းကြီးနှစ်ပါးကတော့ အတော်လေးကို စိတ်ဆိုးနေကြပါတယ်။ နယ်မြေခံဘုန်းကြီးတွေနဲ့ ရပ်မိရပ်ဖတွေက ပြန်လွှတ်ပေးဖို့ လာရောက်တောင်းဆိုခဲ့ကြပေမယ့် တာဝန်ရှိသူတွေက အထက်အမိန့်အရဆိုပြီး ပြန်မလွှတ်ပေးခဲ့ပါဘူး။ ဘုရားပေါ်က သီလရှင်ကျောင်းက ဆရာလေးတွေဟာ ကျနော်တို့ကို ကြည့်ပြီး သနားတာကြောင့် ဆွမ်းကျန်လေးတွေ လာရောက်ကျွေးမွေးခဲ့ပေမယ့် ဘယ်လိုမှ စားမဝင်ခဲ့ပါဘူး။ ဒီလိုနဲ့ မိုးတွေ အရမ်းရွာနေတဲ့အချိန်၊ အရမ်းအေးတဲ့ ဘုရားသမံတလင်းပေါ်မှာ နေလာခဲ့ရင်း ည ၁ နာရီအကျော်မှာတော့ ကျနော်တို့ လူခြောက်ယောက်နဲ့ ဘုန်းကြီးနှစ်ပါးကို လုံခြုံရေးအပြည့်နဲ့ တပ်စခန်းတခုထဲ ခေါ်ဆောင်သွားပါတော့တယ်။ တပ်စခန်းထဲကို ရောက်ရောက်ချင်း ပထမနေ့မှာ ကျနော်တို့က အိမ်ကလူတွေ၊ ရုံးက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဖို့ တောင်းဆိုခဲ့ပေမယ့် ကျနော်တို့ကို မဆက်သွယ်ခိုင်းခဲ့ပါဘူး။ တပ်စခန်းထဲမှာ ထိန်းသိမ်းပြီး ဒုတိယမြောက်နေ့မှာတော့ ဖမ်းထားတဲ့ ဘုန်းကြီးနှစ်ပါးကို ပြန်လွှတ်ပေးခဲ့ပြီး ကျနော်တို့ကို စစ်ကြောရေး စခဲ့ပါတယ်။ ရိုက်နှက်စစ်ဆေးတာ မလုပ်ပေမယ့် ကျနော်တို့ တယောက်ချင်းစီကို စစ်မေးမြန်းတာကတော့ ညနေ ၃ နာရီကနေ ညသန်းခေါင်ကျော်ထိပါပဲ။ လူတွေ အိပ်ပျော်နေမှ တခါ တခါ နှိုးပြီး မေးခွန်းတခုကို ထပ်ကာထပ်ကာပဲ မေးမြန်းပါတယ်။ ဒါပေမယ့် ကျနော်တို့ကို တရားစွဲ အရေးယူမယ်လို့ တရားဝင် ကြေညာထားခဲ့ပြီးမှ အခုလို မိသားစုဝင်တွေ၊ ရုံးကလူတွေနဲ့ အဆက်သွယ်ဖြတ်ပြီး တပ်စခန်းထဲမှာ ထိန်းသိမ်းထားတာကိုတော့ လုံးဝ နားမလည်ခဲ့ပါဘူး။ အဲဒီအချိန် ကျနော်တို့အားလုံး ဆုတောင်းနေမိတာကတော့ ဒီစခန်းကနေ သက်ဆိုင်ရာ ရဲစခန်းကို ပို့ဆောင်ပေးဖို့ပါပဲ။ ကျနော်တို့ကို စစ်ဆေး ထိန်းသိမ်းထားတဲ့ အချိန်မှာတော့ တပ်က တာဝန်ရှိသူတွေဟာ ကျနော်တို့ကို ရိုက်နှက်ခြင်းမရှိသလို ကောင်းမွန်စွာ ကျွေးမွေးခဲ့ပါတယ်။ ပထမဦးဆုံး ကျတဲ့ မျက်ရည် … စစ်ကြောရေးကနေ စစ်ဆေးပြီး သုံးရက်မြောက်နေ့မှာတော့ ကျနော်တို့အားလုံးကို သီပေါရဲစခန်းကို အမှုဖွင့်ဖို့ အရင်ဆုံး ပို့ဆောင်ခဲ့ပါတယ်။ ရဲစခန်း ရောက်ရောက်ချင်း အရင်ဆုံး အိမ်ကလူတွေနဲ့ အဆက်အသွယ် ရချင်တာပါပဲ။ စအဖမ်းခံရတဲ့နေ့ကတည်းကဆို အိမ်နဲ့ အဆက်အသွယ်ပြတ်သွားတာ သုံးရက်မြောက်နေ့ ဖြစ်နေပြီ။ ထုတ်ပြန်ချက်ထဲမှာ လားရှိုးကို ပို့ဆောင်မယ်ဆိုတဲ့အကြောင်း ကျနော်တို့အားလုံး ဖတ်ထားမိပြီးတာကြောင့် သူတို့တွေ လားရှိုးမှာ စောင့်နေမယ်ဆိုတာ တွေးထားတယ်။ ကြားထဲမှာ လားရှိုးကိုမပို့ဘဲ တပ်စခန်းထဲမှာ ထိန်းသိမ်းထားတာကြောင့် အတော်လေးလည်း စိတ်ပူနေကြမယ်ဆိုတာ တွေးရင်း အတော်လေး ဝမ်းနည်းလာခဲ့တယ်။ ရဲစခန်း ရောက်ပြီးချိန်ထိ ကျနော်တို့ကို အိမ်နဲ့ အဆက်အသွယ်လုပ်ခွင့် မပေးသေးပါဘူး။ စစ်ကြောရေးမှာ တင်းခဲ့တဲ့ ကျနော့်စိတ်တွေဟာ ဆက်ပြီးမထိန်းနိုင်တော့ဘူး။ ဒီလိုနဲ့ ရဲစခန်းကနေ တရားရုံးကို ချုပ်ရမန်ယူဖို့ ကျနော်တို့အားလုံးကို တွဲပြီး လက်ထိတ်ခတ်လိုက်တယ်။ တလျှောက်လုံး ထိန်းထားတဲ့ စိတ်တွေဟာ လက်ထိတ်ခတ်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာ မျက်လုံးထဲက မျက်ရည်တွေ အလိုလိုကျပြီး ရဲစခန်းထဲမှာ ငိုချမိလိုက်တယ်။ အစောင့်ရဲတပ်သားလေး တယောက်ကိုလည်း ငိုပြီး တောင်းပန်ရင်း အိမ်ကို အဆက်အသွယ် လုပ်ပေးဖို့ တောင်းပန် ပြောဆိုခဲ့မိတယ်။ ရဲစခန်းကနေ တရားရုံးကို ခေါ်ဆောင်သွားတဲ့ အချုပ်ကားပြာကြီးပေါ်မှာ တလျှောက်လုံး ငိုနေမိတယ်။ ဒါပေမယ့် ကျနော်ကျခဲ့တဲ့ မျက်ရည်တွေဟာ ကျနော့်အလုပ်ကို စိတ်ပျက်ခြင်း၊ ကျနော်အဖမ်းခံရလို့ ကြောက်ရွံ့ပြီး ငိုတာမဟုတ်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း မတရားဖမ်းဆီးပြီး အိမ်နဲ့ အဆက်အသွယ်ဖြတ်ထားလို့ ဒေါသထွက် ခံပြင်းပြီး ငိုခဲ့မိတာတာ ကျန်တဲ့လူတွေက နားလည်ခဲ့ကြပါတယ်။ စာတွေ့မှသည် လက်တွေ့ဆီသို့... ဖမ်းဆီးထိန်းသိမ်းခံရပြီး သုံးရက်မြောက်နေ့မှာပဲ ကျနော်တို့တွေကို သီပေါအကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်။ ပထမဦးဆုံး စစ်ကြောရေးတပ်ရင်းမှာ နှစ်ရက်ကြာ နေခဲ့ရပြီး အဲဒီကနေ ရဲစခန်းမှ သီပေါတရားရုံး၊ တရားရုံးကတဆင့် ချုပ်ရက်ရမန်ကြီး တပတ်ယူပြီး ထောင်အချုပ်ကို တန်းပို့ခဲ့တာ ဖြစ်ပါတယ်။ အချုပ်ကားပေါ်က ဆင်းဆင်းချင်းမှာပဲ လေးဖက်လေးတန် အုတ်တံတိုင်း အမြင့်ကြီးတွေက အရင်ဆုံး ဆီးကြိုနေတယ်။ ပြီးတော့ လူတကိုယ်စာ တံခါးပေါက် ကျဉ်းကျဉ်းလေးကနေ လက်ထိတ်တန်းလန်းနဲ့ ထောင်ဘူးဝကို ခေါင်းငုံ့ဝင်ရတယ်။ လူတယောက် ဝင်ပြီးတာနဲ့ ထောင်ဝန်ထမ်းတယောက်က တယောက်၊ နှစ်ယောက်ဝင်ပြီး နှစ်ယောက်လို့ အကျယ်ကြီး ရေတွက်နေပြီး ပေါင်း ခြောက်ယောက်လို့ ရေတွက်သံ အပြီးမှာတော့ တံခါးပေါက် ကျဉ်းကျဉ်းလေးကို ဂျိန်းခနဲမြည်အောင် ပိတ်လိုက်ချိန်မှာ စိတ်ထဲ ကြောက်ရွံ့တုန်လှုပ် နာကျင်စိတ်တွေက အတိုင်းမသိ ဝင်လာခဲ့တယ်။ အကျဉ်းထောင်တွေနဲ့ ပတ်သက်လို့ ပထမဦးဆုံး အတွေ့အကြုံ ဆိုပေမယ့် စာတွေထဲမှာတော့ ကျနော်ဟာ ရင်းနှီးနေပြီးသားပါ။ ကျောင်းသားဘဝကတည်းက ဖတ်ခဲ့ဖူးပြီး ထောင်အကြောင်း ရေးထားတဲ့ စာအုပ်တွေဖြစ်တဲ့ နရသိန်မဂ္ဂဇင်းတွေ၊ လူထုဦးလှရေးတဲ့ စစ်၊ အချစ်နဲ့ ထောင် ဝတ္ထု၊ ကိုကိုကျွန်း အစာငတ်ခံ ကျွန်းတိုက်ပွဲ အကြောင်းတွေ၊ ဦးနုရဲ့ ရက်စက်ပါ့ပေကွယ်၊ လတ်တလော ပူပူနွေးနွေး ဖတ်ထားခဲ့တဲ့ ဟံသာဝတီဦးဝင်းတင် ရေးတဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်တွေကြောင့် ကျနော်ဟာ အကျဉ်းထောင်တွေအကြောင်းကို စာတွေထဲမှာ ရင်းရင်းနှီးနှီး ဖြစ်နေပြီးသားပါ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ အချိန်မှာ ကျနော်ဟာ စိတ်တုန်လှုပ်ခြင်းနဲ့ ဒေါသတွေသာ ထွက်နေခဲ့တယ်။ ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက အကြောင်းအရာ တော်တော်များများက အာဏာရှင်ခေတ်ကာလမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့ရင်း ထောင်အကျဉ်းကျခဲ့တာဖြစ်ပြီး အခုလို အချိန်အခါ ကာလမျိုးမှာမှ ကျနော်ဟာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ထောင်ထဲရောက်ခဲ့ရတာကို တွေးပြီး ကျနော့်ရဲ့ စာတွေ့နဲ့ လက်တွေ့ဟာ တူမယောင်နဲ့ ကွဲပြားခဲ့ပါတယ်။ ထောင်ဝင်စာ... “ပြည့်ဘုန်းအောင်၊ ထောင်ဝင်စာ လာတယ်” ထောင်ဝါဒါတယောက်က ကျနော်နေတဲ့ တိုက်ခန်းထိပ်က လှမ်းအော်လိုက်တာ ဖြစ်တယ်။ သီပေါထောင်ကို ရောက်ပြီး ခြောက်ရက်မြောက်နေ့မှာ ကျနော့်အိမ်က လာတွေ့တာ ဖြစ်ပါတယ်။ “ထောင်ဝင်စာ… ထောင်ဝင်စာ” ဆိုတဲ့ စကားလုံးဟာ ပထမဦးဆုံးအကြိမ် ကိုယ်တွေ့ ကြားလိုက်ရတော့ နားထဲမှာ တမျိုးတော့ဖြစ်သွားတယ်။ လက်ရှိ အသက် ၂၆ နှစ်အထိ ထောင်အချုပ်မကျဘူးတာကြောင့် ထောင်ဝင်စာဆိုတဲ့ အသုံးအနှုန်းဟာ ကျနော့်အတွက် အစိမ်းသက်သက်ဖြစ်နေပြီး ညီအစ်ကို မောင်နှမတွေထဲမှာလည်း ထောင်ကျဖူးတဲ့သူ မရှိတာကြောင့် စိတ်ထဲလည်း လှုပ်ရှားသွားမိတယ်။ ထောင်ဝင်စာ တွေ့ဖို့အတွက် ကျနော်နေတဲ့ တိုက်ခန်းကနေ တံခါးပေါက်အသေးလေးတခု ဖြတ်သန်းရတယ်။ ပြီးနောက် မိန်းဂျေးလို့ခေါ်တဲ့ ထောင်မှူး၊ ထောင်ပိုင်တွေ ရှိတဲ့နေရာကို ဝင်ပြီး ခန္ဓာကိုယ်အနှံ့ ထောင်ဝါဒါတွေက စစ်ဆေးတယ်။ စစ်ဆေးပြီးမှ ထောင်ဘူးဝဘက်ကို ပြန်လျှောက်ရပြီး ဘူးဝရဲ့ဘေးက အခန်းကျဉ်းလေးထဲကို ဝင်သွားရတယ်။ အခန်းထဲကို ရောက်သွားတာနဲ့ ညှီစို့စို့ မှိုအနံ့က နှာခေါင်းထဲ ဝင်လာတယ်။ အခန်းကျဉ်းလေးထဲမှာ ပြတင်းပေါက် အသေးလေးတခုသာ ရှိတာကြောင့် အခန်းက ခပ်မှောင်မှောင် ဖြစ်နေတယ်။ ထောင်ဝင်စာ လာတွေ့တဲ့သူနဲ့ ကျနော်နဲ့ကြားမှာ သံဆန်ခါ လေးချပ်က ခြားထားတယ်။ ပထမသံဆန်ခါက အကွက်ကျဲကျဲ၊ ဒုတိယက ခပ်စိပ်စိပ်၊ နောက် ခပ်စိပ်စိပ်။ အဲဒီလို သံဆန်ကာ လေးထပ်နဲ့ မျက်မှန်သမား ကျနော့်အတွက်တော့ သံဆန်ခါကြည့်ရင်း ခေါင်းမူးလာတယ်။ ဘေးနားမှာလည်း ထောင်က တာဝန်ပေးထားတဲ့ ထောင်ဝါဒါ တယောက်က စာအုပ်နဲ့ ဘောပင်ကိုင်ပြီး ကျနော်နဲ့ အိမ်နဲ့ ပြောစကားတွေကို လိုက်လံ မှတ်သားနေတယ်။ နောက်ပိုင်း မေးကြည့်တော့ သူ လိုက်မှတ်ရတဲ့ စာတွေကို ထောက်လှမ်းရေးဆီ ပြန်ပို့ပေးရတယ်လို့ သိရတယ်။ ထောင်ဝင်စာခန်းထဲ ရောက်တော့ ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ရေးတဲ့ ‘မဟူရာ အကျဉ်းထောင်’ ဆိုတဲ့ ဝတ္ထုကို ဖျတ်ခနဲတောင် သတိရမိတယ်။ သတိရဆို သူရေးတဲ့ဝတ္ထုရဲ့ ဇာတ်ကောင်နဲ့ ကျနော့်အဖြစ်အပျက်က တထေရာတည်း တူနေတာကိုး။ သူ့ဇာတ်ကောင်ကလည်း မတရားအသင်း ဆက်သွယ်မှု ဥပဒေနဲ့ တရားစွဲခံထားရပြီး ထောင်အချုပ်ကျနေသူ။ ကျနော်ကလည်း မတရားအသင်း ဆက်သွယ်မှုနဲ့ တရားစွဲဆိုခံထားရပြီး ထောင်အချုပ်ကျနေသူ။ နောက်ပြီး သူ့ဇာတ်ကောင်ကလည်း သတင်းသမား၊ စာပေသမား။ ကျနော်ကလည်း သတင်းသမား။ နောက်ဆုံး သူ့ဝတ္ထုအစကိုတောင် အခု ကျနော်ကြုံနေရတဲ့ ထောင်ဝင်စာတွေ့တဲ့ အခန်းနဲ့ စထားတာကြောင့်ပဲ။ လူ့ငရဲသို့ တမ်းချင်း သို့မဟုတ် ဆရာကြီးဦးဝင်းတင်သို့ အမှတ်တရ… ကျနော်ဟာ စိတ်ကူးယဉ်တတ်တဲ့လူ တယောက်။ ကျနော့်ရဲ့ လက်တွေ့ဘဝ ဖြစ်စဉ်တွေဟာ ကျနော့်စိတ်ကူးကနေတဆင့် လက်တွေ့ကို ကူးပြောင်းခဲ့တာတွေကြီးပဲ။ အကျဉ်းထောင်ထဲ စရောက်ပြီး ၁၀ ရက်လောက် အကြာထိ အပြင်စာပေနဲ့ တခြားစာပေတွေကို လွတ်လပ်စွာ ဖတ်ခွင့်မရသေးပါဘူး။ အဲဒီတော့ ထောင်ထဲမှာရှိတဲ့ စာကြည့်တိုက်ကိုပဲ နေ့စဉ်သွားရတယ်။ တနေ့ ထောင်စာကြည့်တိုက်မှာ ထူးထူးခြားခြား ဆရာဦးဝင်းတင်ရဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်ကို အမှတ်မထင် တွေ့လိုက်ရတယ်။ အဲဒါနဲ့ အခန်းကို ငှားလာပြီး သေချာအသေးစိတ် ဒုတိယကြိမ်စာအုပ်ကို ပြန်ဖတ်ခွင့်ရခဲ့တယ်။ မှတ်မှတ်ရရ အထဲမှာ အဲဒီစာအုပ်ကို အကြိမ် ၅၀ ထက်မနည်း အခါအခါ ပြန်ဖတ်မိတယ်။ စိတ်ဓာတ်ကျတဲ့အခါတိုင်းက ဒီစာအုပ်ကို ဖတ်ပြီးပဲ ပြန်အားတင်းခဲ့ရတယ်။ ကျနော်တို့ အဖမ်းခံရတာ စုစုပေါင်း ခြောက်ယောက်။ အထဲမှာတော့ သတင်းသမား သုံးဦးကို တခန်းတယောက်စီ သီးခြားခွဲထားတယ်။ ကျနော်နဲ့ အတူနေရတဲ့ တီးဝိုင်းသမား ပလောင်တယောက်က ထောင်ထဲရောက်မှ တရားသမားလုံးလုံး ဖြစ်သွားတယ်။ ထောင်တန်းပိတ်ပြီဆိုတာနဲ့ တရားပဲ အချိန်ပြည့် ထိုင်နေတာကြောင့် ကျနော့်မှာ တန်းပိတ်ချိန်ရောက်တာနဲ့ ထောင်နှစ်ထပ်ကျသလို ခံစားရတယ်။ အခန်းထဲမှာ စကားပြောဖော်ကလည်း မရှိ။ ၈ ပေ ၁၂ ပေ အခန်းကျဉ်းထဲမှာ တယောက်တည်းပဲ ဖြတ်သန်းခဲ့ရတယ်။ အဲဒါနဲ့ ဆရာ့ရဲ့ လူ့ငရဲ စာအုပ်ကို အသေးစိတ် ပြန်ဖတ်ရပြီးနောက် ကျနော့်အတွက် အကြံသစ်တွေ ရခဲ့တယ်။ ‘ဆရာတို့ အလှည့်တုန်းကလည်း အင်းစိန်ထောင်ထဲကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကုလသမဂ္ဂထိရောက်အောင် ရေးသားပေးပို့နိုင်ခဲ့သလို ထောင်တွင်း စာစောင်တွေတောင် ထုတ်နိုင်ခဲ့သေးတာပဲ။ ငါလည်း ဒီအတိုင်းတော့ နေလို့မရဘူး။ တခုခုတော့ ကြံရမယ်။ ကျနော်ဟာ ဦးဝင်းတင်လို မကြီးမြတ်ပေမယ့် ဘဝချင်း၊ ခံယူချက်ချင်းတော့ တူတယ်။ သူလည်း စာနယ်ဇင်းသမား၊ ငါလည်း စာနယ်ဇင်းသမား။ ရောက်တဲ့နေရာမှာတော့ ကိုယ့်အလုပ် ကိုယ်လုပ်နိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကူးအတွေးတွေ ဝင်ခဲ့တယ်။ ဒါနဲ့ နောက်တနေ့ကစပြီး ကျနော်ဟာ စိတ်ကူးတွေကို လက်တွေ့အကောင်အထည် စဖော်တော့တာပဲ။ အရင်ဆုံး ရေးစရာ ဘောပင်၊ ခဲတံ တခုခုကိုရအောင် အရင်ကြိုးစားတယ်။ အရင် ဖတ်ဖူးတဲ့ ထောင်မဂ္ဂဇင်း နရသိန်ထဲက ထောင်ဝါဒါတွေနဲ့ အကျဉ်းသားတွေ ဉာဏ်ကစားတဲ့ဟာတွေကို လက်တွေ့ အသုံးပြန်ချတော့တယ်။ ရေးစရာရပြီးနောက် နေ့စဉ်မှတ်တမ်းတွေ ထောင်ထဲက အဖြစ်အပျက်တွေ ဘဝတွေကို အင်တာဗျူးလုပ်ပြီး စာရေးဖြစ်ခဲ့တယ်။ ပြီးတော့ လက်ရေးမူတွေကို ထောင်အပြင်ဘက်ကို ခိုးထုတ်ပြီး သိမ်းထားနိုင်ခဲ့တယ်။ ဒီလိုနဲ့ ကျနော်ဟာ ဆရာကြီးကို သတိရတဲ့အနေနဲ့ စိတ်ကူးတွေကနေ လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ ကျနော်နဲ့ တာလဘောဟင်း ပြဿနာ… ထောင်ထဲမှာနေတာ ရက်ကြာလာတဲ့အမျှ ပထမ ရောက်ခါစ အဆင်မပြေတာတွေက တဖြည်းဖြည်းတော့ အသားကျလာခဲ့တယ်။ ဒါပေမယ့် အသားမကျနိုင်တာ တခုကတော့ ထောင်ကကျွေးတဲ့ အရည်ဟင်းကိစ္စပဲ။ ထောင်ထဲမှာက ဗုဒ္ဓဟူးနေ့ညနေနဲ့ တနင်္ဂနွေ ညနေကိုသာ ငါးနဲ့ ကြက်သား ကျွေးတယ်။ ကျန်တဲ့ရက်တွေကတော့ ပဲဟင်းတလှည့်၊ တာလဘောဟင်းချို တလှည့်စီပဲ။ အိမ်က အခြောက်ဟင်းတွေ အမြဲပို့ပေးထားပေမယ့် အရည်ဟင်းပါမှ ထမင်းစားလို့ အဆင်ပြေတဲ့ ကျနော့်အတွက်တော့ ထောင်ကကျွေးတဲ့ အရည်ဟင်းက မဖြစ်မနေပဲ။ ပဲဟင်းကလွဲပြီး ကျန်တဲ့အရည်အတွက် ကန်စွန်း၊ မုန်လာ၊ ဆလပ်တွေကို ထောင်တွင်း နံရံဘေးမှာပဲ စိုက်ကြတယ်။ ထောင်ထဲမှာရှိတဲ့ လူဦးရေ ၅၀၀ နီးပါးလောက်အတွက် ဟင်းလင်းပြင် အိမ်သာ ၈ လုံးပဲ ရှိတယ်။ တန်းပိတ်ချိန်မှာသာ အခန်းထဲက အိမ်သာကို အသုံးပြုခွင့်ပေးပြီး တန်းဖွင့်ချိန်မှာတော့ လူ ၅၀၀ နီးပါးက အပြင်က အိမ်သာကိုသာ တန်းဆီပြီး တက်ရတယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပဲ။ အဲဒီအိမ်သာ ၈ လုံး ကပ်ရပ်ဘေးမှာ စိုက်ခင်းတွေ။ တရက် တန်းဖွင့်ချိန် လမ်းလျှောက်တော့ အဲဒီအိမ်သာ ၈ လုံးက ထွက်သမျှ အညစ်အကြေးတွေကို အဲဒီစိုက်ခင်းတွေဆီ လောင်းနေတာ တွေ့လိုက်ရတယ်။ ယင်ကောင်တွေကလည်း တလောင်းလောင်းနဲ့ ဘေးမှာ ယင်ကောင်ဖမ်းတဲ့သူတွေကလည်း ဖမ်းနဲ့ အလုပ်တွေ ရှုပ်နေကြတယ်။ အဲဒီနေ့ကစပြီး ထောင်ကကျွေးတဲ့ တာလဘော ချဉ်ဟင်းကို ဘယ်လိုမှ စားမဝင်တော့တာပဲ။ မထူးဇာတ်ခင်းပြီး စားမယ်ကြံလိုက် မျက်စိရှေ့မှာတင် ဖင်လှန်ပြီး အီးပါလိုက်၊ အဲဒီက ထွက်လာသမျှဟာတွေ စိုက်ခင်းတွေဆီ ပြန်လောင်းလိုက် မြင်ကွင်းက မျက်လုံးထဲ ပေါ်ပေါ်လာတယ်။ အဲဒါနဲ့ပဲ နောက်ပိုင်းရက်တွေမှာ ယမ်ယမ်ချဉ်စပ်လေး ပြုတ်သောက်လိုက်၊ စွန်တန်ဟင်းချိုလေး လုပ်သောက်လိုက်နဲ့ ထောင်တွင်း ရက်တွေကို ကျော်ဖြတ်ခဲ့ရတယ်။ New York Times ကို ပထမဦးဆုံးအကြိမ် ဖတ်ဖူးခြင်း….. ကျနော်က video journalist သာ လုပ်နေတာ။ လေ့လာမှုအားက တချို့နေရာတွေမှာ အတော်လေး အားနည်းတယ်။ သတင်းထောက်လုပ်သက် ၄ နှစ်အတွင်းမှာ New York Times ကို ကြားသာ ကြားဖူးတယ်။ တကြိမ် တခါမှ မဖတ်ဖူးခဲ့ဘူး။ ကိုယ့်ရဲ့ အင်္ဂလိပ်စာ အားနည်းမှုကြောင့်လည်း ပါတယ်။ အချုပ်ကျနေတဲ့ သီပေါထောင်ထဲ ရောက်တဲ့အခါမှသာ ကိုလဝီ ကောင်းမှုကြောင့် သြော် ဒါက ကမ္ဘာ့သြဇာရှိ မီဒီယာ The New York Times ပါလားဆိုပြီး ထိတွေ့ခွင့် ပထမဦးဆုံး ရခဲ့တယ်။ ထောင်ထဲမှာ အပေါဆုံးက အချိန်တွေပဲ။ တရက်နဲ့တရက် ဘယ်လို ကုန်ဆုံးရမလဲ ဆိုတာ ကိုယ်တိုင်ပဲ ဖန်တီးယူရတယ်။ နေ့လယ်ဘက် တန်းဖွင့်ချိန် ၂ နာရီနောက်ပိုင်းဆို ကိုလဝီနဲ့ တနေ့ကို New York Times က သတင်းတပုဒ် ဖတ်ရတယ်။ မသိတဲ့စာလုံးတွေဆို Dictionary နဲ့ ပြန်ရှာဖတ်တယ်။ သူနဲ့ တပုဒ်ဖတ်ပြီးရင် ကိုယ့်ဟာကိုယ့် တပုဒ် ပြန်ဖတ်ရတယ်။ ပြီးတော့ နားလည်သလောက် သူနဲ့ ပြန်ဆွေးနွေးရတယ်။ ဒီလိုနဲ့ New York Timesက သတင်းကို တနေ့ နည်းနည်းစီဖတ်လို့ ရလာရင်းနဲ့ ကျနော်တို့ သိထား ရေးနေတဲ့ ဘ ၆ လုံးဟာ update မဖြစ်တော့ဘူးဆိုတာ သိလာတယ်။ အခါလွန်မိုး၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ ဘယ်တော့မှမမေ့ဘူး….. တချို့သော အတိတ်တွေက သတိရရုံသက်သက် ဆိုပေမယ့် လုံးဝတော့ မမေ့ပျောက်သွားဘူး။ ဒီနှစ်ထဲမှာ စွဲစွဲမြဲမြဲ ဆိုဖြစ်ခဲ့တဲ့ သီချင်းတွေထဲမှာ ကိုငှက်ရဲ့ ‘အခါလွန်မိုး’လည်း ပါတယ်။ အခုလို မိုးတွေရွာတဲ့အချိန်တွေဆို သံတိုင်ကိုကိုင်ပြီး နေ့စဉ်ညဆက် ကိုငှက် သီချင်းကို ညည်းခဲ့ရတဲ့အဖြစ်။ ညလုံးပေါက် မိုးရွာတဲ့ညတွေဆို ကျနော့်မှာ တညလုံး အိပ်မပျော်ဘူး။ အခန်းအောက်ပိုင်းကို အပြင်က မိုးတွေကပက်။ အခန်းထဲဝင်လာတဲ့ မိုးရေစက်လေးတွေအောက်မှာ အင်္ကျီလက်ရှည်ရဲ့ လက်တစဖက်ဆီကို သံတိုင်တဖက်စီမှာ ချည်ပြီး ပုခက်ပုံစံလုပ် ထိုင်ပြီးတော့ သံတိုင်ကိုကိုင် သီချင်းကို တိုးတိုးလေး ညည်းရတဲ့ သတိရ ခံစားမှုက စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရဘူး။ ကျန်တဲ့အချိန်တွေထက် ညနေ ၅ နာရီ တန်းပိတ်ချိန်ဆို လူက ကတုန်ကယင် ဖြစ်ချင်လာတယ်။ အိမ်ကမိသားစုဝင်တွေ၊ ရုံး၊ ဘိုကလေးဈေးလမ်းက Hyper၊ ၁၉-လမ်း၊ စမ်းချောင်းလမ်းက Terminal-5 ဗိုလ်တထောင်ဘုရားလမ်းက မုန့်ဟင်းခါးဆိုင် လမ်းမတော်ကမ်းနားက အသုပ်ဆိုင် တခုချင်းစီက ရုပ်ရှင်ကားထဲက အနှေးကွက်တွေ ပြန်ကြည့်နေရသလိုဘဲ အာရုံမှာ ပေါ်ပေါ်လာတယ်။ ရောက်တဲ့နေရာတိုင်းမှာ အဆင်ပြေဖို့ ကိုယ်တိုင် ဖန်တီးယူရတဲ့ အခိုက်အတန့်ကတော့ ဘေးက အခန်းဖော်တွေကို ကော်ဖီမစ်နဲ့ မုန့်ပေးပြီး ကိုယ်ကြိုက်တဲ့သီချင်းတွေ ညစဉ် ဆိုခိုင်းရတာပဲ။ လူ့ဘဝဟာ အသက်တရာ မနေရပေမယ့် အမှုတရာ ကြုံရစမြဲပါပဲ။ သတင်းထောက်လုပ်သက် ၄ နှစ်ကျော်အတွင်းမှာ ရခဲ့တဲ့ ဒီအတွေ့အကြုံကတော့ ဘယ်အခါမှ မေ့လို့ မရပါဘူး။ ငယ်စဉ်က ဆိုးမိုက်တဲ့လူတွေ ထောင်အချုပ်ကျတာ ကြားဖူးပေမယ့် ဒီနိုင်ငံမှာတော့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်းလည်း အချိန်မရွေး ထောင်အချုပ်ကျနိုင်တယ်ဆိုတာ ဒီဖြစ်စဉ်က လက်တွေ့ပြသခဲ့ပါပြီ။ ပြည့်ဘုန်းအောင်(ဘူကင်း)
3 years Ago
Up