သီရိလင်္ကာ

July 25, 2019

သီရိလင်္ကာတွင် ကန်ဒေါ်လာ ၂ သန်းခွဲတန်ဖိုးရှိ ကြီးမားသည့် နီလာကျောက် ပြသ

သီရိလင်္ကာနိုင်ငံက ကျောက်မျက်တနာ ကုမ္ပဏီတခုဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် တန်ဖိုးရှိတဲ့ ကြီးမားတဲ့ အပြာရောင် နီလာကျောက်တလုံးကို ထုတ်ဖော် ပြသလိုက်ပါတယ်။ အဲဒီနီလာကျောက်ဟာ အလေးချိန် ၃၃၂ ကာရက်ရှိပြီး တီအယ်ရှ် ကျောက်မျက်ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ မူလအရိုင်းတုံးဟာ အလေးချိန် ကာရက် ၂ သိန်းကျော်ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အလားတူ အရည်အသွေးမြင့် တန်ဖိုးကြီးတဲ့ ရတနာတွေကို ပြတိုက်တွေ ဘဏ်မြေအောက်ခန်းတွေမှာသာ တွေ့မြင်ရနိုင်ပေမယ့် ဒီနီလာကျောက်ကိုတော့ ကန်ဒီမြို့က တီအယ်ရှ် ကျောက်မျက်အရောင်းပြခန်းမှာ ထားရှိသွားမယ်လို့ ကုမ္ပဏီ ဒါရိုက်တာက ပြောပါတယ်။ သီရိလင်္ကာနိုင်ငံကထွက်တဲ့ အပြာရောင် နီလာကျောက်တွေဟာ ကမ္ဘာ့ကျောက်မျက်လောကမှာ ကျော်ကြားပါတယ်။
2 years Ago

June 10, 2019

အိန္ဒိယဝန်ကြီးချုပ် မိုဒီ သီရိလင်္ကာရှိ ဗုံးခွဲခံရသည့် ဘုရားကျောင်းသို့ သွားရောက်

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီဟာ ဇွန်လ ၉ ရက်နေ့က သီရိလင်္ကာနိုင်ငံကို ရောက်လာပြီး အီစတာပွဲတော်နေ့က ဗုံးခွဲခံရတဲ့ ကိုလံဘိုမြို့ စိန့်အန်တိုနီ ဘုရားကျောင်းကို သွားခဲ့ပါတယ်။ မိုဒီဟာ ဘုရားကျောင်းမှာ သေဆုံးသူတွေအတွက် ရည်စူးပြီး ပန်းခွေချ ဆုတောင်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဧပြီ ၂၁ ရက်က ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်ကြီးတွေမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ မိုဒီဟာ သီရိလင်္ကာနိုင်ငံကို ထောက်ခံအားပေးသွားမယ်လို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။ မိုဒီဟာ ဝန်ကြီးချုပ် ဒုတိယသက်တမ်း အနိုင်ရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ် ထွက်လာခဲ့တာဖြစ်ပြီး ဇွန်လ ၈ ရက်က မော်ဒိုက်နိုင်ငံနဲ့ ဇွန်လ ၉ ရက်က သီရိလင်္ကာနိုင်ငံကို ရောက်လာခဲ့တာပါ။ အကြမ်းဖက်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို ကျင်းပဖို့လည်း မိုဒီက တောင်းဆိုခဲ့ပါသေးတယ်။ မကြာသေးခင်က တရုတ်ဟာ သီရိလင်္ကာနဲ့ မော်ဒိုက်မှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ရင်းနှီးမြှုပ်နှံခဲ့ပြီး အထူးသဖြင့် ရေတပ်နဲ့ ဆက်ဆံရေး နီးကပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသတွင်း တရုတ်ရဲ့လွှမ်းမိုးမှု မြင့်တက်လာတာကို တုံ့ပြန်ဖို့ အိန္ဒိယက ကြိုးစားနေပါတယ်။ အိန္ဒိယဟာ တောင်အာရှဒေသတွင်း မဟာမိတ်တွေကို ဗဟိုပြုပြီး အိမ်နီးချင်းတွေက ပထမဆိုတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ပြိုင်ဘက် ပါကစ္စတန်နိုင်ငံနဲ့ ဆက်ဆံရေး နွေးထွေးတဲ့ လက္ခဏာကတော့ နည်းနည်းပဲရှိတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။
2 years Ago
More News
Up