သီရိလင်္ကာတွင် ရေကြီး မြေပြိုမှုကြောင့်

May 31, 2017

သီရိလင်္ကာတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၈၃ ဦးရှိပြီ

ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ ရိုက်ခတ်မှုကြောင့် သိရိလင်္ကာက အိမ်ရာတွေ ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ထားခဲ့ရပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုရာရဲ့ ရိုက်ခတ်မှုကြောင့် သိရိလင်္ကာနိုင်ငံမှာ မြေပြိုမှုနဲ့ ရေကြီးမှုတွေ ကြုံခဲ့ရပြီး မေလ ၃၀ ရက်နေ့အထိ သေဆုံးသူ ၁၈၃ ဦးရှိပြီလို့ သိရပါတယ်။ လူဦးရေ ၇ သောင်းခွဲလောက်ကို ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်း နေရာချထားပေးခဲ့ရတဲ့ အခုမုန်တိုင်းဟာ သီရိလင်္ကာမှာ ၂၀၀၄ ခုနှစ်က ဆူနာမီ နောက်ပိုင်းမှာ အကြီးမားဆုံး ကြုံရတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပါတယ်။ အစိုးရ အဖွဲ့အစည်းတွေသာမက ဘယ်အဖွဲ့ကမှ လာရောက်ကူညီခြင်း မရှိသေးဘူးလို့ မုန်တိုင်းဘေးဒုက္ခသည် ပြည်သူတွေက မေလ ၂၉ နေ့မှာ ပြောပါတယ်။ သီရိလင်္ကာပညာရေးဝန်ကြီးက မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် အထူးချေးငွေတွေ ထုတ်ပေးသွားမှာပါ။ အစိုးရက အဲဒီအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းနဲ့ ညီမျှတဲ့ ငွေကြေးကို သုံးဖို့ လျာထားပါတယ်လို့ ပြောပါတယ်။ “အခုထိဆို ၄ ရက် ရှိပြီ။ ဘယ်အဖွဲ့အစည်းကမှ လာကူတာ မရှိသေးဘူး။ အစိုးရအဖွဲ့တွေလည်း မလာဘူး။ ဒီပတ်ဝန်းကျင်က လူတွေကပဲ ကျနော်တို့ကို စားစရာတွေနဲ့ တခြား လိုအပ်တာတွေပေးပြီး ကူညီနေကြတာ”လို့ ရေဘေးဒဏ်ခံနေရသူ ၁ ဦးက မေလ ၂၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ “လူတွေကို သနားညှာတာစိတ်နဲ့ ကူညီဖို့ လိုတယ်။ အခု ဒီကျောင်း ၂ ကျောင်းက ဘုန်းကြီးတွေက ကျနော်တို့ကို စားစရာတွေ ပေးထားတာ”လို့ မုန်တိုင်းဒဏ်ခံခဲ့ရသူ တဦးက ပြောပါတယ်။ သီရိလင်္ကာစစ်တပ်ကတော့ အပျက်အစီးတွေ ရှင်းလင်းတာတွေ၊ ပိတ်နေတဲ့ မြစ်တွေကို ရှင်းလင်းတာတွေနဲ့ မြေပြိုနုန်းတွေကြားမှာ ပျောက်ဆုံးနေသူတွေကို လိုက်ရှာတာတွေမှာ ပါဝင်ကူညီနေတာ တွေ့ရပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

May 30, 2017

သီရိလင်္ကာတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၇၇ ဦးရှိပြီ

သီရိလင်္ကာမှာ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၇၇ ယောက်ထိ မြင့်တက်သွားပြီး လူ ၁၀၉ ယောက် ပျောက်ဆုံးနေဆဲလို့ ကပ်ဘေး စီမံရေးဌာန  (DMC) က မေ ၂၉ ရက် ကထုတ်ပြန်ပါတယ်။ လူ ၈၈ ယောက်ကို ဆေးရုံတင်ထားရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း အပျက်အစီးတွေထဲက အလောင်းတွေကိုလည်း ဆွဲထုတ် နေရဆဲပါ။ ရေကြီးမှုကြောင့် လူအယောက် ၅ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး အိမ်ခြေ ၅ သောင်းနီးပါး ပျက်စီးခဲ့တယ်လို့  DMC က ပြောပါတယ်။ ရေဘေး အဆိုးဆုံး သင့်ခဲ့တဲ့ ရတ်နာပူရခရိုင်ကို သမ္မတ မိုင်သရီပါလာ စီရီစေနာ သွားရောက်ခဲ့ပြီး ရေဘေးသင့် ပြည်သူတွေ သင့်တော်တဲ့ အထောက်အပံ့တွေနဲ့ အိမ်အသစ် ရစေမယ်လို့ အာမခံ ပြောကြားခဲ့ပါတယ်။ ဒီမြို့ဟာ ရေအောက် ဆယ်ပေကျော် နစ်မြုပ်ခဲ့တာပါ။ မေ ၂၈ ရက်နေ့မှာ ရေစကျလာပြီး ဒေသခံတွေလည်း သူတို့ အိမ်ပျက်တွေဆီ ပြန်စပြုနေပါပြီ။ မိုးလေဝသ သတိပေးချက်တော့ ဆက်ရှိနေပြီး ပုံမှန်ပြန်မဖြစ်ခင် လပေါင်းများစွာ အချိန်ယူရနိုင်ပါတယ်။ တရုတ်အစိုးရက သီရိလင်္ကာ ရေဘေး သက်သာရေးအတွက် ယွမ်ငွေ ၁၅ သန်းတန် အကူအညီတွေ ပေးဖို့ ကတိပြုထားပါတယ်။ ပါကစ္စတန်နဲ့ ကနေဒါတို့ကိုလည်း အကူအညီတွေ ကမ်းလှမ်းထားပါတယ်။ ရေပြန်အကျမှာ ဗိုင်းရပ်စ်နဲ့ ရောဂါတွေ ပြန့်ပွားမှာ ပိုစိုးရိမ်နေတယ်လို့ ဆေးဘက်အဖွဲ့အစည်းတွေက ပြောခဲ့ပါတယ်။
4 years Ago
Up