သီရိလင်္ကာ

January 7, 2021

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး သီရိလင်္ကာသမ္မတနှင့်တွေ့ဆုံဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာဟာ သီရိလင်္ကာသမ္မတနဲ့ရော နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ ဇန်နဝါရီ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု  တိုးမြှင့်ဖို့ ၃ ရက်ကြာ တရားဝင် ခရီးစဉ်နဲ့ လာရောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ အခြေခံအဆောက်အဦ၊ စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေတွေကို  အရာရှိတွေက ဆွေးနွေးခဲ့တယ်လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။ နှစ်နိုင်ငံအရာရှိတွေဟာ လက်ရှိ ဖြစ်ပွားဆဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဒီနစ်ရှ် ဂူနာဝါဒေနာက ပြောပါတယ်။
4 months Ago

December 3, 2020

သီရိလင်္ကာသို့ အပူပိုင်းမုန်တိုင်းဝင်

အပူပိုင်းမုန်တိုင်း ဘူရေဗီဟာ သီရိလင်္ကာ အရှေ့ဘက်ကမ်းရိုးတန်းကို ဒီဇင်ဘာ ၂ ရက်ညက ဝင်ရောက် တိုက်ခတ် သွားပါတယ်။  ဒါကြောင့် ကမ်းရိုးတန်း တလျှောက်က အဆောက်အအုံတွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပျက်စီးမယ်၊ရုတ်တရက် ရေကြီးတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။ မုန်တိုင်းက တစ်နာရီကို  ၅၆ မိုင်နှုန်းနဲ့ကမ်းရိုးတန်းဆီ ဦးတည်လာကတည်းက အာဏာပိုင်တွေက နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းက လူ ၇၅၀၀၀ ကို သူတို့ အိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခဲ့ပါတယ်။ မုန်တိုင်းလမ်းကြောင်းနားမှာ နေကြတဲ့သူတွေလည်း  အခန်းတွင်းမှာပဲ နေကြဖို့ ကပ်ဘေးစီမံခန့်ခွဲရေးဌာနက အကြံပြု တိုက်တွန်းထားပါတယ်။ မုန်တိုင်းကြောင့် တချို့နေရာတွေမှာ မိုးရေချိန် ၈ လက်မကျော်ထိ ရွာနိုင်တယ်လို့ သီရိလင်္ကာမိုးလေဝသဌာန အကြီးအကဲက ပြောပါတယ်။ မုန်တိုင်းဒဏ် အဆိုးဆုံး ခံရတဲ့ ထရင်ကိုမာလီခရိုင်ထဲက ရွှေ့ပြောင်းခံလူတွေကို ကယ်ဆယ်ရေးဌာန ၂၃၇ ဌာနဆီမှာ ရွှေ့ပြောင်းထားပြီး မုန်တိုင်းပြီးတဲ့အထိ နေခိုင်းထားပါတယ်။ သန်းချီတဲ့လူတွေ နေထိုင်ရာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းခရိုင်တွေက အာဏာပိုင်တွေက သောကြာနေ့ထိ ကျောင်းတွေကို ပိတ်ထားပါတယ်။ ဒီနေ့မနက်တော့ မုန်တိုင်းလမ်းကြောင်းက နိုင်ငံအနောက်မြောက်ဘက် အာရေဗီးယန်း ပင်လယ်ဆီ ဦးတည်သွား နေပြီလို့ မိုးလေဝသဌာန အကြီးအကဲက ပြောပါတယ်။
5 months Ago
More News
Up