သီယိုဟာနန်ဒက်ဇ်

A d v e r t i s e m e n t With Us

January 18, 2021

မီလန်ကစားသမား ကယ်ဟာနိုဂလူနှင့် သီယိုဟာနန်ဒက်ဇ်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ကစားသမား ၂ ဦးဖြစ်တဲ့ ဟာကန်ကယ်ဟာနိုဂလူနဲ့ သီယိုဟာနန်ဒက်ဇ်တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အေစီမီလန်အသင်းက ထုတ်ပြန်ကြေညာပါတယ်။  သူတို့ ၂ ယောက်ဟာ စနေနေ့မှာ လုပ်ခဲ့တဲ့ ဆေးစစ်မှုအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ တွေ့ခဲ့ရတာဖြစ်ပြီး အသင်းဘက်က ဒါကို သိသိချင်း တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။  ဒါပေမဲ့ သူတို့ ၂ ဦးစလုံးဟာ ရောဂါလက္ခဏာပြသခြင်းမရှိဘဲ ကျန်အသင်းလူစာရင်းမှာ ရောဂါကင်းရှင်းကြောင်း တွေ့ခဲ့ရတယ်လို့ မီလန်ဘက်က တနင်္ဂနွေနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပိုးတွေ့ကစားသမား ၂ ဦးဟာ အိမ်မှာပဲ သီးသန့်နေထိုင်နေရတာကြောင့် အသင်းအနေနဲ့ ဇန်နဝါရီလအတွင်း ကန်မယ့် အရေးကြီပွဲစဉ်တချို့မှာ သူတို့ကို လက်လွှတ်ရတော့မှာပါ။  “အဓိက ကစားသမား ၂ ဦးစလုံးကို လက်လွှတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဒီရာသီမှာ ဖြစ်လေ့ရှိတဲ့ အနေအထားပါ။ ပြဿနာတွေက အချိန်မရွေးရောက်လာနိုင်ပြီး ဒါကို အဆင်သင့်ဖြစ်နေရပါမယ်။ ခက်ခဲတဲ့အချိန်မှာ ကျနော်တို့ရဲ့ စွမ်းရည်တွေကို ၂ ဆ မြှင့်တင်ထားပါတယ်။ ဒါကို အသားကျနေပြီး အဆင်သင့်လည်း ဖြစ်နေပါတယ်။ ကစားသမားတွေကို လေ့ကျင့်ရေးမှာရော၊ ပွဲအတွင်းမှာပါ အဆင်သင့်ဖြစ်နေဖို့ မျှော်လင့်ပါတယ်။ ဒါဟာ မဖြစ်နေ ကျော်လွှားရမယ့်အရေးကြီတဲ့ အကြောင်းကိစ္စတွေပါ။ ဒါဟာ ကျနော်တို့အသင်းအတွက်ချည်းပဲလည်း မဟုတ်ပါဘူး။ ကျနော်တို့မှာ တောင့်တင်း၊ ညီညွတ်တဲ့လူစာရင်း ရှိနေတာကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ခံယူထားပြီးသားပါ” လို့ မီလန်အသင်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းလူစာရင်းမှာ မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်နဲ့ပတ်သက်လို့လည်း ပီအိုလီက အခုလိုပြောပါတယ်။  “အီဗရာက ကျနော်တို့အတွက် အရေးပါသူပါ။ သူ့ရဲ့တန်ဖိုးကို အားလုံးက သိပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကိုကျော်လွှားနိုင်ခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေမှာလည်း ရှိနေပါပြီ။ သူ မနက်ဖြန်ပွဲမှာပါဝင်ဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။” ပီအိုလီရဲ့ မီလန်အသင်းဟာ လက်ရှိစီးရီးအေ အမှတ်ပေးဇယားကိုဦးဆောင်ထားပြီး ဒီရာသီအတွင်း လိဂ်ပွဲတစ်ပွဲကိုသာ ရှုံးနိမ့်ထားပါသေးတယ်။ မီလန်အသင်းဟာ တနင်္လာနေ့မှာ ကတ်ဂလီယာရီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး လာမယ့်စနေနေ့မှာ အတ္တလန္တာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာလည်း မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ကိုပါအီတလီယာဖလား ကွာတားဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။
2 months Ago
Up