သီရိလင်္ကာ

February 4, 2018

သီရိလင်္ကာ ဂုဏ်ထူးဆောင် ဆရာတော် ဆင်တိုက်ခိုက်ခံရပြီး ပျံလွန်တော်မူ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်နားမှာ သီးတင်းသုံးနေတဲ့ ထင်ရှားတဲ့ ဆရာတော်ကြီး ဘယ်လန်ဝိလ ဝိမလရာထနာသီရိုဟာ ဆင်တိုက်ခိုက်ခံရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် ဖေဖော်ဝါရီ ၃ ရက်နေ့က ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ သက်တော် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ ဘုန်းကြီးကျောင်းထဲမှာ ဆင်ကို အစာကျွေးနေတုန်း ဆင်တိုက်ခိုက်ခံရတာဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်က ဆေးရုံတင် ကုသထားရာမှ ပျံလွန်တော်မူသွားတာပါ။ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ဆရာတော်ကြီး သီရိုက သီရိလင်္ကာနိုင်ငံအတွင်းမှာ လူမျိုးစုကြား တင်းမာမှု ပြေပျောက်အောင် မတူတဲ့ဘာသာတွေ တခုနဲ့တခု သဟဇာတဖြစ်အောင် ပါဝင် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်က ယူကေနိုင်ငံ လန်ကက်စတာမြို့ တက္ကသိုလ်မှာ ၁၉၈၀ ခုနှစ်က ဒဿနိကဗေဒပညာရပ်မှာ ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး သီရိဂျရာဝါဓနပူရ တက္ကသိုလ်ရဲ့ အဓိပတိ တယောက်ဖြစ်ခဲ့သလို တက္ကသိုလ်ရဲ့ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက စတဲ့ရာထူးတွေနဲ့လည်း တာဝန် ထမ်းဆောင်ခဲ့တယ်လို့ သည်ဆန်းဒေး လီဒါ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up