သီရိလင်္ကာဗုံးခွဲမှု

April 30, 2019

၅ နှစ်အကြာတွင် ပထမဆုံး ပေါ်ထွက်လာသည့် အိုင်အက်စ်ခေါင်းဆောင်

ငါးနှစ်အကြာမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ အယ်လ် ဘာဒါဒီက သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုတွေကို ချီးကျူးလိုက်ပါတယ်။ ဧပြီ ၂၉ ရက်နေ့က အာရ်ဖူကန် သတင်းအေဂျင်စီက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး ဘေးမှာ စက်သေနတ်တလက် ထောင်ထားတဲ့ အဘူ ဘာကာ အယ်လ် ဘာဒါဒီကို မြင်တွေ့ရပါတယ်။ အခုဗွီဒီယိုထဲမှာ ဆီးရီးယားနိုင်ငံ အရှေ့ဘက် ဘာဟို့စ်ရွာက အိုင်အက်စ်နယ်မြေတွေ သိမ်းပိုက်ခံရတာကို အယ်လ် ဘာဒါဒီက ဝန်ခံလိုက်ပြီး ခရူးဆိတ်စစ်သားတွေနဲ့ သူတို့နောက်လိုက်တွေအပေါ် ဆင်နွှဲတဲ့ တိုက်ပွဲဟာ ကာလရှည်တိုက်ပွဲ ဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ အယ်လ် ဘာဒါဒီက ဘာဟို့စ်ရွာတိုက်ပွဲဟာ အနောက်အုပ်စုရဲ့ ရိုင်းစိုင်းရက်စက်မှုနဲ့ အစ္စလမ်နိုင်ငံတော်ရဲ့ သတ္တိ၊ တည်ကြည်မှုနဲ့ ကြံ့ကြံ့ခံမှုတို့ကို ပြသတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံ မိုဆူးလ်မြို့ အယ်လ်နူရီဗလီထဲမှာ အယ်လ် ဘာဒါဒီ တရားဟောတဲ့ ဗွီဒီယိုဖိုင်ကို ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့ဖူးပါတယ်။
2 years Ago

April 22, 2019

သီရိလင်္ကာ ဗုံးခွဲမှု ကမ္ဘာ့ခေါင်းဆောင်များ ပြစ်တင်ရှုတ်ချ

သီရီလင်္ကာနိုင်ငံအတွင်း အီစတာ ဆန်းဒေး ဗုံးခွဲမှုတွေအပြီး ကမ္ဘာ့ခေါင်းဆောင်တွေက စာနာကြောင်း သဝဏ်လွှာတွေနဲ့ ဗုံးခွဲမှုကို ပြစ်တင်ရှုတ်ချကြောင်းစာတွေ တွစ်တာ လူမှုကွန်ရက်ပေါ် အသီးသီး တင်ခဲ့ကြပါတယ်။ ဧပြီ ၂၁ ရက်က ဗုံးခွဲမှုကြောင့် လူအယောက် ၃၀၀ နီးပါး သေဆုံးပြီး အယောက် ၅၀၀ ကျော် ဒဏ်ရာရခဲ့တယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၂၄ ယောက်ကို ဖမ်းထားပြီး သူတို့ဟာ ဘာသာရေး အစွန်းရောက် အုပ်စုတစုတည်းက ဖြစ်တယ်လို့ ရဲပြောခွင့်ရက ဧပြီ ၂၂ ရက်မှာ အတည်ပြု ပြောဆိုထားပါတယ်။ သေဆုံးသူ အားလုံးအတွက် ဈာပနအခမ်းအနားလုပ်ဖို့ ရူပီးငွေ ၁ သိန်း ပေးမှာဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း လျော်ကြေးပေးမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်မယ်ဆိုတာ အာဏာပိုင်တွေက လွန်ခဲ့တဲ့ ၂ ပတ်တည်းက သတိပေးခဲ့ပြီး တိုက်ခိုက်မယ့် လူစာရင်းကိုလည်း ပေးခဲ့တယ်၊ ဒါပေမယ့် သမ္မတက ကာကွယ်ရေးတာဝန် ယူရတာမို့ ဝန်ကြီးချုပ်ကို သတင်းမမျှဝေခဲ့ဘူးလို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အိန္ဒိယနိုင်ငံသား ၃ ယောက်၊ ဗြိတိန်နိုင်ငံသား ၃ ယောက်၊ တူရကီနိုင်ငံသား ၂ ယောက် အပါအဝင် နိုင်ငံခြားသား ၃၇ ယောက်ထက်မနည်း ပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုကြောင်း AFP သတင်းဌာနက ဖော်ပြပါတယ်။ ဘယ်သူဘယ်ဝါ မသိသေးဘဲ နိုင်ငံခြားသားတွေလို့ ယုံကြည်ရတဲ့ အလောင်း ၂၅ လောင်း ရှိသေးတယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
3 years Ago
Up