သီရိလင်္ကာတွင်

June 2, 2017

သီရိလင်္ကာတွင် သောင်တင်ခဲ့သည့် ဝေလငါးအုပ်ကြီးကို ရေတပ်အကူဖြင့် ကယ်တင် (ရုပ်သံ)

သီရိလင်္ကာနိုင်ငံကမ်းခြေတခုမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး ကမ်းခြေပေါ် သောင်တင်ခဲ့တဲ့ ဝေလငါးအုပ်စုကြီးကို ရေတပ်အကူအညီနဲ့ ကယ်တင်ပြီး ပင်လယ်ထဲကို ပြန် လွှတ်ခဲ့ကြပါတယ်။ မိုရာဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်သွားခဲ့ပြီးနောက် မေလ ၃၀ ရက်နေ့မှာ ဆမ်ပါကျေးရွာ အနီး ရေတိမ်ကမ်းခြေတခုမှာ ဝေလငါးကောင်ရေ ၂၀ လောက်သောင်တင်နေခဲ့တာလို့ မေရာသတင်းမှာ ဇွန်လ ၁ ရက်နေ့က ဖော်ပြပါတယ်။ ရွာသားတွေနဲ့ ရေတပ်တာဝန်ရှိသူတွေဟာ သောင်တင်လာတဲ့ ဝေလငါးတွေကို ရေနက် ထဲရောက်အောင် ပြန်လည်တွန်းပို့ပေးခဲ့ကြရတာဖြစ်ပြီး သူတို့တွေဟာ ဘေးကင်းကင်းနဲ့  ပင်လယ်ထဲကို ကူးခတ်သွားကြသလားဆိုတာကို စောင့်ကြည့်နေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင် ထဲမှာ တွေ့ရပါတယ်။ “ဝေလငါးကြီးတွေ မနာကျင်မထိခိုက်စေဘဲ ရေနက်ထဲကို ပြန်တွန်းပို့ရတဲ့ အလုပ်က တော်တော့ကို အာရုံစူးစိုက်ပြီး လုပ်ရတဲ့အလုပ်တခုပဲ။ ဒါပေမယ့် ငါးကြီးတွေအားလုံး ရေနက်ထဲ ပြန်ရောက်သွားရင်တော့ ပျော်စရာပေါ” လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ သီရိလကာင်္နိုင်ငံထဲမှာ ဝေလငါးတွေ သောင်တင်လာတာမျိုးဟာ မြင်ရခဲပြီး ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့်ဟာ ခုလိုဖြစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ အဏ္ဏဝါဗေဒပညာရှင်တွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ပြီးခဲ့တဲ့သီတင်းပါတ်တုန်းက မိုရာမုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့ပြီး ရေကြီးတာတွေ၊ မြေပြိုတာတွေဖြစ်ခဲ့ကာ လူအမြောက်အမြား သေဆုံးပျောက်ဆုံးခဲ့ပါတယ်။ အခု ဝေလငါးတွေ အစုလိုက်အပြုံလိုက်သောင်တင်နေခဲ့တဲ့ သီရိလင်္ကာနိုင်ငံ အရှေ့ မြောက်ဘက်ကမ်းရိုးတန်းဟာ ဝေလငါးတွေ လင်းပိုင်တွေကို လာရောက်ကြည့်ရှု့ဖို့ ကျော်ကြားတဲ့ နေရာတခုဖြစ်ပါတယ်။
4 years Ago

April 16, 2017

သီရိလင်္ကာတွင် ပေ ၃၀၀ အမြင့် အမှိုက်ပုံကြီးပြိုကျ၊ ၁၆ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ဧပြီ ၁၅ ရက်နေ့က ကြီးမားတဲ့အမှိုက်ပုံကြီး ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပြီး အတော်များများ ပျောက်ဆုံးနေပါတယ်။ ပေ ၃၀၀ လောက်မြင့်တဲ့ အမှိုက်ပုံကြီး မီးစွဲလောင်ပြီးတဲ့နောက်မှာ တဖြည်းဖြည်းချင်းပြိုကျခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မိုးခြိမ်းသံလို အသံကျယ်ကြီးတွေ ကြားခဲ့ရပြီးတဲ့နောက် လူတွေအော်ဟစ်သံကို ကြားခဲ့ရတယ်၊ အဲဒီနောက် အနီးအနားရှိ နေအိမ်တွေပေါ် ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ အမှိုက်ပုံအနီးရှိ တဲအိမ် ၁၀၀ လောက်ပေါ် ပြိုကျခဲ့ပြီး လူဘယ်နှဦး ပိတ်မိနေသလဲဆိုတာ မခန့်မှန်းနိုင်ဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ တဲအိမ် ၁၄၅ လုံးလောက် ပြိုကျခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြိုကျတဲ့ အမှိုက်ပုံအောက် လူဘယ်နှဦး ပိတ်မိနေသလဲဆိုတာကိုတော့ ခန့်မှန်းပြောဆိုတာမျိုး မရှိပါဘူး။ အခုအခါ အသက်ရှင်လျက်ပိတ်မိနေသူတွေကို ကြိုးစားကယ်တင်နိုင်ဖို့အတွက် အာဏာပိုင်တွေက ဘူဒိုဇာမြေတူးစက်သုံးပြီး ရှာဖွေနေပါတယ်။ ဒီအမှိုက်ပုံကြီးကို နေရာပြောင်းရွှေ့ဖို့ အနီးအနားနေထိုင်သူတွေက အာဏာပိုင်တွေထံ တောင်းဆိုထားပြီး ပြောင်းရွှေ့ဖို့ စီစဉ်နေချိန်မှာ အခုလို ရုတ်တရက်ပြိုကျခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကလည်း အီသီယိုပီးယားနိုင်ငံမှာ ကြီးမားတဲ့အမှိုက်ပုံကြီး ရုတ်တရက်ပြိုကျပြီး လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up