သီလရှင်

December 17, 2020

ကိုဗစ်-၁၉ ကူးစက်ခံ သံဃာ​အပါး ၂၆၃၀ ခန့်ရှိ ၊ သံဃာနှင့် သီလရှင် အပါး ၄၀ ပျံလွန်​တော်မူ 

ရန်ကုန်တိုင်းထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ သံဃာ​တော်အပါး ၂၆၃၀ နီးပါးရှိပြီး ဒီရောဂါနဲ့ ပျံလွန်​တော်မူသွားတဲ့ သံဃာ​တော်နဲ့သီလရှင်စုစု​ပေါင်း အပါး ၄၀ ရှိတယ်လို့  သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။ လက်ရှိအ​နေအထားအရ ကိုဗစ်​-၁၉ ရောဂါ မြန်မာ ပြည်တွင်းကူးစက်မှုနှုန်းက တ​နေ့တခြား မြင့်တက်လာပြီး သံဃာ​တော်​တွေပါ ကူးစက်မှု​တွေရှိလာပါတယ်။  မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာအတွက် သံဃာ​တော်​တွေပညာသင်ကြား​နေတဲ့ စာသင်တိုက်​တွေ မှာ ရဟန်းသံဃာ​တော်​ ကိုရင်​တွေဟာ တစ်​နေရာထဲမှာ ရာနဲ့ချီသတင်းသုံး​နေကြတာလည်း ဖြစ်ပါတယ်။  သံဃာ​တော်​တွေ၊ သီလရှင်​တွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ​ဆေးစစ်ဖို့လိုအပ်တဲ့ အကူအညီ​တွေကို သာသနာ​ရေးတိုင်းမှူး​တွေက လိုက်လံ​ဆောင်ရွက်​ပေး​နေတယ်လို့ သာသနာ​ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ​ရေး ညွှန်ကြား​ရေးမှူး  ဦး​အောင်ဆန်းဝင်းက ဆိုပါတယ်။ အခုဆိုရင် ဘုန်းကြီး​ကျောင်း​တွေမှာ သံဃာတော်တွေဟာ ကိုဗစ်​-၁၉ ​ကြောင့် ဆွမ်းခံမထွက်ရသလို လှူဒါန်းတဲ့ အလှူရှင်​တွေနည်းပါးသွားတာ​ကြောင့် ဆွမ်းကွမ်း အခက်အခဲ​တွေနဲ့ ရင်ဆိုင်​နေကြရပါတယ်။ ရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်ရှိ ​ဒေဝနိမ္မိတာရုမ်​ကျောင်းတိုက်ဆရာ​တော် အရှင်တိ​လောက က “အရင် ကိုဗစ်ပထမလှိုင်းကာလ  ဆွမ်းခံအလှူမထွက်ရ​ပေမယ့် အလှူရှင်​တွေလာ​ရောက်လှူဒါန်းတဲ့အတွက် စိတ်ပူစရာ မရှိပါဘူး။ အခုချိန်ဟာ ​ရောဂါပိုးကူးစက်မှုနှုန်းက မြင့်တက်​နေ​တော့ အလှူရှင်​လာ​ရောက် လှူဒါန်းတာ​တွေ မရှိကြ​တော့ပါဘူး။ တချို့ စာသင်သားများတဲ့​ကျောင်း​တွေ၊ ချို့တဲ့​နေတဲ့​ ကျောင်း​တွေဆိုရင် ​တော်​တော်​လေး အခက်အခဲ​တွေ ရှိ​နေတယ်” လို့ မိန့်ကြားပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပြင်းထန်လာတာ​ကြောင့် သံဃာတော်တွေကို အပြင်ကိုမထွက်​အောင် ​စောင့်ကြပ်မှု​တွေ ပြုလုပ်ထားတယ်လို့ အာရှ အလင်း​ရောင်ဆရာ​တော် ဘန္ဒန္တစိန္တိတ ကမိန့်ပါတယ်။ “ကိုဗစ်​ကြောင့် ​တချို့ လုပ်လက်စလုပ်ငန်း​တွေပါ ရပ်နား လိုက်ရတဲ့အ​ခြေအ​နေ​​တွေမှာ ရှိ​နေပါတယ်။ အလှူရှင်​တွေမလာ​တော့ ၀င်​ငွေရပ်သွားတဲ့အခါ ​ကျောင်း​တွေမှာ ရှိတဲ့ ​ဝေယာဝစ္စကိစ္စ​​တွေ​လုပ်ဖို့ တော်​တော်​လေးခက်ခဲသွားတယ်” လို့ မိန့် ပါတယ်။ လက်ရှိ စာသင်တိုက်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ရဟန်းသံဃာတော်တွေ ရာနဲ့ချီရှိနေပြီး သံဃာတချို့ မိမိဇာတိရပ်ကို ပြန်မယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးတွေမှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း  စစ်ဆေးပြီး ပြန်စေဖို့  ဆရာတော်ကြီးတွေက ခွင့်ပြုထားပါတယ်။
6 months Ago

October 28, 2020

ကိုဗစ်ရောဂါကူးစက်ခံရသည့် ရဟန်းသာမဏေနှင့်သီလရှင် အပါး ၁၆၀၀ ကျော် ရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း ရဟန်းသံဃာတော်နဲ့သီလရှင် အပါးရေ ၁၆၀၀ ကျော်ရောဂါကူးစက်ခံခဲ့ရတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ကိုဗစ်-၁၉ ကာလမှာ နိုင်ငံတဝန်း အများပြည်သူတွေ၊ အစိုးရဝန်ထမ်းနဲ့ လူတန်းလူတန်းစား အလွှာအသီးသီးဆီ ရောဂါကူးစက်ပျံ့နှံ့ခဲ့ပြီး ရဟန်းသံဃာတော်နဲ့သီလရှင်တွေလည်း ကူးစက်ခံခဲ့ရတာပါ။ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရတော့ ရဟန်းသာမဏေ ၁၄၂၉ ပါး၊ သီလရှင် ၁၇၄ ပါး ရောဂါကူးစက်ခံရပြီး ဒီထဲမှာ ရဟန်းသာမဏေ ၂၅ ပါးနဲ့ သီလရှင် ၃ ပါး ပျံလွန်တော်မူသွားခဲ့ပါတယ်။ ကူးစက်ခံရတဲ့ထဲက ရဟန်းသာမဏေ ၁၀၈၄ ပါးနဲ့ သီလရှင် အပါး ၁၃၀ ဟာ ရောဂါ သက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေဆဲက ရဟန်းသာမဏေ အပါး ၃၂၀ နဲ့ သီလရှင် ၄၁ ပါးရှိတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ရန်ကုန် ကမ္ဘာအေးကုန်းမြေထဲမှာ သံဃာတွေထားဖို့အတွက် သံဃာ့ဆေးရုံ ၂ ခုကိုလည်း ပြင်ဆင်ပြီးတော့မှာဖြစ်ပြီး ဆောက်လုပ်ဆဲ လေးခန်းတွဲအိမ်ရာတွေမှာ ထားဖို့ ပြင်ဆင်နေကာ မကြာခင်ပြီးစီးတော့မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၇,၆၆၆  ယောက်၊ သေဆုံးသူ ၁၁၄၇  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း၂၇,၃၇၃ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
8 months Ago
More News
Up