သီရိလင်္ကာတွင် အချုပ်ကားကို သေနတ်သမားများ ပစ်ခတ်၊ အနည်းဆုံး ၇ ဦး သေဆုံး

February 28, 2017

သီရိလင်္ကာတွင် အချုပ်ကားကို သေနတ်သမားများ ပစ်ခတ်၊ အနည်းဆုံး ၇ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော် အပြင်ဘက်မှာ ဖေဖော်ဝါရီ ၂၇ ရက်က အချုပ်ကားတစီးကို သေနတ်သမားတွေ ဝိုင်းပစ်ခတ်လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးသွားပါတယ်။ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အကျဉ်းသား ၅ ဦး သေဆုံးသွားခဲ့ပြီး ၉ ဦးကိုတော့ ဆေးရုံတင်ပို့ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နာမည်ကြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တဦးနဲ့ တခြားအကျဉ်းသားတွေကို တရားရုံးအပို့ လမ်းမှာ ဖြတ်ပြီး တိုက်ခိုက်ခံရတာပါ။ ပြိုင်ဘက်ရာဇဝတ်ဂိုဏ်း ၂ ဂိုဏ်းအကြား ပစ်ခတ်မှုလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုအပြီး သေနတ်သမားတွေ ထွက်ပြေးသွားကြပြီး ရာဇဝတ်ဂိုဏ်းခေါင်းဆောင်လည်း သေဆုံးသွားပါတယ်။ "သေနတ်ပစ်ခတ်သံတွေကို ဗျောက်ဖောက်သံတွေလို့ ထင်ခဲ့ပြီး နောက်တော့မှ အချုပ်ကား ၂ စီး ပစ်ခတ်ခံရတာတွေ့တယ်။ အချုပ်ကားထဲကလူတွေ အော်ဟစ်သံတွေကိုလည်း ကြားခဲ့ရတယ်" လို့ မျက်မြင်တဦးက ဆိုပါတယ်။ အခုလို ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို အချုပ်ကားတွေနဲ့ ပို့ဆောင်တဲ့အချိန် ဒီအဖြစ်မျိုး အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လက ကိုလံဘိုမြို့တော်မှာ အခုလို တိုက်ခိုက်မှုတခုအတွင်း ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတကြိမ်တိုက်ခိုက်မှုကတော့ ဒီနှစ်ပိုင်းအတွင်း လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုလို့ သတင်းက ဆိုပါတယ်။
4 years Ago
Up